ကချင်ပြည်နယ်အတွင်း သတင်း အချက်အလက် လျှင်မြန်စွာ ရရှိနိုင်ရေးအတွက် စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကြီးမှူး၍ ကချင်ပြည်နယ်အခြေစိုက် သတင်းသမားများနှင့် မဏ္ဍိုင် ၃ ရပ်တို့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ကချင်ပြည်နယ် အခြေစိုက် အထက်ပါ မဏ္ဍိုင် ၃ ခုသို့ သတင်းသမားများမှ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့်၊ ဥပဒေပြုရေးမဏ္ဍိုင်များမှ သတင်းထုတ်ပြန်ရာတွင် ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ရေးစသည့် အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ အင်မတန်အရေးကြီးကြောင်း၊ မဏ္ဍိုင် ၃ ရပ်အား ထိန်းချုပ်သည့်နေရာတွင် အပြုသဘောဆောင်ပြီး ထောက်ပြမည်ဆိုပါက ပိုမိုတည့်မတ်စွာ ရပ်တည်နိုင်မည် ဖြစ်ကြောင်းနှင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်တိကျသည့် သတင်းများကို ပြည်သူလူထုထံချပြစေလိုကြောင်း ပြောကြားခဲ့သည်။
“ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ အဓိကက ငြိမ်းချမ်းရေးဖြစ်တယ်။ ဒီလိုအဓိကဖြစ်တယ်ဆိုတာကို ပြည်သူတွေသိအောင် မီးမောင်းထိုးပြနိုင်တာ စတုတ္ထမဏ္ဍိုင်ပဲဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်တည်ထောင်ဖို့ ဘာတွေက အခက်အခဲဖြစ်နေတယ်။ ဘာတွေက အတားအဆီးဖြစ်နေတယ် ဆိုတာတွေကလည်း သတင်းမီဒီယာကပဲ မီးမောင်းထိုးပြနိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်မှ ရှင်းပြသည်။
တက်ရောက်လာသည့် သတင်းမီဒီယာသမားများမှ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် တောင်းဆိုမှုများနှင့် အခက်အခဲများ တင်ပြရာတွင်သတင်းဋ္ဌာနများအား ခွဲခြားဆက်ခံမှုပြုခြင်း၊ သတင်းများမှ သတင်းရေးသားပြီးချိန်တွင် ပြန်လည်ပြသပေးရန် ဋ္ဌာနဆိုင်ရာများမှ စေခိုင်းခြင်း၊ အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက တိကျစွာ သတင်းထုတ်ပြန်ပေးနိုင်ရန်၊ အစိုးရအဖွဲ့၏ စီမံချက်အသစ်များအား မီဒီယာများကို ချပြပေးရန်၊ လုံ/နယ်ဝန်ကြီးဋ္ဌာနမှလည်း ပြန်ကြားရေးထားရှိပေးရန်၊ အကျဉ်းထောင်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ထားရှိပေးရန်၊ ဋ္ဌာနဆိုင်ရာများမှ သတင်းအချက်လက်တောင်းယူရာတွင် တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ သတင်းအချက်အလက် ရယူရာတွင် ကြိုတင်စာတင် စေခိုင်းခြင်း၊ အစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် အချိန်လုံလောက်စွာပေးရန်နှင့် သတင်းစာ ရှင်းလင်းပွဲများကို ခပ်စိပ်စိပ်ပြုလုပ်ပေးရန် စသည်တို့ကို တင်ပြတောင်းဆိုခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည် ဖြေကြားပေးရာတွင် အစိုးရအဖွဲ့များနှင့် ဋ္ဌာနဆိုင်ရာများတွင် ပြောရေးဆိုခွင့်ရှိသူများ ထားရှိပေးထားကြောင်း၊ ရေးသားပြီးသည့် သတင်းများ ပြန်လည်ပြခိုင်းစေခြင်းမှာ အချက်အလက်မှားယွင်းမှာ စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ သတင်း မီဒီယာများအား ခွဲခြား ဆက်ဆံခြင်းမရှိကြောင်း၊ သတင်းမီဒီယာကောင်စီမှ အသိမှတ်ပြုထားသည့် မည်သူကိုမဆိုမခွဲခြားကြောင်း၊ မိမိတို့အစိုးရမှ မှားယွင်းပါကလည်း မီဒီယာမှ ဖော်ပြနိုင်ကြောင်း၊ သတင်းစာရှင်းလင်းပွဲကျင်းပနိုင်ရန် ကြိုတင် ညှိနှိုင်းစေလိုကြောင်း၊ အစိုးရ ခရီးစဉ်များတွင် လည်း လိုက်ပါသတင်းရယူနိုင်ကြောင်း ဝန်ကြီးချုပ်ကိုယ်တိုင် ဖြေကြားပေးခဲ့သည်။
ဆက်လက်ပြီး ဥပဒေပြုရေး မဏ္ဍိုင်ကို ဆက်လက်မေးမြန်းရာ လွှတ်တော်ဝက်ဘ်ဆိုဒ် Update မဖြစ်ခြင်း၊ လွှတ်တော်တွင်း ပြန်ကြားရေးတာဝန်ခံ ထားရှိပေးရန်၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအား မေးခွန်းမေးမြန်းနိုင်ရန် ပြောရေးဆိုခွင့်ရှိသူထားရှိပေးရန်၊ လွှတ်တော်အစည်းအဝေး မေး/ဖြေ အချက်အလက်များအား ထုတ်ပြန်ပေးရန်၊ လွှတ်တော်အစည်းအဝေးပြီးချိန်တွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။
ယင်း မေးခွန်းများအတွက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခိန်နန်ဖုန်(ခ) ခန်လင်မှ ဖြေကြားပေးရာတွင် လွှတ်တော်ပြင်ပ သတင်းယူရာတွင် မိမိနှင့်တကွလွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က ခွင့်ပြုပေးထားကြောင်း၊ လွှတ်တော် ဝန်ထမ်းများအနေဖြင့် မည်သည့်အတွက် မပေးသည်ကို မေးမြန်းသွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာများတောင်းဆိုရာတွင် အဖြေမထွက်သေးသည့် အရာများ အတွက် စိုးရိမ်ရကြောင်း၊ လွှတ်တော်မှ အတည်မပြုသေးသည့် အရာများအား ထုတ်ပေးနိုင်ခြင်း မရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်များ Update မဖြစ်ခြင်းဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊ လွှတ်တော်အစည်းအဝေးပြီးတိုင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်မှာလည်း လွှတ်တော်ကိုယ်စားလှယ်များ အများစုသည် နယ်ဝေးမှလာရောက်ခြင်း ဖြစ်သည့်အတွက် စုစည်းရန်မှာ မလွယ်ကူကြောင်း၊ မဏ္ဍိုင် ၃ ရပ်နှင့် တွေ့ဆုံပွဲလုပ်သည့် အခါမှသာ အကောင်းဆုံးဖြစ်ကြောင်း၊ မီဒီယာမှ မေးမြန်းလာသည့် မေးခွန်းများအား ဖြေကြားပေးရန်လည်း လွှတ်တော် ကိုယ်စားလှယ်များကို ပြောကြားထားကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား မေးမြန်းနိုင်ရန်အတွက်လည်း တာဝန်ခံ ဖြေကြားပေးမည့်သူ ထားရှိပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
တရားရေး မဏ္ဍိုင်နှင့် ပတ်သက်ပြီး မီဒီယာများမှ တရားရုံး ပရဝုဏ်များတွင် သတင်းဓါတ်ပုံနှင့် ဗွီဒီယိုရိုက်ခွင့်ရရန် ခက်ခဲခြင်း၊ တရားရုံးများတွင် ပြောရေးဆိုခွင့်ရှိသူ ထားရှိပေးရန်၊ တရားရုံးများတွင် ဝန်းရံသူနှင့် သတင်းသမားများအား ခွဲခြားသိရှိနိုင်ရန်၊ တရားရုံးတွင် သတင်းမေးမြန်းနိုင်မည့် ဆက်သွယ်ရန်ဖုန်း ထားရှိပေးရန် တောင်းဆိုခဲ့ကြသည်။
ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာမှ တရားရုံးပရဝုဏ်အတွင်း ဓါတ်ပုံရိုက်ခွင့်ရှိကြောင်း၊ တရားရုံးမှ ထုတ်ပြန်သင့်သည် အမှုများအား ထုတ်ပြန်ဖြေကြားပေးနေကြောင်း၊ သက်ဆိုင်ရာ တရာရုံးများတွင် ပြောရေးဆိုခွင့်ရှိသူများ ခန့်ထားပေးပြီးဖြစ်ကြောင်း၊ သတင်းမီဒီယာနှင့် ပတ်သက်ပြီး တရားစွဲဆိုမှု ရှိခဲ့ပါကလည်း သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲကိုလည်း သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
တရားဝင် ပြောရေးဆိုခွင့်ထားရှိပေးထားသည် ဆိုသည့်ကိစ္စများနှင့် ပတ်သက်ပြီး မီဒီယာများဘက်မှာ လက်ရှိ ပြောရေးဆိုခွင့်ရှိသူများသည် မီဒီယာများကို ဖြေကြားရန်မှာ တွန့်ဆုတ်နေကြောင်း၊ အထက်အမိန့်မပါဘဲ မဖြေဆိုလိုကြောင်းသာ ပြန်လည်ဖြေကြားကြောင်း ထပ်ဆင့်တင်ပြခဲ့သည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီးမြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌ သတင်းစာဆရာကြီး ဟံသာဝတီဦးအုန်းကြိုင်မှ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီဒီယာများကို သတင်းပေးရာတွင် ကြောက်ရွံစိတ်မရှိရန် လိုကြောင်း၊ မီဒီယာသမားများနှင့် ထိတွေ့ဆက်ဆံမှသာ ပြည်သူလူထု၏ အခက်အခဲများကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သတင်းမီဒီယာသမားများ အနေဖြင့်လည်း သတင်းကို မှန်ကန်တိကျစွာရေးသားရန်လည်း လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
“ခင်ဗျားတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ သတင်းထောက် ကြောက်စရာမလိုပါဘူး။ သတင်းသမားဟာ ခင်ဗျားတို့ရဲ့ ရန်သူလည်းမဟုတ်ဘူး။ မိတ်ဆွေလည်း မဟုတ်ဘူး။ သို့သော် ခင်ဗျားတို့ကို ကူညီပါလိမ့်မယ်။ ပေးနိုင်တဲ့ သတင်းကိုပေးပါ။ လူထုသိပါစေ။ ခင်ဗျားတို့ ဆောင်ရွက်တဲ့ ကိစ္စတွေဟာ ပြည်သူသိဖို့ လိုပါတယ်။ မပေးခြင်းအားဖြင့် ခင်ဗျားတို့အပါ်မှာ ပြည်သူက အထင်အမြင်သေးတယ်”
ဟု မဏ္ဍိုင် ၄ ရပ်အား တိုက်တွန်းခဲ့သည်။
အစည်းအဝေး အပြီးနောက် ကချင်ပြည်နယ်မှ သတင်းထောက်များ စုစည်းပြီး ကချင်ဂျာနယ်လစ်ကွန်ရက်ကို တည်ထောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီမှလည်း လိုအပ်ချက်များကို ကူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စည်သူ(မြစ်ကြီးနား)၊ ဆလိုင်း