မေ၊၁၉
မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဓာတ်ဆီပြတ်လပ်နေပြီ ဖြစ်ပြီး စက်သုံးဆီဆိုင်အများစုမှာလည်း ဓာတ်ဆီကို အကန့်အသတ်ဖြင့်သာရောင်းချနေသည့်အပြင် ပူတာအိုမြို့တွင်လည်း စက်သုံးဆီစျေးများ ပိုမိုမြင့်တက်နေကြောင်းသိရသည်။
“ကျွန်တော်တို့ဆိုင်က ဒီနေ့ကနေ 92ဓာတ်ဆီက ကုန်သွားလို့မရောင်းတော့ဘူး။ ရန်ကုန်ကနေလည်း မှာလို့မရတော့တဲ့ အခြေအနေကက ဖြစ်နေတာပေါ့။ မှာလို့ရရင်တောင့် တစ်လ နှစ်လလောက်တော့ကြာဦးမယ်ထင်တယ်။ တခြား ဒီဇာယ်တို့ ၊ 95 ဓာတ်ဆီတို့တော့ရပါသေးတယ်။ တခြားဆိုင်မှာတွေလဲ 92ဓာတ်ဆီဆို အကန့်အသတ်နဲ့ပဲရောင်းနေကြတာ။ ပေပါတို့၊ ဂါလံပုံးတို့နဲ့ဆိုမရောင်းပေးဘူးလို့သိရတယ်” ဟု မြစ်ကြီးနားမြို့တွင် ဆီပန့်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။
ယင်းအပြင် ပူတာအိုမြို့တွင်လည်း စက်သုံးဆီများပြတ်လပ်တာမျိုး မရှိသော်လည်း စျေးနှုန်းများ သိသိသာသာမြင့်တက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ပူတာအိုမြို့မှာက ဆီတော့မပြတ်သေးဘူး။ ဒါပေမယ့် ဆီစျေးတော့တက်နေတယ်။ ဓာတ်ဆီတစ်ပေပါစျေးတောင် ခြောက်သိန်းနီးပါးရှိနေပြီ။ တစ်လီတာဆို နှစ်ထောင့်ရှစ်ရာ အထက်ရှိနေတယ်” လို့ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့အတွင်း စက်သုံးဆီပန့်ဆိုင်များ သုံးဆိုင်ထက် မနည်း ဓာတ်ဆီပြတ်လပ်နေပြီး လွန်ခဲ့သည့် ဧပြီလအတွင်းကလည်း Facebook လူမှုကွန်ရက်စာမျက်နှာများတွင် စက်သုံးဆီပြတ်လပ်လာနိုင်သည် ဆိုသည့် သတင်းများပြန့်နှံ့ လာခြင်း ကြောင့် ပြည်သူများ စက်သုံးဆီ အလုအယက် ဝယ်ယူခဲ့ကြရသည်။







