Home ဆောင်းပါး တုတ်ထိုးအိုးပ...

တုတ်ထိုးအိုးပေါက် အတွဲ (၆)၊ အမှတ် (၃၀)

1733
တုတ်ထိုးအိုးပေါက်
တုတ်ထိုးအိုးပေါက်

တုတ်ထိုးအိုးပေါက် အတွဲ (၆)၊ အမှတ် (၃၀)

တုတ်ထိုး –
“လူမှုမကြေ၊ လမ်းမှာတေ၍
စာပေမချစ်၊ အတန်းလစ်သည်
ခေတ်ကိုကျောခိုင်း၊ တပည့်ရိုင်း။
အနုပညာ၊ တေးကဗျာနှင့်
ရိုးရာဂီတ၊ စာပေမှသည်
မြန်မာ့ဓလေ့၊ မြန်မာငွေ့ဖြင့်
လင်တွေ့ထင်ဟပ်၊ သင်စာညှပ်ကာ
ကြပ်မညွှန်ပြ၊ တိတကျဖြင့်
ပြည်ရွာ့ဝန်ထမ်း၊ ဆရာ့လမ်းဝယ်
ပုံပန်းမကျ၊ ဤလောကကို
မြင်ရလေတိုင်း မောတကား”။
အိုးပေါက် – ကောင်းလှချည်လားဗျ။ ဘယ်သူ့ကဗျာလဲ။

တုတ်ထိုး – “ဆရာစလင်းခင်မောင်ရည်”ရဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါဗျာ။ စာအုပ်တစ်အုပ်ထဲမှာ ကိုးကားထားတာတွေ့လို့ ပြန်ဖတ်ကြည့်နေတာ။
အိုးပေါက် – ဆက်ဖတ်ပါဦးဗျာ။

တုတ်ထိုး – “ကျောင်းစာလည်းကျက်၊ အပြင်ထွက်၍လက်တွေ့စာတွေ့၊ စွယ်စုံလေ့ပါခေတ်ရှေ့ချီတက်၊ ပြည့်ဝန်ရွက်ရန်ကိုယ်လက်ကျန်းခံ့၊ စိတ်ဓာတ်ကြံ့၍ဉာဏ်ဖွင့်ရှင်သန်၊ လမ်းသစ်ဖန်မှတာဝန်ကျေပွန်၊ လုပ်အားသွန်သည့်ပြည်မွန်သားကောင်း ဖြစ်လိမ့်တကား။ ။
အိုးပေါက် – နာရဒရသေ့ကြီးကတော့ ဒီလိုပြောဖူးတယ်။အိုနာသေဘေးမှ လွတ်စေမည့်တရားကို ညွှန်ပြဆုံးမပေးမည့် ဆရာသမားမရှိဘဲ ဤလောက၌ နေရခြင်းသည် အလွန်ဆင်းရဲလှပါတကားတဲ့။ “သားတော်ရာဟုလာက”ကတော့ ဆုတောင်းခဲ့ဖူးတယ်။ “ငါ့ကို ဆုံးမမည့်သူတွေ ဤသဲနှင့်အမျှ များပြားပါစေ” တဲ့။

တုတ်ထိုး – ဆရာလွတ်တော့ ရိုင်း၊ မျဉ်းလွတ်တော့ ကိုင်းလို့ဆိုကြသကိုး။ ဆရာဟာ လောကအတွက် “အခရာ”ပါပဲ။ ဆရာဆိုတာမရှိရင် အနာဂတ်ကမ္ဘာဟာ အကျည်းတန်ရုပ်ဆိုးနေမှာပါပဲ။
အိုးပေါက် – ဆရာ၊ဆရာမတွေမှာလည်း ထီးဖြူ ဖိနပ်ပါး၊မြေဖြူတွေသာ ကုန်သွားမယ်။ တပည့်တွေအပေါ်မှာ ထားတဲ့မေတ္တာတရား၊ စေတနာတရားကတော့ ကုန်ခမ်းမသွားပေဘူးဗျ။

တုတ်ထိုး – ဒေဝဒတ်နဲ့ ပေါင်းမိတော့ အဇာတသတ်လည်းအမှားလမ်းကို လျှောက်ခဲ့ရတယ်။ အင်္ဂုလိမာလဟာလည်း ဆရာဆိုးရဲ့လက်ထဲမှာ လောင်းရိပ်မိတော့ လူဆိုးကြီးဖြစ်ခဲ့ရတယ်။
အိုးပေါက် – ကောင်းရယ်၊ဆိုးရယ်ဆိုတာကတော့ ဒွန်တွဲနေတာပါပဲ။ ဆရာဆိုးတစ်ယောက်ကြောင့်တော့ ဆရာဆရာမတွေအားလုံး ဆိုးတယ်လို့ မမြင်အပ်ဘူးနော်။

တုတ်ထိုး – ဒါပေါ့ဗျာ။
အိုးပေါက် – ဆရာ၊ ဆရာမတွေမှာလည်း သနားစရာကောင်း လှပါတယ်။ ရတဲ့လစာ မပြောပလောက် တာတောင် မတစ်ထောင် တစ်ကောင်ဘွားတွေရဲ့ သားသမီးတွေကို သို့လျှင်သို့ဖတ်၊ သို့လျှင်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင် သင်ပေးကြတယ်။ တတ်ထားတဲ့ပညာနဲ့ တခြားစီးပွားရေးတွေ၊ တိုးတက်ရေးတွေ လုပ်ကိုင်ဆောင်ရွက်လို့ အခွင့်အရေးရကြပေမယ့် စာသင်ခန်းတွေထဲ ရောက်လာကြတယ်။

တုတ်ထိုး – စေတနာ၊ ဝါသနာ၊ အနစ်နာကိုးဗျ။ “သိဿနံ၊ဟိတံ၊ အာစရတိ။ ဣတိ တသ္မာ၊ အာစရိယော။ တိဿနံ-တပည့်တို့၏။ ဟိတံ- အကျိုးစီးပွားကို၊ အာစရတိ- ပြုကျင့်တတ်ပါပေ၏။ ဣတိတသ္မာ – ထို့ကြောင့်၊ အာစရိယော-ဆရာမည်၏”လို့ ပိဋကတ်ကျမ်းဂန်လာ အဆိုအမိန့်လည်းရှိသဗျ။ ဒါကြောင့် ဆရာကောင်း၊ ဆရာမြတ်တို့ရဲ့ ကျေးဇူးတရားကို ဒီစကားဝိုင်းကနေ ရှိခိုးဦးနှိမ်ကန်တော့လိုက်ရပါရဲ့ဗျာ။
အိုးပေါက် – ဒါနဲ့ စကားမစပ်။ ပေါက်လွှတ်ပဲစားပါးစပ်ကြီးတွေနဲ့ ဝန်ကြီးအချို့တွေ ရှိနေသေးတာ ခင်ဗျားသိလား။

တုတ်ထိုး – ၆၆(ဃ)ဆိုတာကြီး မြင်ဖူးကတည်းက မြင်လည်းမမြင်ဖူးတော့ပါဘူး။ ကြားလည်း မကြားဖူးတော့ပါဘူး။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။

တုတ်ထိုး – ဟဲ ဟဲ ဟဲ။
အိုးပေါက် – ဒီလိုဗျ။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲမှာ ရပ်ဝေး ဆရာ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာအခက်အခဲတွေ၊ လိုအပ်ချက်တွေအတွက် တင်ပြတဲ့အခါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဘာပြောသလဲဆိုတော့….

တုတ်ထိုး – ဝန်ထမ်းအိမ်ရာတွေကို လွှတ်တော်ကြီးလို ခမ်းခမ်းနားနားဆောက်ပေးမတဲ့လား။ မြေနေရာတွေ ချပေးမတဲ့လား။
အိုးပေါက် – အဲ့ဒီလိုပြောလို့ကတော့ စင်္ကာပူတင်မကဘူး။ ကမ္ဘာတောင် ကျော်သွားလိမ့်မယ်။ ဆရာမ တစ်ယောက်ကဝန်ထမ်းအိမ်ရာအခက်အခဲကို တင်ပြတော့ အဲ့ဒီဝံကြီးက…

တုတ်ထိုး – ဟေ့လူ စကားလည်း မပီတော့ဘူး။
အိုးပေါက် – အဲ… အဲ့ဒီဝန်ကြီးက ပြောတယ်။ “ရပ်ဝေးကဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာတွေ မလိုပါဘူး။ တာဝန်ကျတဲ့နေရာက ဒေသခံလူငယ်လေးတွေကို ရည်းစားစကား လိုက်ပြောခိုင်းလိုက်ပေါ့။ ဒါမှ တကယ်လို့ ညားသွားခဲ့ရင် အိမ်ငှားနေစရာ မလိုတော့သလို ဘော်ဒါဆောင်လည်းမလိုတော့ဘူးပေါ့”တဲ့။

တုတ်ထိုး – ပင်နီဝတ်တိုင်း ပညာပြည့်ဝကြတာ မဟုတ်ဘူး။ အမတ်ဖြစ်တိုင်း ပြည်သူမချစ်ဘူး။ ဆပ်ပြာကောင်းလို့ခေါင်းပေါင်းဖြူနေတဲ့လူတွေကို နေရာဖယ်ပေးသင့်တယ်။
အိုးပေါက် – ဒါပေါ့ဗျာ။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုရင် Meritocracy လို့ခေါ်တဲ့ အရည်အသွေး ထက်မြက်သူများအုပ်ချုပ်စိုးမိုးမှုရှိဖို့ လိုတယ်။ အရည်အသွေးအလျောက်မြောက်စားတဲ့စနစ်ပေါ့ဗျာ။ ဒါဟာ သိပ်အရေးကြီးတယ်ဗျ။ မျောက်တစ်ကောင်ရဲ့လက်ထဲ မီးထည့်ပေးလိုက်မိရင် ရပ်ရွာကျေးလက် ဒုက္ခတွေ့နိုင်သလိုမျိုး အရည်အသွေး ပြည့်မမီတဲ့သူတွေ ခေါင်းပေါင်းဖြူနေကြရင် အဲ့ဒီတိုင်းပြည်နဲ့လူမျိုး ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။
တုတ်ထိုး – ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီး ဒီလိုစကားမျိုးမပြောသင့်ဘူးဗျ။ စကားကို လွယ်လွယ် ပြောလိုက်တာ မှားတယ်။ ကဲ… အဲ့ဒီဝန်ကြီးချုပ်ရဲ့ သားတွေ၊ သမီးတွေ၊ တူတွေ၊ တူမတွေ ကျောင်းဆရာမတွေ ဖြစ်နေရင် ဟဲ့… နင်တို့တွေ ဒေသခံလူငယ်တွေ ရည်းစားစကားပြောရင် လက်ခံလိုက်။ ညားသွားရင် နေစရာအိမ် ရမယ်။ အိမ်ငှားစရာမလိုဘူးလို့ပြောရင် ကြိုက်မလား။
အိုးပေါက် – လမ်းဘေးစကား၊ အရက်သမားစကားပါဗျာ။ ဘယ့်နှယ်ဗျာ၊ ရတဲ့လစာနဲ့ နေရာနဲ့မတန်တဲ့ လူတွေပါ။

တုတ်ထိုး – ဒီလိုလူတွေများနေရင် ၂၀၂၀ မှာ ပိုမိုခက်ခဲလာလိမ့်မယ်။
အိုးပေါက် – ခင်ဗျားလည်း အဲ့ဒီဝန်ကြီးနဲ့ တစ်ချက်တစ်ချက် တူတယ်။

တုတ်ထိုး – ဘာဖြစ်လို့။
အိုးပေါက် – လမ်းဘေးစကားတွေ မကြာခဏပြောတတ်လို့။ ဟဲ ဟဲ ဟဲ။

တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက် – ဒါနဲ့ ဟိုအဆိုတော်လေး ဖြိုးပြည့်စုံကို မူးယစ်ကဝင်ဖမ်းတဲ့ Vedio File လေး လူမှုကွန်ရက်မှာ ကြည့်လိုက်ရတယ်။ မူးယစ်အထူးက တပ်ဖွဲ့ဝင်တွေက လက်ထိပ်ခတ်ပြီးခေါ်လာတဲ့ ကောင်လေး တစ်ယောက်ကို လူပုံအလယ်မှာ ပါးရိုက်ခေါ်သွားတယ်။ ပြီးတော့ မူးယစ်ဆေးဝါး မဟုတ်ဘူး။ သကြားလုံးတွေ ဖြစ်နေတာတဲ့။

တုတ်ထိုး – ရဲလည်းရဲတဲ့ ရဲပါပဲ။ သကြားလုံးနဲ့မူးယစ်ဆေးတောင် ကွဲပြားအောင်မသိတဲ့ လူတွေနဲ့တော့ ခက်ပါတယ်။
အိုးပေါက် – အဲ့ဒါကြောင့် အိမ်ကကလေးတွေကိုလည်းပြောထားရတယ်။ လမ်းထိပ် ဈေးဝယ်သွားရင် ချိုချဉ်တွေသကြားလုံးတွေ ဝယ်ရင် သတိနဲ့သွား၊ သတိနဲ့စားလို့။ တော်ကြာ အထူးမူးယစ်က ကောင်တွေနဲ့တွေ့လို့ လူပုံအလယ်ပါးရိုက်ခံနေရဦးမယ်လို့။

တုတ်ထိုး – ဟုတ်ပါ့ဗျာ။ ဒီလို သောက်တလွဲတွေကြားပြည်သူတွေ ဘယ်လောက်များများ နစ်နာခဲ့ကြရသလဲ မသိဘူး။
အိုးပေါက် – ရဲလက်စွဲတွေမှာ ဖတ်ဖူးတယ်ဗျ။
– ဖမ်းဆီးရမိသူထွက်မပြေးနိုင်စေရန် လိုအပ်သည်ထက် ပိုတားဆီးမှု မပြုရ။
-ဖမ်းဆီးရာတွင် ချက်ချင်း လက်ထိပ်ခတ်ခြင်း၊ ကြိုးချည်ခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ ထွက်ပြေးရန် အရိပ်အယောင်ရှိမှသာလျှင် ပြုလုပ်သင့်သည်။
-အချုပ်ခံရသူအား မတရားထိခိုက်နာကျင်စေရန် မပြုရ။
-ကောင်းမွန်လုံလောက်သော အစားအစာ ကျွေးရမည်။ ရေချိုးခွင့် ပေးရမည်။
-မိတ်ဆွေနှင့်ရှေ့နေတို့ကို တွေ့ခွင့်ပေးရမည်။
-ရဲသည် တရားခံအား ၂၄ နာရီထက်ကျော် ချုပ်နှောင်ထားလျှင် မတရားချုပ်နှောင်မှုကို ကျူးလွန်ရာရောက်သည်။
-ဖမ်းဆီးပြီး ၂၄ နာရီအတွင်း ရဲက စုံစမ်းထောက်လှမ်းပြီးနောက် တရားစွဲဆိုရန် အကြောင်းမရှိလျှင် ပြန်လွှတ်ရမည်။
-၂၄ နာရီအတွင်း စုံစမ်းထောက်လှမ်း၍ မပြီးနိုင်လျှင် စွပ်စွဲချက်သည် ခိုင်လုံသည်ဟု ယုံကြည်လျှင် ဆက်လက်ချုပ်နှောင်ခွင့်ရရန် အနီးဆုံးတရားသူကြီးထံ တင်ပို့ ချုပ်ရမန်တောင်းခံရမည်။… စသဖြင့် ရှိသဗျ။

တုတ်ထိုး – ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇(ဆ)မှာ “အကျဉ်းသား၊ အချုပ်သား(သို့မဟုတ်) ဖမ်းဆီးထားသူတစ်ဦးအား ရိုက်ပုတ်လျှင်(သို့မဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ဤဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြဌာန်းထားပေသည်။
– ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁(၁)တွင်လည်း ရဲသည် နှုတ်ဖြင့်သာ စစ်မေးခွင့်ရှိသည်။ ကိုယ်စိတ်နှစ်ပါးညှဉ်းပန်းနှိပ်စက်လျှင် ရဲကိုတရားစွဲခွင့်ရှိသည်”လို့ ပြဌာန်းထားတယ်ဗျ။
အိုးပေါက် – ကိုင်း၊ ကိုရွှေရဲတို့ ကြားသိတော်မူကြပါလေကုန်။ ။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here