စစ်ကောင်စီကနေ ဥပဒေအမှတ်၄၆/၂၀၂၂နဲ့ အာက်တိုဘာလ (၂၈) ရက်နေ့မှာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအသစ်ကို ပြဌာန်းခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၁/၂၀၁၄ကို ပယ်ဖျက်ခဲ့ပြီး ၃၁/၂၀၁၄ ဥပဒေဟာလည်း နဝတဥပဒေအမှတ် ၆/၁၉၈၈ ကိုရုတ် သိမ်းပြီး ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ဥပဒေအမှတ် ၃၁/၂၀၁၄မှာ ပုဒ်မပေါင်း ၄၃ ခုသာပါရှိခဲ့ပေမယ့် ယခုအသစ်ပြဌာန်း လိုက်တဲ့ ဥပဒေမှာတော့ ပုဒ်မပေါင်း ၅၉ ခုအထိရှိလာတာ တွေ့ရပါတယ်။
ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး ဘယ်အချက်တွေကိုဖြည့်စွက်ပြင်ဆင်ခဲ့သလဲ။ ဘာကြောင့်ပြင်ဆင်ခဲ့တာလဲဆိုတဲ့ အချက်တွေကို တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက အခုလိုသုံးသပ်ထားပါတယ်။
ပုဒ်မ ၃ (င)မှာ အသင်းအဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အသင်းအဖွဲ့ ဖြစ်ပေါ်စေရေးအတွက် စောင့်ကြပ်ကြည့်ရှုသည့် စနစ်တစ်ရပ် ထူထောင်နိုင်ရန် ဆိုတဲ့အချက်ပိုလာပါတယ်။
အဲဒီ အချက်အရ အသင်းအဖွဲ့တွေကို စစ်ကောင်စီဘက်ကနေ စောင့်ကြပ်ကြည့်ရှုမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်လာပါတယ်။ လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိတော့မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးလိုက်တာပါဘဲ။
မှတ်ပုံတင်ရေးအဖွဲ့တွေမှာ အရင်က အသင်းအဖွဲ့တွေရဲ့ ကိုယ်စားလှယ်(၂)ဦးပါဝင်ခွင့်ပြုခဲ့ပေမဲ့ ယခုဥပဒေ သစ်မှာတော့ ပါဝင်ခွင့်မပေးတော့ဘဲ စစ်ကောင်စီနဲ့ အပေါင်းအပါဌာနဆိုင်ရာတွေသာ ပါဝင်ဖွဲ့စည်းထားတာကို တွေ့ ရပါတယ်။
ဒါကြောင့် အသင်းအဖွဲ့တွေကို စစ်ကောင်စီဘက်က ချုပ်ကိုင်မှုများလာတယ်။ ပိုမိုထိန်း ချုပ်လာတယ်။ အာဏာရှင်ပုံစံ ပိုပေါ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ သာရေး၊ နာရေး၊ လူမှုရေးတွေကိုတောင်မှ တင်းကြပ်စွာ ချုပ်ကိုင်ချယ်လှယ်ကြိုးကိုင်လာတဲ့ အခြေအနေတစ်ရပ်ပါ။
ဆိုးဆိုး၀ါး၀ါးအနေနဲ့ “ငွေကြေးခ၀ါချမှုနှင့်အကြမ်းဖက်မှုများအတွက် ငွေကြေးစီးဆင်းခြင်း၊ ငွေကြေး စီမံခန့်ခွဲသုံးစွဲခြင်း နှင့် ငွေကြေးထောက်ပံ့ခြင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်း ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းများ မပြုလုပ်ရန် ညွှန်ကြားခြင်း” ဆိုတဲ့ ပုဒ်မ-၆(င)ပါ ပြဌာန်း ချက်ဖြစ်ပါတယ်။
သာမန် ဘာမှမပြောပလောက်တဲ့ ကိစ္စမျိုးမှာတောင် အကြမ်းဖက်အဖွဲ့အစည်းလို့ လွယ်လွယ် ကူကူသတ်မှတ်ပြီး ထင်တိုင်းလုပ်နေကြတဲ့ အခြေအနေမှာ စစ်ကောင်စီဘက်က ငွေကြေးခဝါချမှုတွေ အကြမ်းဖက်မှုတွေကို လိုသလိုစွပ်စွဲပြီး အသင်းအဖွဲ့ကို ကြိုက်သလို ချုပ်ကိုင်နိုင်ဖို့ ဖြစ်လာပါတယ်။
အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားရာမှာလည်း လျှောက်တဲ့အသင်းအဖွဲ့တွေရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်း စဥ်များနှင့်စပ်လျဥ်းသည့် အစိုးရဌာနအဖွဲ့အစည်း၏ ထောက်ခံချက်နဲ့အတူ လျှောက်ထားရမယ်လို့ ပုဒ်မ-၇(ဆ)မှာ ပါတော့ အသင်းအဖွဲ့မှတ်ပုံတင်ဖို့ရာ အတော်ကြီးကိုမှ ခက်ခဲလာတာတွေ့ရပါတယ်။
ဒါအပြင် အသင်းအဖွဲ့ တွေအနေနဲ့ မှန်မှန်ကန်ကန်နဲ့ မဖြစ်မနေမို့ လျှောက်ရရင်တောင် မလိုအပ်တဲ့ ကုန်ကျမှုတွေ၊ စစ်ကောင်စီအပေါင်း အပါတွေရဲ့ အဂတိမကင်းတောင်းခံမှုတွေ၊ ညစ်ပတ်ယုတ်မာမှုတွေ ခံကြရတော့မယ့်အဖြစ်ပါ။
ပုဒ်မ-၃၃ မှာ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်းမပြုရ ဆိုထားပြီး ပြုလုပ်ရင်တော့ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပုဒ်မ-၄၀မှာ ပါရှိတယ်။
ဒီလိုဘဲ ပုဒ်မ-၃၄ အရ မှတ်ပုံတင်လက်မှတ်သက်တမ်းကျော်လွန်တယ်၊ ပယ်ဖျက်ခံရတယ် ဒါပေမဲ့ ဆက် လုပ်နေတယ်၊ အဲဒီအသင်းမှာ အသင်းဝင်အဖြစ်ပါဝင်တယ်၊ ဆောင်ရွက်တယ်၊ ကူညီတယ်၊ အယောင်ဆောင်တယ် (ပုဒ်မ-၃၅)ဆိုရင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမဲ့အပြင် ငွေဒဏ်မဆောင်ရင် နှစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမယ်လို့ ပုဒ်မ-၄၁မှာ ပါလာပါတယ်။
ဒါတွေဟာ အသင်းအဖွဲ့ဖွဲ့ဖို့၊ အသင်းအဖွဲ့မှာ ကူညီဖို့၊ ပါဝင်ဖို့၊ လုပ်ဆောင်ဖို့ တင်းတင်းကြပ်ကြပ်ကို ချုပ်ကိုင်လိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ပုဒ်မ-၄၃အရ ထောင်ဒဏ်ငါးနှစ်အထိ၊ ငွေဒဏ်ဆယ်သိန်းအထိအပြင် ပြစ်မှုကျူးလွန်တဲ့ အသင်းအဖွဲ့ကိုဖျက်သိမ်းပြီး အသင်းအဖွဲ့ပိုင်ငွေကြေးနဲ့ ပစ္စည်းအားလုံးကို နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်း အမိန့် ချမှတ်မယ်ဆိုတာပါပဲ။
အဲဒီလိုအမိန့်ကို ဘယ်လိုမျိုးတွေမှာ ချမှတ်မလဲဆိုတော့ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် မည်သည့်အသင်းအဖွဲ့မျှ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့ အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် မတရားအသင်းအဖွဲ့ဝင်များ စသည်တို့နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း မပြုရလို့ ပြဌာန်းထားတဲ့ ပုဒ်မ- ၃၈ပါဘဲ။
အဲဒီပုဒ်မဟာ ကျတော်တို့အားလုံးအတွက် စိန်ခေါ်မှုကြီးပါ။ တစ်နိုင်ငံလုံးက မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ၊ နောက်လိုက်အစွယ်အပွားတွေကို ခုခံစစ်၊ မတော်မတရားမှုကို တွန်းလှန်နေကြတဲ့ တော် လှန်ရေးလုပ်နေကြတဲ့ အချိန်အခါမှာ သာရေး၊ နာရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ အခြားအသင်းအဖွဲ့တွေက တော်လှန်ရေးတစ်ရပ်ကို ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်လာခြင်း မရှိအောင် တင်းတင်းကြပ်ကြပ် တားမြစ်ဟန့် တားလိုက်တဲ့ အချက်ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ စစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ ဆေးဝါးကုသဖို့လိုနေသူတွေ၊ ကယ်ဆယ် ကယ်ထုတ်ဖို့လိုနေတဲ့ သာမန်ပြည်သူတွေကိုတောင်မှ ကူညီပေးခြင်းမပြုနိုင်အောင် ပိတ်ပင်လိုက်တဲ့ ဖြစ်ရပ်မျိုးပါ။
လူ့အခွင့်အရေးကြေညာစာတမ်းတွေ၊ ဂျီနီဗာကွန်ဗန်းရှင်းပါအချက်တွေ၊ လူသားချင်းစာနာထောက်ထားမှုတွေ စတာတွေကို ဆန့်ကျင်ပြီး ပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်တစ်ရပ်ပါဘဲ။
ဒါပေမဲ့ ကျွန်တော်ယုံကြည်ပါတယ်။ မတရားမှုကို အကြောက်အရွံ့မရှိဘဲနဲ့ ကျရာနေရာကနေ ရရင်ရသလို လုပ်ကိုင်ဆောင်ရွက်နေကြအုံးမယ်၊ ပြည်သူနဲ့အတူ တစ်သားတည်းရှိနေတဲ့ အသင်းအဖွဲ့တွေဖြစ်တယ် ၊ ဘာသာတရားအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ သဘာဝတရားကြီးကပေးထားတဲ့ လူသားအချင်းချင်း ကူညီကယ် တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို လူသားပီသစွာနဲ့ ဆက်လက်ဆောင်ရွက်နေကြအုံးမယ် ဆိုတာတော့ အကြွင်းမဲ့ ခြွင်းချက်မရှိ ယုံကြည်မိပါတယ်။
စစ်မိစ္ဆာရဲ့ အန္တရာယ်ရန်စွယ်အပေါင်းကို ကျော်လွှားတွန်းလှန် ဖယ်ရှားနိုင်ဖို့ အခက်အခဲများ အားလုံးကျော်လွှား နိုင်ပါစေ၊ ဘေးကင်းအောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း။