ဇူလိုင်၊ ၂
ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီက ကချင်ပြည်နယ်က အရပ်သားပြည်သူ ၁၇ ကို သတ်ဖြတ်ခဲ့တယ်လို့ Kachin Human Rights Watch – KHRW ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
သေဆုံးသူတွေထဲ အများဆုံးက အမျိုးသားတွေဖြစ်ပြီး ၃ ဦးကတော့ အမည်မသိလက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာလို့ အစီရင်ခံစာက ဆိုပါတယ်။ အဲဒါကြောင့် စုစုပေါင်းသေဆုံးသူ ၂၀ ဦးအထိ ရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တာြဖစ်ပြီး အမည်မသိ လက်နက်ကိုင်အစုအဖွဲ့နဲ့ စစ်ကောင်စီက ပြည်သူတွေကို မတရားသတ်ဖြတ်မှုတွေကို ပိုမိုပြုလုပ်နေတာကို တွေ့ရှိရကြောင်း အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ဇွန်လ ၃ ရက်နေ့က ဖားကန့်ဒေသ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့်အရပ်သား ၂ ဦး သေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံးခင်းကျေးရွာအုပ်စုက ကျောက်မျက်ကုမ္ပဏီဝင်းတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ အချိန်မှာတော့ အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၆ ရက်နေ့မှာ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၄ ဦးအပါ အရပ်သား ၉ ဦးသေဆုံးပြီး လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖားကန့်မြို့ရှိ အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှရိခဲ့တယ်လို့ ဆိုထားပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး လုံးခင်းအုပ်စု ကဋေမှော်ကျေးရွာက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမည်မသိလက်နက်ကိုင်တစ်စုက ဇွန်လ ၁၆ ရက်နေ့မှာ လုံးခင်းကျေးရွာမှာ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၀ ရက်နေ့မှာလည်း မှော်စီစာကျေးရွာအရှေ့မုဒ်ဝမှာ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ၂၈ ရက်မှာ နောက်ထပ် ပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အကျဉ်းချုပ်အစီရင်ခံစာအရ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုတွေကို မတရားသတ်ဖြတ်တာတွေ ဆက်လက်ကျူးလွန်နေတဲ့အတွက် အောက်ပါအချက် ၆ ချက်ကို ပြုလုပ်သင့်ပြီလို့ အကြံပြုပြောကြားထားပါတယ်။
၁။ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ပိတ်ပင်ဖို့ ၊အရေးယူဆောင်ရွက်တာတွေ အမြန်ဆုံးပြုလုပ်ဖို့၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို တားဆီးနိုင်ဖို့အတွက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ ထိရောက်တဲ့ ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်သင့်ကြောင်း။
၂။ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့၊ အထူးအနေနဲ့ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ လူသတ်တာတွေ အများဆုံးဖြစ်ပွားတဲ့ ဒေသတွေမှာ လွတ်လပ်ပြီး တိကျတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး အမှန်တကယ်ဖြစ်ပျက်တာတွေကို ထုတ်ဖော်ကြေညာသင့်ကြောင်း။
၃။ ပြည်သူတွေဘေးကင်းရေးအတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံဖို့အတွက် ထိရောက်တဲ့ ကာကွယ်ရေးနည်းလမ်းတွေ၊ လူထုစောင့်ရှောက်ရေးစနစ်တွေ တိုးမြှင့်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ဖို့အရေးပေါ်လိုအပ်ကြောင်း။
၄။ အမည်မသိလက်နက်ကိုင် အဖွဲ့အစုတွေကို တားဆီးဖို့ နည်းလမ်းတွေ တည်ဆောက်ဖို့၊ ဒေသခံတွေကို မတရားသတ်ဖြတ်နေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့အစုတွေကို အရေးယူတားဆီးနိုင်ရေးအတွက် ဒေသခံအုပ်ချုပ်ရေး၊ နိုင်ငံတကာအဖွဲ့တွေ ပူးပေါင်းပြီး နည်းလမ်းတွေ တည်ဆောက်ဖို့လိုအပ်ကြောင်း။
၅။ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တကယ့်ရည်ရွယ်ချက်ကို စိစစ်ဖို့ ၊စစ်ကောင်စီကျင်းပနေတဲ့ “Peace Forum” ဟာ တကယ့်အဓိက ရည်ရွည်ချက်ဖြစ်သလား စိစစ်နိုင်ဖို့အတွက် အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လေ့လာတာတွေ ပြုလုပ်သင့်ပြီး ပြည်သူဆန္ဒမပါဝင်ဘဲ ရွေးကောက်ပွဲကျင်းပတာကို မထောက်ခံဖို့ သတိပေးသင့်ကြောင်း။
၆။ ဒုက္ခသည်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကူညီတာ ပိုမိုပြုလုပ်ဖို့ ၊ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အရေးပေါ်ကုသရေး၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့တာတွေနဲ့ လူမူစီးပွားရေး ကူညီတာတွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ကြောင်း- စတဲ့ အချက်တွေကို အကြံပြုထားတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံတကာစစ်ဥပဒေသတွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လုံးဝမလေးစားဘဲ ဆက်လက်ချိုးဖောက်နေဆဲ ဖြစ်ပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ထိရောက်တဲ့အရေးယူမှုမရှိဘဲ ဆက်လက်ပံ့ပိုးဆောင်ရွက်နေပါတယ်လို့လည်း ထောက်ပြပါတယ်။
စစ်ကောင်စီဟာ ဇွန်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတာဟာ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်သာ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သုံးသပ်ဖော်ပြထားပါတယ်။