တုတ်ထိုး – လက်ထဲမှာလည်း ချိန်ခွင်ကြီးနဲ့။ တရားရုံးသွားပြီး လက်ဆောင်ပေးမလို့လား။
အိုးပေါက် – မဟုတ်ပါဘူးဗျာ။ ချိန်ခွင်က သံချေးတွေတက်နေလို့ သုံးစား မရမယ့်အတူတူ ဒန်ဝယ်တယ်၊ ကြေးဝယ်တယ်ဆိုင်မှာ သွားပြီးရောင်းမလို့။
တုတ်ထိုး – ခင်ဗျားချိန်ခွင်ကြီးက လျှာလည်း မပါတော့ဘူး။ ချိန်ခွင် အအကြီး။ ဘယ်သူက တန်ဖိုးကြီးကြီး ပေးပြီး ဝယ်မှာတုန်း။
အိုးပေါက် – ချိန်ခွင်တစ်ခုရဲ့ အသက်ဟာ လျှာပဲ။ လျှာဟာအသက်ပဲ။ လျှာက မျှမျှတတ ဆုံးဖြတ်ပေးရတာ။ ချိန်ခွင်ဟာ တရားဥပဒေနဲ့တူတယ်။ ချိန်ခွင်ကို ကိုင်ထားတဲ့ လက်ဟာလည်း မျှတရမယ်။ အဂတိကင်းရမယ်။ ချိန်ခွင်ကိုင်ထားတဲ့လက်က အလေးခိုးမယ်။ ပညာပြပြီး ညစ်နိုင်တယ်။ အဲဒီအခါ တရားမျှတမှုမရှိဘူး။ တရားသူကြီးတွေ ရှေ့နေတွေကလည်း တရားစီရင်မှုကို ကိုင်ထားတဲ့လက်တွေပါပဲ။
တုတ်ထိုး – တရားသူကြီးတွေ၊ ရှေ့နေတွေ အဂတိလိုက်စားရင်တော့ ပြည်သူတွေ လျှာထွက်ပြီသာမှတ်။
အိုးပေါက် – ရှေ့နေဆိုလို့ ပြောရဦးမယ်။ တစ်ခါတုန်းကတဲ့..။
တုတ်ထိုး – တစ်ခါတုန်းက ချိန်ခွင်ပဲ့ကြီး လက်ဆောင်ရတဲ့ ရှေ့နေကြီး ပုံပြင်လားဟင်။
အိုးပေါက် – အဲ့ဒီပုံပြင်တော့ အိုးပေါက်တို့ မသိပေါင်ဗျာ။ ကျုပ်ပြောမယ့် ပုံပြင်က ဒီလို။
တုတ်ထိုး – ဆိုစမ်းပါဦးဗျာ။
အိုးပေါက် – တစ်ခါက တောရွာလေးတစ်ရွာမှာ ရှေ့နေတစ်ယောက်ရှိတယ်တဲ့။ တစ်ရွာလုံးက သူ့ကိုတစ်ယောက်မှ ကြည့်မရဘူးတဲ့။ တောရှေ့နေဟာ ရွာတောင်ပိုင်းကနေ ရှေ့နေလိုက်ပေးရင် ရွာမြောက်ပိုင်းက မကြည်ကြ။ ရွာမြောက်ပိုင်းကနေ အမှုကိုလိုက်ပေးပြန်ရင်လည်း သူတို့ဘက်မှာ မပါလို့ဆိုပြီး ရွာတောင်ပိုင်းက လူတွေက မကျေနပ်ကြပြန်ဘူးတဲ့။
တုတ်ထိုး – ဘေးကျပ်နံကျပ် ဖြစ်နေတာပေါ့။ ဘယ်ဘက်က အမှုမှန်အောင်လိုက်လိုက် အပြစ်ပြောခံရတာပါပဲ။
အိုးပေါက် – ဟုတ်ပါတယ်ဗျာ။ ဒီလိုနဲ့ တစ်နေ့တော့ အဲ့ဒီတောက ရှေ့နေဟာ ရောဂါတစ်ခုနဲ့ သေရောတဲ့ဗျ။ သူ့အသုဘဟာ မစည်ကားဘူးတဲ့။ ရွာသူကြီးလည်း သရဏဂုံတင်ပြီးတာနဲ့ ရွာကို တန်းပြန်တာပဲ။ သုဘရာဇာပဲကျန်ခဲ့တယ်တဲ့။
တုတ်ထိုး – အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အိုးပေါက် – ဖြစ်ချင်တော့ ရှေ့နေက မသေသေးဘူးတဲ့ဗျ။ မျောနေတာတဲ့။ ရှေ့နေလည်း သတိရလာတယ်။ သတိရလာတော့ သူ့ကိုယ်ပေါ်မှာကျလာတဲ့ မြေကြီးတွေကြားထဲကနေ သုဘရာဇာကို လှမ်းပြောသတဲ့။ သူမသေသေးပါဘူး။ သူ့ကိုအပြင်ထုတ်ပေးပါ။ အမှုအခင်းဖြစ်တဲ့အခါ လိုအပ်ရင် ကူညီပေးပါ့မယ်တဲ့။
တုတ်ထိုး – သူ့အကူအညီရဖို့ အမှုတောင် ဖြစ်ပေးရမယ့်ကိန်း။
အိုးပေါက် – ရှေ့နေက သူမသေသေးဘူးပြောတာကို သုဘရာဇာ မယုံဘူးတဲ့။ ခြေမကြိုး၊ လက်မကြိုးတွေကို မဖြတ်ပေးသေးဘဲ ရှေ့နေကို ပြောလိုက်တယ်။ ဒီကိစ္စ ရွာသူကြီးကို သတင်းပို့မှ ဖြစ်မယ်။ ရွာသူကြီးနဲ့ သွားပြီးတိုင်ပင်ဦးမယ်ဆိုပြီး ရွာသူကြီးဆီ သွားလိုက်သတဲ့။
တုတ်ထိုး – ဒီတစ်ခါမှ ရှေ့နေသေချင်စိတ်ပေါက်မှာ သေချာတယ်။ ဟဲ ဟဲ ဟဲ။
အိုးပေါက် – သုဘရာဇာလည်း ရွာသူကြီးဆီ ရောက်သွားတယ်။ သူကြီးရေ ရှေ့နေက သူမသေသေးဘူး ပြောနေတယ်တဲ့။ အဲဒါ ရွာကိုခေါ်လာခဲ့ရမလား။ မြေမြှုပ်ပစ်လိုက်ရမလားတဲ့။ မေးတာပေါ့
တုတ်ထိုး – ပြန်ခေါ်ရမှာပေါ့၊ သေမှ မသေသေးတာ။
အိုးပေါက် – အဲဒီတော့ ရွာသူကြီးက ပြောတယ်တဲ့။ ဒီ ရှေ့နေဆိုတဲ့ကောင်က မသေခင်ကတည်းက အမြဲတမ်း လိမ်ပြောနေခဲ့တာပဲ။ အခုလည်းဒီကောင်လိမ်ပြောနေတာပဲ ဖြစ်မယ်။ မြှုပ်သာ မြှုပ်လိုက်တဲ့။
တုတ်ထိုး – ဖြစ်မှဖြစ်ရလေဗျာ။ ရှေ့နေကြီး ကောင်းရာသုဂတိလားပါစေဗျာ။
အိုးပေါက် – ဒါနဲ့ စကားမစပ်။ တရားသူကြီးကို ချိန်ခွင်အကျိုးအပျက်ပေးခဲ့တဲ့ ကိုပေါလုကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်သတဲ့ဆို။
တုတ်ထိုး – ဟုတ်သဗျ။ ပုဒ်မ ၂၂၈နဲ့ စက်တင်ဘာလ (၆)ရက်နေ့က ထောင်ဒဏ်သုံးလ ချမှတ်လိုက်တာဗျ။
အိုးပေါက် – တရားလွှတ်တော် ရှေ့နေဦးမာခါးကတော့ မီဒီယာတွေမှာ ပြောထားတာရှိသဗျ။
တုတ်ထိုး – ဘာတဲ့။
အိုးပေါက်- ပုဒ်မ ၂၂၈ ဆိုတာက တရားစီရင်ရေးကိစ္စ ဆောင်ရွက်နေတဲ့အချိန်မှာ တရားသူကြီးကို တမင်စော်ကားနှောင့်ယှက်မှပဲ အရေးယူလို့ရတဲ့ ပုဒ်မဖြစ်တယ်တဲ့။ စက်တင်ဘာလ(၂)ရက်က ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့နှစ်ယောက်ကို ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ပြီးမှ သူတို့အပြင်ထွက်သွားပြီး အပြင် ရောက်နေတဲ့ အချိန်ကျမှ နည်းနည်းကြာတဲ့အခါမှာ ပြန်ဝင်ပြီး တရားသူကြီးကို စကားသွားပြောတယ်။ အဲ့ဒီချိန်ခွင်ကို ပေးတယ်။ ဆိုတော့ အဲ့ဒီဟာက ပုဒ်မမှာဖော်ပြထားတဲ့ တရားစီရင်ရေးကိစ္စ ဆောင်ရွက်နေတယ်ဆိုတာ မဟုတ်ဘူး။ သူတို့ကိစ္စလည်း ပြီးသွားပြီ။ အပြင်တောင်ထွက်သွားပြီးမှ ပြန်ဝင်တာလို့ပြောထားတာ ဖတ်လိုက်ရတယ်ဗျ။
တုတ်ထိုး – ချိန်ခွင်က ဘယ်အချိန်ကတည်းက ယူလာခဲ့လဲမသိဘူး။ ရည်ရွယ်ချက်ရှိရှိ ယူလာခဲ့တာ ဖြစ်လေမလား။ ဒါမှမဟုတ် တွေ့တဲ့ချိန်ခွင်ကောက်ယူပြီး ပြန်လှည့်ပေးတာလား။
အိုုးပေါက် – ဒါတော့ ပေါလုကို မေးကြည့်ပေတော့။
တုတ်ထိုး – ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျုပ်တို့နိုင်ငံရဲ့ တရားဥပဒေကိုတော့ စိုးမိုးစေချင်တယ်။ တရားဥပဒေစိုးမိုးမှု မရှိရင်တော့ တရားစီရင်ရေး ကိစ္စတွေမှာရော၊ ငြိမ်းချမ်းရေးကိစ္စတွေမှာရော ရွှေပြည်တော်မျှော်တိုင်း ဝေးနေဦးမှာပါပဲ။
အိုးပေါက် – ချိန်ခွင်ပျက်၊ ချိန်ခွင်ကျိုးကိစ္စ အသာထားပါဦး။ ဗစ်တိုးရီးယား အမှုကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ။
တုတ်ထိုး – Wisdom Hill မူကြိုကျောင်းက သက်ငယ်မုဒိမ်းမှုနဲ့ ၆ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ(၁၁)ရက်နေ့က စစ်ဆေးခဲ့တယ်။ အဲ့ဒီလိုစစ်ဆေးရာမှာ ဗစ်တိုးရီးယားလေးက သူ့ကိုလုပ်ခဲ့တာ ကိုကိုအငယ်လို့ ထွက်ဆိုခဲ့သတဲ့ဗျ။
အိုးပေါက် – အောင်ကြီးမဟုတ်ဘူလား။
တုတ်ထိုး – စွပ်စွဲခံထားရသူ အောင်ကြီးကို မသိကြောင်း ပြောထားတယ်ဗျ။
အိုးပေါက် – လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဆရာမောင်မိုးပွင့်(ရေကြည်)ရဲ့ ပေါကားဆိုတဲ့ ကဗျာလေးသာ ရွတ်လိုက်ချင်တော့တယ်ဗျာ။
တုတ်ထိုး – ဘာတဲ့
အိုးပေါက် – ကိုကိုငယ် ရင်ထုလို့
ဖင်ဖုဆိတ် အကြီးကောင်
ဖမ်း ကိုဖိုးအောင်။
နှင်းနုက မနေပေါင်
ဖင်ပြောင်အောင် ရေဆေး
ဆင်ကောင်ကြီး မြင်နေတာ
ဆင်ခြေရာ အရှာသွားကြတယ်
ပေါကားတဲ့လေး။ ။
တုတ်ထိုး – ခင်ဗျားက ကဗျာရွတ်ပြတော့ ကာတွန်းမင်းသားကြီးရဲ့ကာတွန်းလေး သတိရတယ်။ ကာတွန်းထဲမှာ အရူးက စကားပြောရင်း ကနေတယ်။
အိုးပေါက် – သူက ဘာပြောနေတာတုန်း။
တုတ်ထိုး – လူကြီးမင်း ခေါ်ဆိုသော တရားဥပဒေစိုးမိုးရေးမှာ မြန်မာနိုင်ငံတွင် အရင်ကတည်းက တပ်ဆင်ထားခြင်းမရှိသေးပါတဲ့
အိုးပေါက် – အရူးစကားက မှန်တတ်တယ်နော်။
တုတ်ထိုး – ဟဲ ဟဲ ဟဲ ။
အိုးပေါက် – အခုတစ်ခေါက် စစ်ဆေးတဲ့အခါမှာတော့ vedio conferencing နဲ့ စစ်ဆေးခဲ့တာတဲ့ သတင်း မီဒီယာတွေနဲ့ ပြည်သူလူထုကို တရားခွင်အတွင်း ဝင်ရောက်နားထောင်ခြင်း မပြုလုပ်ခဲ့ဘူးတဲ့ဗျ။ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်ကတော့ မီဒီယာတွေမှာ ပြောတာရှိတယ်။ ဆရာမနှင်းနုက သူရဲ့ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာကအစ ကလေးလေးက လက်နဲ့ကိုင်ပြနိုင်တယ်။ အဲ့လောက် အထိကို ကလေးက ဉာဏ်ကောင်းတယ်။ ဖင်ဖုက ဘယ်နေရာလဲ။ ဖင်ဖုဆိုရင် ၂ မျိုး သူသိတယ်။ ဒီနေရာမှာ ကလေးလေးက ကိုကို၊ညီညီဆိုတဲ့ အသုံးအနှုန်း မသုံးဘူး။ ကိုကိုအငယ်ဆိုတာမျိူး ပြောတာပေါ့။ ကိုကိုအငယ်က သူ့ရင်ဘတ်တွေကို ထုတယ်ပေါ့။ ကိုကိုအကြီးကတော့ သူ့ဖင်ကို ဆိတ်တယ် ပေါ့။ အဲ့ဒီလိုမျိုး ပြောတယ်လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က မီဒီယာတွေမှာ ပြောထားပါတယ်။
တုတ်ထိုး – အမှန်တရား အမြန်ဆုံးတွေ့ပါစေကြောင်းဗျာ။
အိုးပေါက် – စကားကောင်းနေလိုက်တာဗျာ။ အချိန်လည်းလင့်နေပြီ။ ပြန်ကြစို့။
တုတ်ထိုး – ငြိမ်းချမ်းရေးအကြောင်းလေး ဘာလေး မပြောတော့ဘူးလား။
အိုးပေါက် – ကိုတုတ်ထိုးရေ ကျုပ်တို့မြန်မာပြည်မှာ ငြိမ်းချမ်းရေးအကြောင်းတွေ ဘာတွေက ဘယ်အချိန်ချိန်ပြောပြော ပြောလို့ ရပါသေးတယ်ဗျ။
တုတ်ထိုး – ဘာလို့..။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတောင် ကြိုးစားနေကြတာပဲလေ။
အိုးပေါက် – နင့်ပထွေးတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲလေးလုပ်လိုက်။ ပြန်တိုက်လိုက်။ ဆွေးနွေးလိုက်။ ပြန်တိုက်လိုက်နဲ့။ တိုက်ပွဲကို ငရဲပြည်ထိ ယူသွားကြမယ့်ပုံပဲ။ ဒီတော့ငြိမ်းချမ်းရေးကိစ္စကို ဘယ်အချိန်ပြောပြော ပြောလို့ရပါတယ်ဗျာ။
တုတ်ထိုး – ဒါဆို အခေါက်ရွှေလေးဘာလေး အကြောင်းပြောကြတာပေါ့။
အိုးပေါက် – အိုးပေါက်တို့ ချမ်းသာပုံများလေ။ အခေါက်ရွှေဈေးမပြောနဲ့ ဝက်ခေါက်တောင် အနိုင်နိုင်ရယ်။ ရှိတဲ့အခေါက်ကလည်း ရောင်းစားလို့ မရဘူး။
တုတ်ထိုး – ဘာအခေါက်လဲ။
အိုးပေါက် – ဗိုက်ခေါက်။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။ ။