တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာ ၁၂ ရွာက ရွှေကူဒေသခံများ တုပ်ကွေးဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

262
မေ၊၈
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျေးရွာ ၁၂ ရွာက စစ်ဘေးရှောင်တွေဟာ တုပ်ကွေးစတင်ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ တိမ်းရှောင်နေသူတွေ ပြောပါတယ်။

ရာသီတုပ်ကွေးဖြစ်ပွားချိန် မရောက်သေးပေမဲ့ အသက် ၁၀ နှစ်အောက်ကလေးတွေကအစ တုပ်ကွေးဖြစ်ပွားနေပြီး အဓိက သောက်သုံးရေတွေကြောင့်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ခြင်ကိုက်တာမျိုးတွေ မရှိသေးပေမဲ့ ငှက်ဖျားကအစ ဖြစ်ပွားနေတယ်လို့ စီသောင်ကျေးရွာက တောတောင်ထဲတိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” ကူညီလို့ရတဲ့သူတွေကနေ ဆေးဝါးတွေလာပေး၊ ကူညီပေးတာတွေရှိရင်တော့ ကောင်းတာပေါ့” လို့ ဒေသခံအမျိုးသားက ပြောဆိုခဲ့တာပါ။

တောတောင်တွေထဲတိမ်းရှောင်နေတဲ့ ဒေသခံ တစ်သောင်း (၁၀,၀၀၀) ကျော်ဟာ လက်ရှိမှာတော့ ဆေးဝါးအတွက် တောတွင်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းကိုသာ မှီခိုအားထားနေကြရပြီး ဆေးဝါးလုံလောက်မှုတွေ မရှိကြဘူးလို့လည်း ဆိုပါတယ်။

ဆေးဝါးအကူအညီ မရရှိတဲ့အပြင် သွားရေးလာရေး ခက်ခဲမှုတွေကြောင့် ကုသဖို့ လက်လှမ်းမမီကြဘူးလို့လည်း တိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” အခြေအနေကောင်းရင်တော့ မြို့ထဲကို လာဝယ်နိုင်တာတို့ လာပြနိုင်တာတို့တော့ ရတာပေါ့။ ဒါပေမဲ့လည်း လမ်းခရီးလည်း ကြောက်နေရတာဆိုတော့ ဘယ်အချိန်ဘယ်လို ဖြစ်လာမယ်လို့ ပြောလို့က မရတော့လေ” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

တိမ်းရှောင်နေကြတဲ့ ဒေသခံတွေပြောပြချက်အရ ကူညီထောက်ပံ့တဲ့ NGO အဖွဲ့အစည်းတွေ ရောက်ရှိတာမျိုး မရှိသေးတာကြောင့် ရပ်မိရပ်ဖတွေနဲ့ အသင်းတော်တွေဘက်ကနေ စားဝတ်နေရေးကိုသာ ဦးစားပေးဖြေရှင်းပေးနေရပြီး ဆေးဝါးနဲ့ပတ်သက်လို့ လက်လှမ်းမမီနိုင်သေးဘူးလို့လည်း သိရပါတယ်။

တိမ်းရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်တွေ မရှိတော့တဲ့အတွက် ရွှေကူမြို့ပတ်ပတ်လည်က တောတောင်တွေထဲမှာ အဖွဲ့ခွဲပြီး နေထိုင်နေကြရတာပဲ ဖြစ်ပါတယ်။

ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA,PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး မတ်လ ၂၃ ရက်နေ့က စတင်ပြီးတော့ ရွှေကူမြို့နယ်အတွင်းမှာရှိတဲ့ ငှက်တံတားကျေးရွာထဲကို စစ်ကောင်စီစစ်ကြောင်းတွေ အင်အားသုံးဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီကနေ မြေပြင်ထိုးစစ်အပြင် လေကြောင်းနဲ့ပါတိုက်ခိုက်ခဲ့ပြီး ရွှေကူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက လူနေအိမ်မြောက်အများကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေဟာ လက်ရှိအချိန်ထိ နီးစပ်ရာဆွေးမျိုးတွေနဲ့ တောတောင်တွေဆီမှာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here