ကချင်တစ်ကျော့ပြန်တိုက်ပွဲ ၁၃ နှစ် တိုင်ခဲ့ပေမဲ့ စစ်ရှောင်ဦးရေ တိုးနေဆဲ

44
ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲ ၁၃ နှစ်ပြည့်

 

ဇွန်၊၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ၁၃ နှစ်ပြည့်ပြီဖြစ်ပြီး စစ်ရှောင်ဦးရေ လျော့မသွားဘဲ ၁၆၀,၀၀၀ လောက်အထိ ရှိလာခဲ့ပါပြီ။

တိုက်ပွဲစတင်ခဲ့တဲ့၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်းမှာ(KIO ထိန်းချုပ်ဧရိယာအပါ) စစ်ရှောင်လူဦးရေဟာ ၁၆၀,၀၀၀ နီးပါး (၁၅၉,၄၀၀) အထိရှိသွားပြီလို့ UNHCR ကထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်ပြီး အခုနှစ် မတ်လက ထုတ်ပြန်တဲ့ UNHCR ရဲ့ စာရင်းမှာတော့ကချင်ပြည်နယ်အတွင်းမှာ စစ်ရှောင်ဦး‌ရေ ၉၂,၄၆၉ လောက် ရှိခဲ့ပါတယ်။

အထက်ပါစာရင်းတွေအရ မတ်လပထမအပတ်က KIA ရဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းကို ထိုးစစ်စတင်လိုက်တဲ့အချိန်ကစပြီး ၂ လလောက်အတွင်းမှာ စစ်ရှောင်ဦးရေ ၆၅,၀၀၀ ကျော်(၆၆,၉၃၁) လောက်အထိကို တိုးလာခဲ့တာပါ။ အဲဒါကြောင့် လက်ရှိအချိန်မှာတော့ စစ်ရှောင်ဦးရေဟာ ၁၆၀,၀၀၀ နီးပါး အထိကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်အကြာမှာတော့ ဝိုင်းမော်- လိုင်ဇာ လမ်းပေါ်က နမ်ဆန်ယန်ကျေးရွာက ဒေသခံတွေနေရပ်ပြန်ခဲ့ကြပြီး ၁၁ နှစ်အကြာမှာတော့ ဒဘတ်ယန်ကျေးရွာ ဒေသခံတွေ နေရပ်ပြန်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က ကဇူးယန်နဲ့ ဂါးရာယန်ကျေးရွာသာမက မြစ်ကြီးနား – ဆင်ဘိုလမ်းပေါ်က မလိဆွတ်ယန်ကျေးရွာက ဒေသခံတွေလည်း မိမိဒေသကို နေရပ်ပြန်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ စစ်ကောင်စီကနေ လိုင်ဇာနဲ့အနီးဆုံးရွာဖြစ်တဲ့ နမ်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် နမ်ဆန်ယန်ကျေးရွာက ဒေသခံတွေသာမက ဒဘတ်ယန်၊ ကဇူးယန်နဲ့ ဂါးရာယန်ဒေသခံတွေသာမက နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ခြမ်း၊ ဗန်းမော်လမ်းတစ်လျှောက်က ကျေးရွာတွေလည်း တစ်ဖန်ပြန်လည် တိမ်းရှောင်ခဲ့ရပြန်ပါတယ်။

ဒီနှစ် ၂၀၂၄ ခုနှစ်ဟာ ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်လာမယ်လို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်လဘန်လက နှစ်သစ်မိန့်ခွန်း ပြောကြားပြီးတဲ့နောက်ပိုင်း ကချင်နဲ့ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီးတော့ ထိုးစစ်တွေ စတင်ခဲ့တာပါ။

အဲဒီနောက် မတ်လ ၇ ရက်နေ့မှာတော့ KIA က ဝိုင်းမော် -လိုင်ဇာ- ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီစခန်းတွေ မရှိသလောက် ဖြစ်သွားပါပြီ။

ဒါ့အပြင် တစ်ချိန်တည်းမှာပဲ မြစ်ကြီးနား- ပူတာအိုလမ်းတစ်လျှောက်၊ ဖားကန်-စတဲ့ ဒေသဘက်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ KIA က ဖားကန့်တာမခန်ဒေသကို ထိန်းချုပ်ထားသလို ဆွမ်ပရာဘွမ်မြို့ကိုလည်း ထိန်းချုပ်ထားတဲ့အပြင် လက်ရှိအချိန်ထိ ကချင်နဲ့ရှမ်းမြောက်က မြို့ပေါင်း ၅ မြို့ကို သိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၁၀၀ လောက်ကိုလည်း သိမ်းပိုက်ထားပြီးပါပြီ။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်-လိုင်ဇာလမ်းကို ဒုတိယအကြိမ် KIA က တိုက်ခိုက်ပါတယ်။ အဲဒီလမ်းက စစ်ကောင်စီစခန်းအားလုံးသိမ်းလိုက်ပြီး တိုက်ပွဲဟာ ဝိုင်းမော်မြို့ပေါ်နဲ့ နီးနီးကပ်ကပ်ကို ရောက်ရှိနေပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း ၂၀၁၁ ခုနှစ်ကနေ ဒီကနေ့အထိ ဒေသအသီးသီးကနေ ရောက်ရှိလာကြတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်းကတော့ ၃,၀၀၀ ကျော်ရှိပြီး ဒီနှစ် ၂၀၂၄ ခုနှစ် မတ်လကနေ မေလအတွင်း တိမ်းရှောင်ကြတဲ့ ထပ်တိုးစစ်ရှောင်အိမ်ထောင်စုဟာ ၁,၅၀၀ စုရှိတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဆီက သိရပါတယ်။

တစ်ပြည်နယ်လုံးက စစ်ရှောင်တွေဟာ အကူအညီတွေများစွာ လိုအပ်နေပြီး အဓိက နေထိုင်စားသောက်ရေးအတွက် လိုအပ်နေတာပါ။

လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဟ ရပ်တန့်နိုင်ချေ မရှိသေးတာကြောင့် တစ်ပြည်နယ်လုံးက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေဟာ မိမိနေရပ်ဒေသပြန်ဖို့ မျှော်လင့်ချက်မဲ့နေရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here