ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြဌာန်းပြီး ညီညီညွတ်ညွတ်လက်တွဲဖော်ဆောင်ဖို့ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ တိုက်တွန်း

255

 

ဖေဖော်ဝါရီ၊၁

ဖက်ဒရယ်ဒီမိုကရေစီအရေး အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြဌာန်းပြီး ညီညီညွတ်ညွတ်လက်တွဲဖော်ဆောင်ဖို့ အိုးဘိုအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ မန္တလေးအိုးဘိုအကျဥ်းထောင်က နိုင်ငံရေး အကျဉ်းသူ/သားတွေကနေ အိုးဘိုကြေညာစာတမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတစ်ရပ်လုံးကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ပြီးတော့ လူအခွင့်ရေးချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်ပါးစေလက်ဝေခံတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့လည်း ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

အိုးဘိုကြေညာစာတမ်းဟာ နိုင်ငံရေးအကျဥ်းသူ/သားတွေ ဖြစ်ချင်တဲ့ သဘောဆန္ဒတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ် ကိုပြောပါတယ်။

“ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ အာဏာရှင်ယန္တရားကြီးကို ဖျက်သိမ်းပြီးတော့မှ ကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခု အမြန်ဆုံးပေါ်ပေါက်နိုင်ရေးပေါ့။ အဖွဲ့အစည်း အားလုံးက လိုအပ်တဲ့ညှိနှိုင်းမှု ဆွေးနွေးမှု တွေ့ဆုံမှုတွေ အမြန်ဆုံးပေါင်းစည်းဖို့ ကျွန်တော်တို့နိုင်ကျဉ်းဟောင်းတွေလည်း သဘာထားရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထိ မတရားဖမ်းဆီးခံရတဲ့ ပြည်သူ စုစုပေါင်း ၂၅,၉၃၁ ဦးရှိပြီးတော့ အဲဒီထဲက ၁၉,၉၉၃ ယောက် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၈,၆၅၆ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here