ဧရာဝတီမြစ်ဘေးမှာရှိပြီး ရေပြဿနာကြုံနေတဲ့ မြစ်ဆုံအထက်က တီယန်ဇွပ်ရွာ

130
မေ၊၉

“ဒီနှစ်က တော်တော် ခက်တယ်။ အရင်က ခက်ရင်လည်း ဒီလောက်မခက်ခဲဘူး။ ဒီနှစ်ကခက်တာ နံပါတ်တစ်ပဲ” လို့ အသက်၅၀ အရွယ် အမျိုးသမီးတစ်ဦးက သူ့ရွာထဲမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကြီးတစ်ခုကို ညည်းတွားပြောဆိုပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့နဲ့ မိုင် ၄၀ ကျော်လောက် ဝေးတဲ့ တီယန်ဇွပ်ဆိုတဲ့ ရွာလေးဟာ မြစ်ကြီးနား- ပူတာအို လမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ခရီးသွားပြည်သူတွေ ခရီးတစ်ထောက်နားတတ်တဲ့ နေရာတစ်ခုပါ။

အဲဒီကျေးရွာဟာ မိုးရာသီ၊ ဆောင်းရာသီအတွက်ဆိုရင် သောက်သုံးရေအတွက် စိုးရိမ်စရာ မရှိပေမဲ့ နွေရာသီရောက်လာပြီဆိုရင် နှစ်စဉ်နှစ်တိုင်းသောက်သုံးရေ အခက်အခဲ ကြုံတွေ့ရပါတယ်။

ရာသီဥတုအပြောင်းအလဲတွေကြောင့် ရွာထဲအထိ သွယ်တန်းယူတဲ့ ချောင်းတွေမှာ ရေတွေ ခန်းခြောက်သွားတဲ့အတွက် သောက်သုံးရေရရှိမှု ပြဿနာနဲ့ ရင်ဆိုင်နေကြရပြီး နေ့စဉ်ထမင်းချက်စားသောက်ဖို့အတွက် ချွေတာသုံးစွဲ နေရတယ်လို့ တီယန်ဇွပ်ရွာခံတွေက ပြောပါတယ်။

တစ်ရွာလုံးဟာ အင်ဘန်ချောင်းလို့ အမည်ရတဲ့ တောင်ပေါ်ချောင်းကနေ ရေသွယ်ယူပြီး အဲဒီ ပိုက်လိုင်းတစ်ခုတည်းကနေပဲ တစ်ရွာလုံးအဓိက မျှသုံးနေရတဲ့ အခြေအနေရှိတယ်လို့ တီယန်ဇွပ်ဒေသခံ ဒေါ်အရွယ်က ပြောပါတယ်။

“လူက အရမ်းများ၊ ရေပိုက်က တစ်ခုတည်း ချောင်းတစ်ခုကနေ ယူရတော့ အကုန်လုံး ရေအရမ်းခက်နေတယ်။ မနက် ၄ နာရီ ၅ နာရီ ထပြီး ပိုက်မဖွင့်ခင် သွားစောင့်ကြ။ တစ်ချို့ မထနိုင်တဲ့သူတွေက အိမ်နီးချင်း သူများ ရေလှောင်ထားတဲ့ သူတွေဆီ နည်းနည်း တောင်းသုံး၊ အဲဒီလိုလုပ်နေကြရတယ်။”လို့ ဒေါ်အရွယ်က ပြောပါတယ်။
နှစ်တိုင်းလိုလို မတ်လဆန်းရောက်လာပြီဆိုရင် ရေစတင်ခန်းလာလေ့ရှိတဲ့ တီယန်ဇွပ်ကျေးရွာဟာ သောက်သုံးရေ ရရှိဖို့အတွက် လုယူသုံးစွဲရတဲ့ အခြေအနေအထိ ရောက်ရလေ့ရှိပါတယ်။

အရင်နှစ်တွေက ရွာအလယ်မှာ စီးဆင်းနေတဲ့ ဂျီဖရန်ချောင်း (Ji Hprang hka)ကနေပါ ရေခပ်သုံးစွဲလို့ ရခဲ့ပေမဲ့ အရင်က ရေခန်းသွားတာမျိုးအထိ ဆိုးဆိုးရွားရွား မဖြစ်ခဲ့တဲ့ အဲဒီချောင်းဟာ အခုနှစ် ဧပြီလကနေ စတင်ပြီး ရေခန်းကုန်တာကြောင့် သုံးရေပိုခက်သွားတယ်လို့ ဒေါ်အရွယ်တစ်ယောက် စိတ်မကောင်းစွာနဲ့ ဆက်လက် ပြောပြလာပါတယ်။

“အရင်က အဲဒီလောက် မဖြစ်ဘူး။ ဒီနှစ်က အရမ်းခန်းသွားတာ။ “လို့ သူက ဆိုပါတယ်။
ဒေါ်အရွယ်တို့ တီယန်ဇွပ်ကျေးရွာမှာ ရေတွင်းတစ်ခုရှိပေမယ့် နွေရာသီရောက်ခဲ့ရင် နှစ်တိုင်း ရေခန်းသွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ရေတွင်း မလောက်ငှတာနဲ့ ရေဘုံဘိုင်တူးဖို့ မြေနေရာအခက်အခဲတွေကြောင့် ကျေးလက်ကနေ ပြုလုပ်ပေးထားတဲ့ တောင်ပေါ်ရေ သွယ်တန်းယူတဲ့ နေရာကနေပဲ တစ်ရွာလုံး ရယူနေရတဲ့အတွက် အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။

အဲဒီပိုက်လိုင်းတစ်ခုကနေပဲ မနက် ၆ နာရီကနေ ည ၆ နာရီအထိ တစ်ကြိမ်၊ ည ၆ နာရီကနေ မနက် ၆ နာရီအထိကတော့ ရေလှောင်ကန်မှာ သိုလှောင်ပြီး မနက်အစောပိုင်း လာရောက် ခပ်ယူသုံးစွဲရတယ်လို့လည်း သိရပါတယ်။
နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးရဲ့ပြောပြချက်အရ ရွာထိပ်ပိုင်းနဲ့ ရွာအောက်ဘက်ပိုင်း အချိန်ခွဲပြီး သုံးစွဲရတဲ့ အခြေအနေရှိနေပြီး ရေစီးဆင်းမှု အားနည်းသွားတဲ့အတွက် ညပိုင်း ရေလှောင်ကန်ထဲ ရေသိုလှောင်ထားဖို့အတွက် အချိန်မရှိသလောက်ပဲလို့ သိရပါတယ်။

ရွာအတွင်း သွယ်တန်းယူထားတဲ့ ပိုက်လိုင်းတွေထဲမှာ၂၀၁၆-၂၀၁၇ခုနှစ်က ပြုလုပ်ထားတဲ့ အင်ဘန်ချောင်းတစ်ခုတည်းသာမက ၂၀၁၈-၂၀၁၉ခုနှစ်က လုပ်ထားတဲ့ ၅၁မိုင်ချောင်း(ဒေသအခေါ်အဝေါ်အရ မိုင် မငါရှီးလငိုင်ခ)ပိုက်လိုင်း ကနေပါ သွယ်ယူတဲ့အပြင် ဂျီဖရန်ချောင်းနဲ့ ဂျခရာတူခ(Jahkra Tu hka) ကနေပါ နေ့စဉ်သောက်သုံးရေတွေအတွက် အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ချောင်းရေတွေ ခန်းသွားတဲ့အတွက် အင်ဘန်ချောင်း ရေပိုက်လိုင်းတစ်ခုကနေ အဓိက သုံးစွဲနေကြပြီး ဂျခရာတူခ( ရိုးရိုးရေပိုက်ခွေနဲ့ သွယ်ထားတဲ့နေရာ)ကနေပါ ရေအနည်းငယ် ထွက်ရှိနေသေးတဲ့အတွက် အဲဒီချောင်းကပါ ဒေသခံအချို့ ရယူသုံးစွဲနေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူအချို့ အဓိက ရယူသုံးစွဲရတဲ့ အင်ဘန်ချောင်းရေပိုက်လိုင်းကနေ သိုလှောင်ထားတဲ့ အလျား ၁၀ ပေ ၊ အနံ ၆ ပေ လောက်အမြင့်ရှိတဲ့ ရေလှောင်ကန်ထဲက ရှိတဲ့ရေကိုပဲ မနက်စောပိုင်း ၄ နာရီလောက်ကနေ အဲဒီ ရေလှောင်ကန်ကနေ တန်းစီခပ်ယူရတဲ့အထိ ဖြစ်နေပြီး တစ်ချို့ မနက်အစောပိုင်း ရေမရလိုက်သူတွေအနေနဲ့ အိမ်နီးချင်းတွေဆီ တောင်းယူ သုံးစွဲကြရတယ်လို့ သိရပါတယ်။

မနက်ခင်းအစောပိုင်း ရေလှောင်ကန်အနီး ရေခပ်သူတွေဟာ ရေပုံးကိုယ်စီနဲ့ လာထမ်းသူတွေအပြင် ဆိုင်ကယ်နဲ့ သယ်ယူသူတွေလည်းရှိပြီး တန်စီးစောင့်ဆိုင်းသူလူအယောက် ၅၀ လောက် ရှိတယ်လို့ ဒေါ်အရွယ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာထဲက ငွေကြေးတတ်နိုင်တဲ့ အိမ်ခြေ ၅၀ လောက်ကတော့ ရေပိုက်လိုင်း သီးသန့် သွယ်တန်းယူတာတွေရှိပြီး ရေလှောင်ကန်တွေပါ ရှိတဲ့အတွက် တချို့ ရေမရလိုက်သူတွေဟာ နီးစပ်ရာရေလှောင်ကန်ရှိတဲ့ သူတွေဆီ တောင်းယူ သုံးစွဲနေကြရတယ်လို့လည်း သိရပါတယ်။

မြစ်ဆုံအထက်ပိုင်းမှာရှိတဲ့ တီယန်ဇွပ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်လောက် ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်နေတဲ့ ရွာတစ်ခုလည်း ဖြစ်ပါတယ်။

ရွာနံဘေးမှာ ဧရာဝတီမြစ်ရှိပေမယ့် ရွာအထက်ဘက်တွေမှာ ရွှေတူးဖော်မှုတွေရှိတဲ့အတွက် မြစ်ရေနီတာတွေ ဖြစ်နေတဲ့အတွက်ကြောင့် ရေချိုး၊ အဝတ်လျှော်ဖို့အတွက်လောက်သာ အဆင်ပြေတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

တီယန်ဇွပ်ကျေးရွာအထက်က ကျေးရွာတွေအကုန်လုံး ရေပြဿနာ ကြုံတွေ့ရတာမျိုး မဟုတ်ပေမဲ့ တီယန်ဇွပ်ကျေးရွာနဲ့ ၉ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဇွပ်ခါးကျေးရွာမှာလည်း သောက်သုံးရေ ရရှိဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဇွပ်ခါးကျေးရွာမှာ အိမ်ခြေ ၁၆ ခုလောက်ရှိပြီး ရွာတွင်း ရေတွင်း ၃ ခုရှိတဲ့အထဲက တစ်ခုဟာရေခမ်းတဲ့အပြင် နောက်ထပ်တစ်ခုဟာလည်း မိသားစု တစ်စု သုံးဖို့အတွက်သာ လောက်တော့တယ်လို့ သိရပါတယ်။

ဇွပ်ခါးရွာ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ လက်ရှိ ရွာနဲ့ ပေ ၅၀၀ လောက်ဝေးတဲ့ ချောက်ဘက်ပိုင်းမှာ တူးထားတဲ့ ရေတွင်းတစ်ခုကနေပဲ အဓိက သုံးစွဲနေရတဲ့ အနေအထားရှိနေတယ်လို့လည်း သိရပါတယ်။
ရာသီဥတုပူပြင်းတာတွေကြောင့် ချောင်းရေတွေ ခန်းလာတဲ့အတွက် သောက်သုံးရေရရှိဖို့ ခက်နေတယ်လို့ နောက်ထပ် တီယန်ဇွပ် ဒေသခံအမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပါတယ်။

“သောက်ရေခက်တာက ဒီနှစ် နေအရမ်းပူတော့ ရေအကုန် ခမ်းတာ။ အောက်ဘက်ပိုင်းက ဆိုင်တန်းလည်းများ၊ လူလည်းများ၊ လူများပေမဲ့ ရေကမရှိ အဲဒီလိုဖြစ်တာ။”လို့ဆိုပါတယ်။

ရပ်ရွာအတွင်း နှစ်စဉ် သောက်သုံးရေအခက်ကြုံရတဲ့အတွက် သောက်သုံးရေ အလုံအလောက်ရရှိဖို့ ရွာကနေ ၆ မိုင်လောက်ဝေးတဲ့ ဖော့ဒွန်းချောင်းကနေ ရေသွယ်တန်းယူဖို့ သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာနကို ၂၀၂၂ခုနှစ် နှစ်ဝက်လောက်ကတည်းက စာတင်ထားတာ တစ်နှစ်နီးပါးရှိလာပေမယ့် လက်ရှိအချိန်အထိ အကြောင်းကြားလာတာမျိုး တစ်စုံတစ်ရာမရှိသေးဘူးလို့ ရပ်ရွာအကျိုး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

” ကျွန်တော်တို့ရွာကို ရေသွယ်တန်းပြီးမှ လုပ်ပေးနိုင်ရင် ဆောင်ရွက်ပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့။ ဆောင်ရွက်ပေးဖို့ တင်ပြထားတာ။”လို့ ဆိုပါတယ်။

တီယန်ဇွပ်ကျေးရွာဘက် သွားရောက်ကြည့်ရှုဖို့ စောင့်ကြည့်နေတဲ့ အခြေအနေရှိပြီး ရေခက်ခဲတဲ့ ဒေသတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ စာတင်တဲ့အခါ ဝန်ကြီးချုပ်ဆီ တိုက်ရိုက်စာတင်မှသာ အချိန်ကြန့်ကြာမှု မရှိမှာလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ကျွန်တော့်ဆီကို ဝန်ကြီးချုပ်ဆီ တိုက်ရိုက်တင်လိုက်တာ ပိုမြန်တယ်။ အဆင့်ဆင့်တက်နေရင် အရမ်းကြာတယ်။ တိုက်ရိုက်တင်လိုက်ရင် ကျွန်တော် ချက်ချင်း သွားစိစစ်ခိုင်းလို့ရတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရေခက်တဲ့ နေရာဒေသတွေကို ကူညီဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပြီး လက်ရှိ စစ်ရှောင်ပြည်သူတွေနေတဲ့နေရာတွေ၊ စစ်ရှောင်အရေး ပြန်လည်နေရာချထားရေး စခန်းတွေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နေရာတွေမှာ လက်လှမ်းမီသလောက် ဦးစားပေးလုပ်ဆောင်ပေးနေတယ်လို့လည်း ဝန်ကြီးချုပ်ဦးခက်ထိန်နန်ရဲ့ ပြောပြချက်အရ သိရပါတယ်။

တီယန်ဇွပ်ကျေးရွာဒေသခံတွေဟာ နှစ်စဉ်ရေခက်ခဲတဲ့ ပြဿနာကြုံနေရတဲ့အတွက် အဲဒီဒုက္ခကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကနေ ကူညီဆောင်ရွက်ပေးဖို့ကို မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here