မြစ်ကြီးနား၊ ဇွန် ၂၁
၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မေလကုန်အထိ စာရင်းများအရ ကချင်ပြည်နယ်တွင်းရှိ ခရိုင်သုံးခုအနက် မြစ်ကြီးနားခရိုင်သည် တရားမဝင် သစ်ထုတ်လုပ်မှု အများဆုံးခရိုင်တစ်ခုဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြစ်ကြီးနား ခရိုင်တွင် သစ် တန်ပေါင်း ၁၆၅၂ ဒသမ ၀၄၃၅ တန်၊ ဖမ်းဆီးရမိသော အမှုပေါင်း ၁၂၃၊ ဗန်းမော်ခရိုင်တွင် သစ် တန်ပေါင်း ၇၇ ၁ ဒသမ ၀၂၁၈ တန်၊ အမှုပေါင်း ၁၀၀၊ ပူတာအိုခရိုင်တွင် ၁၂၀ ဒသမ ၇၄၈၀ တန်၊ အမှု ၃ မှုတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ပြည်နယ်သစ်တောဦးစီးဌာနမှ ပုဂ္ဂလိက တရားဝင်သစ်ထုတ်လုပ်ခွင့် ပြုမထားကြောင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုတွေ့ရှိပါက ဖမ်းဆီးအရေးယူမှု စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။
“သစ်တောဦးစီးဌာန အနေနဲ့က ခရိုင်သုံးခရိုင်အနေနဲ့ပဲ ကိုင်တယ်။ အဲ့မှာ မြစ်ကြီးနားခရိုင်က ဝိုင်းမော်ဘက်က အများဆုံးပဲ။ သစ်ကိုတွေ့ရင်တွေ့တဲ့ သစ်ပိုင်ရှင်က တရားဝင် သစ်ပိုင်ဆိုင်ကြောင်း လုံလောက်တဲ့ သက်သေအထောက်အထား တင်ပြရမှာပေါ့။ သူ့မှာ တင်ပြနိုင်ခြင်းမရှိဘူးဆိုရင် တရားမဝင် သစ်ထုတ်လုပ်တာပဲ”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်း အလွန် များပြားနေပြီး ယင်းပြုန်းတီးမှုကို ထိန်းသိမ်းရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ သစ်တောမြေ၊ အခြားမြေ အသုံးချမှုများ လျော့နည်းအောင် တားဆီးကြစေလိုကြောင်း ဦးခင်မောင်ဦးက ပြောသည်။
“ဒီ သစ်တောပြုန်းတီးမှုနှုန်းကို ကျွန်တော်တို့ ထိန်းနိုင်ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် သစ်တော ပြုန်းတီးမှုနှုန်းက ဆက်မြင့်သွားမယ်ဆိုရင် တစ်ချိန်မှာ ကျွန်တော်တို့ အန္တရာယ် ဖြစ်နိုင်ပါတယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၁၈၇ ဒသမ ၈၈၃၆ တန် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။
Ann/Benadeth