ဇူလိုင်၊၁၁
ကချင်ပြည်နယ်၊ချီဖွေမြို့မှာရှိတဲ့ KBC စစ်ရှောင်စခန်းက အိမ်ထောင်စု ၉ စုနေတဲ့ အိမ်တန်းလျားဟာ ဒီမနက် ၃ နာရီကျော်မှာ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အိပ်မောကျနေချိန် ဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့ ဆိုင်ကယ် ၆ စီး၊ မီးစက်အသေး ၂ လုံးအပါ အခြားအသုံးဆောင်ပစ္စည်းတွေအားလုံး မီးလောင်တဲ့အထဲ ပါသွားတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“ဝါယာရှော့ဖြစ်တာတဲ့။ ဘာမှမယူလိုက်ရဘူး။ အားလုံးမီးထဲပါသွားတာ။ ဆိုင်ကယ်တွေလည်း ပါသွားတယ်။“လို့ ဆိုပါတယ်။
မီးလောင်မှုအကြောင်းအရင်းနဲ့ပတ်သက်ပြီး ဝါယာရှော့ဖြစ်တယ်လို့ ပြောဆိုနေပေမဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘူးလို့လည်း ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
ဈေးသွားဖို့ပြင်ဆင်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက မီးလောင်နေတာတွေ့ပြီး ပြောဆိုလိုက်တာကြောင့် စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၄၅ ဦး အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
မီးလောင်တဲ့အချိန် မီးသတ်ကားလာပေမဲ့ ကားတိမ်းမှောက်သွားတဲ့အပြင် နောက်ထပ်မီးသတ်ကားတစ်စီးမှာလည်း ရေမပါတာကြောင့် ရေပြန်ဖြည့်နေရပြီး မနက် ၅ နာရီကျော်မှ မီးကြွင်းမီးကျန်တွေကို လာရောက်ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာ စစ်ရှောင်စခန်းဝင်းအတွင်းက လွတ်တဲ့အခန်းတွေမှာ ယာယီနေထိုင်ဖို့ လုပ်ထားပြီး လိုအပ်တာတွေကို ဒေသခံတွေ ဝိုင်းဝန်ကူညီပေးနေကြပေမဲ့ အကူအညီတွေ ထပ်မံလိုအပ်နေသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်းမှာ ရေကြီးနစ်မြုပ်ခဲ့ရတဲ့ စစ်ရှောင်စခန်းလည်း ဖြစ်တဲ့အပြင် မီးလောင်မှုပြန်ဖြစ်တဲ့အတွက် အစားအစာနဲ့ အသုံးဆောင်ပစ္စည်းတွေ မရှိကြတော့ဘူးလို့လည်း စစ်ရှောင်တွေဆီက သိရပါတယ်။
ဒါ့အပြင် ကလေးတွေရဲ့ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးဖတ်စာအုပ်နဲ့ ကျောင်းအသုံးအဆောင် ပစ္စည်းတွေလည်း မီးထဲပါသွားတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။