ဇူလိုင်၊ ၂၅
၁၀၂၇ စစ်ဆင်ရေး ဒုတိလလှိုင်းနဲ့အတူ ဖော်ဆောင်တဲ့ စစ်ဆင်ရေးတွေမှာ မြို့ ၃ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MPDF)က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို (MPDF) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မနေ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့တုန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို MPDF နဲ့ TNLA တို့ဦးဆောင်တဲ့ မဟာမိတ်တွေက သိမ်းယူနိုင်ခဲ့တယ်ဆိုပြီး MPDF က ထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက် ဇူလိုင်လ ၁၇ ရက်နေ့မှာ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့ကို MPDF က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထပ်ထုတ်ပြန်ပါတယ်။
ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိလလှိုင်းနဲ့အတူ ဖော်ဆောင်တဲ့ စစ်ဆင်ရေးတွေမှာ MPDF ဟာ မဟာမိတ်တွေနဲ့ပူးပေါင်း တိုက်ခိုက်မှုအပါအဝင် တစ်လအတွင်း နောင်ချို၊ စဉ့်ကူး နဲ့ မိုးကုတ်တို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
မနေ့က သိမ်းနိုင်ခဲ့တဲ့ မိုးကုတ် မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာတော့ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက် မျိုးစုံ ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း TNLA က ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိတော့ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၀၉ ယောက်အထိသေဆုံးပြီး ၁၃၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။