ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် တွေ့ဆုံမေးမြန်းခြင်း

2616
Hkalam Samson KBC

နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားကို ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာစားပွဲ အတူတက်ရောက်ခဲ့ပြီး တရုတ်သံအမတ် မစ်စတာဟုန်းလျန်နဲ့လည်း သီးခြားတွေ့ဆုံခဲ့တဲ့ကေဘီစီဥက္ကဋ္ဌဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားပါတယ်။

အထက်ပါ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့စဉ်က ဘယ်လိုအကြောင်းအရာတွေကို ပြောဆိုဆွေးနွေး ဖြစ်ခဲ့သလဲ ဆိုတာနဲ့ လက်ရှိ ကချင်ပြည်နယ်မှာ ဝန်ကြီးသုံးဦး တာဝန်က ရပ်စဲခံရတာတွေ၊ မြစ်ဆုံရေအား လျှပ်စစ်ကိစ္စနဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အစရှိတဲ့ ကိစ္စတွေနှင့်ပတ်သက်ပြီး ကေဘီစီရဲ့ သဘောထားအမြင်တွေကို မေးမြန်းဖော်ပြလိုက်ပါတယ်။

ကချင်ပြည်နယ်နေ့ကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာစားပွဲမှာ တွေ့ဆုံမှုရှိခဲ့တယ်လို့ သိရတယ်။ ဆရာတို့အနေနဲ့ ဘာတွေများ ပြောဖြစ်ခဲ့ကြလဲ ခင်ဗျ။

ကျွန်တော့်အနေနဲ့ တရုတ်က မြစ်ဆုံရေအားလျှပ်စစ်ကို လုပ်ဖို့အတွက် တွန်းအားပေးနေတယ် ဆိုတဲ့အကြောင်း၊ နောက်တစ်ချက်က ပုဒ်မ၅၀၀ နဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့ ကချင်လူငယ် သုံးဦးရဲ့ကိစ္စကို စဉ်းစားပေးဖို့အတွက် ပြောဖြစ်ခဲ့ပါတယ်။  နောက်ပြီး စာလည်းပေးဖြစ်ပါတယ်

စာတစ်စောင်လည်း ပေးလိုက်တယ်ဆိုတော့  စာထဲမှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်လဲဗျ။

စာကိုကျတော့ ဒေါ်ဂျာဆိုင်းခေါန်တို့၊ ရှေ့နေအဖွဲ့ဖြစ်တဲ့ ဒေါ်ဒွဲဘူတို့ရေးပြီးမှ ကျွန်တော့်ကို ပေးခိုင်းလိုက်တော့ ကျွန်တော်ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်ကနေတစ်ဆင့် ပေးခိုင်းလိုက်တယ်။ သူတို့လည်း ပေးဖြစ်တယ်လို့ ပြန်ပြောပါတယ်။

ညစာစားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံကိန်းကိစ္စ၊ ထောင်ချခံခဲ့ရတဲ့ ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူတို့ ကိစ္စနဲ့ပတ်သက်ပြီး ပြောတော့ ဒေါ်အောင်ဆန်းစုကြည်ကဘယ်လို တုံ့ပြန်ပြောဆိုခဲ့ပါသလဲ။

သူကတော့ “ဟုတ်လား”ဆိုတာပဲ ဖြေပါတယ်။ ထမင်းစားချိန် ဆိုတော့လေ၊ ရှည်ရှည်ဝေးဝေးလည်း မပြောဖြစ်ဘူး။ သတင်း အချက်အလက်လောက်ပါပဲ။ နောက်ကိစ္စတစ်ခုအနေနဲ့ သူက ပုဒ်မ ၅၀၀ ကတော့ သူတို့လည်း ဘာမှလုပ်လို့မရဘူး လို့ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “စာလည်းပါတယ်၊ စာလည်း ပေးချင်ပါတယ်”ပြောတော့ သူ့ရဲ့ ဝန်ကြီးကိုပေးလို့ရပါတယ် ပြောတယ်။ ကျွန်တော်ကလည်း အစီရင်ခံတာပါ၊ သူတို့ လွတ်လာလို့ရှိရင်တော့ NLD အတွက်လည်း ကချင်လူထုတွေရဲ့ ယုံကြည်မှု တော်တော်ရှိသွားနိုင်တယ် ဆိုတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုအနေနဲ့ အခု လက်ရှိ ကချင်ပြည်နယ်မှာ ဝန်ကြီးသုံးဦးကို တာဝန်ကနေ ရပ်စဲလိုက်တယ်။ ဒီလိုဖြစ်ရပ်က ဒေါ်အောင်ဆန်းစုကြည်လာခဲ့တဲ့ ခရီးစဉ်နဲ့  ပတ်သက်နိုင်လား ခင်ဗျ။

အဲ့ဒီ နောက်ပိုင်းတော့ ကျွန်တော်လည်း သတင်းတော့ ကြားနေတယ်။ ဒါပေမဲ့ ဘယ်သူလဲ ဆိုတာတော့ မသိခဲ့ဘူး။ ခု မနေ့တစ်နေ့ကမှ ဝန်ကြီးသုံးဦး ဖြစ်မှန်းသိခဲ့တာပေါ့။ ဆိုတော့ ဒီမှာ ပြောဆိုတာတွေလည်း နားထောင်ကြည့်တော့ ဘာမှ အကြောင်းအရာခိုင်လုံမှု မရှိဘဲ ဖြစ်သလားပေါ့၊ ဒါကိုကျွန်တော်တို့လည်း နားမလည်ဘူး။ သို့သော် လူထုရဲ့ အမြင်မှာတော့  ကျွန်တော်တို့ ဒီ အစိုးရလက်ထက်မှာ ကချင်က ဝန်ကြီးအဆင့်မှာ သူတစ်ယောက်တည်း ပါတော့။ သူပြန်ဖြုတ်ခံရတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး၊ အကြောင်းခိုင်လုံရင်တော့ မလိုပါဘူး။ အကြောင်း မခိုင်လုံဘဲနဲ့တော့ ဒီလိုအထက်က အာဏာနဲ့ ဖြုတ်ချတာတော့ မကောင်းဘူးပေါ့ဗျ။ ဒီလိုဒီမိုကရေစီ ခေတ်မှာ ဦး Hလအောင် ပြောပြချက်အရတော့ သူ့ကို ဝန်ကြီးက နုတ်ထွက်ဖို့ ပထမဆုံးပြောတယ်။ နောက်တစ်ခါ သမ္မတအထိ ဖုန်းဆက်ခိုင်းတယ်ဆိုတော့၊ အဲ့ဒီကနေ တိုင်ကြားတာ စဖြစ်နိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုက များနေသေးတယ် ဆိုတာတော့တွေ့ရတာပေါ့။ ဒီမိုကရေစီ အသွင် မဆောင်သေးဘူး။ နောက်ဖက်ဒရယ် စနစ်လည်း မပီပြင်တဲ့ လုပ်ဆောင်ချက်တွေပေါ့။

လူမှုရေးဝန်ကြီး ထုတ်ပယ်ခံရတာကရော စစ်ရှောင်အရေးတွေနဲ့ ပတ်သက်နိုင်လားခင်ဗျ။

လူမှုရေးဝန်ကြီးကတော့ သူ လူထုကို စကားပြောတာတွေက ဟို သိပ်အဆီအငေါ်မတည့်ဘူး။ ပြီးစလွယ် ပြောတာများတာပေါ့။ ဆိုတော့ အထူးသဖြင့် စစ်ရှောင်နဲ့ပတ်သက်ပြီးမှတော့ သူက ဘာမှ သဘောပေါက် နားလည်ခြင်းမရှိဘူး ဆိုတာတွေ့ရတာပေါ့။

စစ်ရှောင်တွေ နေရပ်ပြန်ရေးမှာ တချို့ပြန်နိုင်ပြီလို့ ကြားတယ်။ ဒီအပေါ်မှာ KBC က ဘာများ ပြောချင်ပါသလဲ။

မကြာခင် ကေအိုင်အေနဲ့ မြန်မာ့တပ်မတော်နဲ့ တွေ့ဆုံပြီးမှ သူတို့ရဲ့ လက်မှတ်ထိုးမှုအပေါ် မူတည်ပြီး ဘယ်နေရာ ဘယ်ဒေသတွေက ပြန်လို့ရမယ်ဆိုတဲ့ လုံခြုံမှုရှိတဲ့နေရာတွေမှာ သူတို့ သတ်မှတ်လာလို့ရှိရင် ကျွန်တော်တို့ ပြန်ပို့ဖို့တော့ စီစဉ်ထားပါတယ်။

တကယ်ရော နေရပ်ပြန်လို့ရပြီလား၊ ပြန်ရင်ရော သူတို့ရွာတွေမှာ လုံခြုံစိတ်ချမှု ရှိနေပြီလား။

တချို့နေရာတွေတော့ ပြန်ဖို့ အဆင်ပြေတဲ့နေရာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့နေရာကတော့ မဖြစ်သေးဘူး။ IDPs တွေ နေရပ်ပြန်ရေးမှာတော့  နယ်စပ်မှာ နေတဲ့သူတွေရော ဒီဘက်မြို့ပေါ်မှာ နေတဲ့သူတွေရော အတူပြန်မှဖြစ်မှာ တစ်ဘက်ပဲ ပြန်ရင်တော့ မဖြစ်ဘူး။

စစ်ရှောင် နေရပ်ပြန်ရေးအပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ KBC တို့ ဘာများပြောထားတာ ရှိပါသလဲ။

မြောက်ပိုင်းတိုင်းနဲ့တော့ ကျွန်တော်တို့ တခြားဘာမှပြောထားတာ မရှိပါဘူး .. သူတို့နဲ့တော့။

နောက်ပြီး ဒီဇင်ဘာလကုန်ပိုင်းလောက်က မြစ်ကြီးနားကို လာခဲ့တဲ့ တရုတ်သံအမတ်နဲ့ ဆရာတို့ ကေဘီစီနဲ့ သီးသန့်တွေ့ဆုံခဲ့တယ်လို့သိရတယ်။ ဘာတွေများပြောဖြစ်ခဲ့ကြပါသလဲ။ ဆရာက အခုလိုပြောပါတယ် ဆိုပြီး သူတို့ ထုတ်ပြန်ချက်မှာပါတဲ့ အကြောင်းအရာတွေကရော အမှန်ပဲလား ခင်ဗျ။

သူရဲ့ အစီရင်ခံစာ၊ သဘောထားတော့ သူ့ရဲ့ထင်မြင်ယူဆချက်မှာတော့ ဒေသခံလူထုတွေ မကန့်ကွက်ပါဘူးဆိုတာတော့ သူ့ရဲ့ထင်မြင်ယူဆချက်ပေါ့၊ သူက အဲ့လိုရေးထားတော့ အောက် မြန်မာပြည်က လူတွေက တော်တော် ပြန်ပြီးတစ်ခေါက် ပြန်နိုးထလာတာပေါ့၊ ဆိုတော့ ကျွန်တော်ကတော့ တရားဝင်စာနဲ့ KBC က ကန့်ကွက်တယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့အချိန်မှာတို့၊ တစ်နှစ်တစ်ခါ ဆုတောင်းပွဲ ပြုလုပ်တဲ့ အချိန်မှာတို့ကတော့ ကျွန်တော်တို့ KBC က ဦးဆောင်ပြီး လုပ်တာတော့ မရှိဘူး။ CSO တို့ကပဲ ဦးဆောင်ပါတယ်လို့ပြောခဲ့တယ်။ ပါတီတွေနဲ့တွေ့တဲ့အချိန်မှာလည်း လူထုသဘောတူရင် ကျွန်တော်တို့ မကန့်ကွက်ဘူးဆိုတာတွေ ပြောမှာပေါ့၊ ဒါတွေကို ခြုံပြီးပြန်ပြောရင် ဒေသခံတွေက မကန့်ကွက်ဘူး ဆိုတာကို ထင်မြင်ယူဆချက်ရေးလိုက်တယ်လို့ ခန့်မှန်းတယ်။

ဒီလိုအခြေအနေမှာ လက်ရှိအစိုးရလက်ထက်မှာ ဒီ မြစ်ဆုံစီမံကိန်းကို ပြန်ပြီး လုပ်ဆောင်လာနိုင်လား။ ဘယ်လိုမြင်လဲ ခင်ဗျ။

သူတို့ (တရုတ်သံအမတ်)ပြောတာက ဒေါ်အောင်ဆန်းစုကြည်က သူအတိုက်အခံတုန်းကတော့ (မြစ်ဆုံစီမံကိန်းကို) ကန့်ကွက်ခဲ့ပေမယ့် အခုအစိုးရဖြစ်လာတဲ့ အချိန်မှာတော့ သူက အမြင်ပြောင်းသွား တယ်ဆိုတာတော့ သူ(တရုတ်သံအမတ်) ထည့်ပြောပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျ။

Salai မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here