ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် တခြားပြည်နယ်နဲ့ ပြည်ပရောက်နေတဲ့ မိသားစုဝင်တွေစိုးရိမ်ပူပန်၊ အရေးကြီးကိစ္စတွေအတွက် လူကြုံကနေတစ်ဆင့် ခက်ခက်ခဲခဲ စကားပါးနေရ

157

ဇူလိုင်၊၂၅

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်ထောက်နေတဲ့အတွက် မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ စိုးရိမ်ပူပန်နေရတယ်လို့ ပြည်တွင်းက တခြားပြည်နယ်နဲ့ ပြည်ပရောက်နေတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အခုလိုပြတ်တောက်နေတာကြောင့် အခြေအနေအမျိုးမျိုးအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြည်ပရောက်နေတဲ့ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရှိတာကြာတော့ စိုးရိမ်ပူပန်တာတွေရှိတယ်။ လောလောဆယ်က ကချင်ပြည်နယ်မှာ တိုက်ပွဲအခြေအနေ ဘယ်လိုဖြစ်လာမလဲ မသိဘူးဆိုတော့ နည်းနည်းစိုးရိမ်တယ်ပေါ့နော်။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

မြစ်ကြီးနားမြို့က မြို့တော်ခန်းမရှေ့နဲ့ MPT ရုံးအနီးမှာ MPT လိုင်း အနည်းငယ်သုံးလို့ ရတဲ့အတွက် အဲဒီအနီးအနားမှာ ဖုန်းလာဆက်တဲ့သူတွေ အများအပြားရှိနေပြီး လိုင်းမကောင်းဘူးလို့လည်း ပြောဆိုနေပါတယ်။

မြစ်ကြီးနားမြို့နေ မိသားစုနဲ့ တခဏအဆက်အသွယ်ရတဲ့ ရန်ကုန်မြို့နေ(မြစ်ကြီးနားမြို့ခံ) အမျိုးသမီးတစ်ဦးကတော့ ဖုန်းနဲ့အင်တာနက် မရတာကလွဲပြီး မြို့ပေါ်မှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေတယ်လို့ ပြောကြားလာကြောင်းလည်း လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။

လက်ရှိအချိန်အထိ မြစ်ကြီးနားမြို့အပါအဝင် တခြားမြို့နယ် အများပိုင်းမှာလည်း အင်တာနက်လိုင်းတွေနဲ့ MPT၊Ooredoo၊Mytel၊ ATOM ဖုန်းလိုင်းတွေမရသေးဘဲ ပြတ်တောက်နေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အရေးကြီးကိစ္စတွေအတွက် လူကြုံကနေတစ်ဆင့် ခက်ခက်ခဲခဲ စကားပါးနေရတယ်လို့လည်း ပြည်ပရောက်နေတဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခက်အခဲတွေက အများကြီးပေါ့နော်? အိမ်နဲ့အဆက်အသွယ်ရဖို့ကို ကိုယ်နဲ့ သိတဲ့သူရော မသိတဲ့သူရော ရနိုင်သလောက် စကားပါးရတယ်။ အဲဒီလိုပဲ အကူအညီ လိုက်ယူရတာပေါ့နော်။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်ကလည်း မြစ်ကြီးနားမြို့နဲ့ အခြားမြို့ အများစုကို ဆက်သွယ်ကြည့်ရမှာလည်း လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိပါဘူး။

ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ကချင်ပြည်နယ်က မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများပိုင်းမှာ MPT၊Ooredoo၊Mytel၊ ATOM ဖုန်းလိုင်းတွေနဲ့ အင်တာနက် ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပြီး ဒီကနေ့နဲ့ဆိုရင် ၅ ရက်မြောက် ရှိပြီဖြစ်ပြီး ဘာကြောင့်လိုင်းတွေပြတ်တောက်နေလဲဆိုတာတော့ တိတိကျကျ မသိရှိရသေးပါဘူး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here