ဇူလိုင်၊ ၂၅
မိုးကုတ်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သလို အတွဲလိုက်ပစ် ဒုံးလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ တအောင်းတပ်မတော်(TNLA) က ဆိုပါတယ်။
မိုးကုတ်မြို့နယ်က တပ်စခန်းတွေကို TNLA ဘက်က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လအကြာ ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းမှာတော့ တပ်စခန်းအားလုံးကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
မိုးကုတ်မြို့ဟာ စစ်ကောင်စီရဲ့ လပခ လက်အောက်ခံတပ်ဖြစ်တဲ့ ခလရ ၇၈၊ ခလရ ၈၈နဲ့ ခလရ ၁၄၈ တို့ လာရောက်ထိုးစစ်ဆင် စခန်းချထားတဲ့မြို့ဖြစ်ပြီးတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း မိုးကုတ်မြို့TNLA က ဒုတိယသိမ်းပိုက်ရရှိတဲ့ မြို့ဖြစ်သလို လတ်တလောမှာတော့ အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်အနောက်ပိုင်းမှာရှိတဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး မိုးကုတ်အရှေ့ပိုင်းက တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်ပြီးတော့ တပ်စခန်းတွေအပြင် အကျဉ်းထောင်နဲ့ ရဲစခန်းသာမက အစိုးရဌာနဆိုင်ရာရုံးတွေကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာလို့ ဖော်ပြထားတာပါ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က Jet Fighter နဲ့ ၂၁ ကြိမ်၊ Y12 လေယာဥ်နဲ့ ၉ ကြိမ်၊ လက်နက်ကြီးနဲ့ ၇၈ ကြိမ်အပြင် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ 120 MM ၂ လက်၊ 60 MM ၁၁ လက်၊ 81 MM ၁ လက်၊ ငါးကြင်းမြီး ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဂျမ်းပါ ၁ စုံ၊ အတွဲလိုက်ဒုံး(၄လုံးတွဲ) ၁ လက်၊မိုင်း၊ခဲယမ်းမျိုးစုံ အများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်း ၃၀ ကျော် ရရှိခဲ့သလို လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ် စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက အရပ်ဖက်ကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် မိုးကုတ်ဒေသခံ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၉ ဦးသေဆုံးခဲ့ရပြီး ၅၉ ဦး ဒဏ်ရရှိခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း ၄ ကျောင်း လေယာဉ်ဗုံးစထိမှန်ပျက်စီးတာနဲ့ လူနေအိမ် ၂၉ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။







