တရုတ် – မြန်မာဆက်ဆံရေးရုံး ဖွင့်လှစ်

1604
မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲသို့တက်ရောက်သော ဗိုလ်ချုပ်အောင်စိုး

မတ် ၆

မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်နှင့် အခြားသတင်းအချက်အလက်များ အပြန်အလှန် မျှဝေသွားနိုင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့်  တရုတ် – မြန်မာ ဆက်ဆံရေးရုံးကို မတ်လ ၆ ရက်က မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးတွင် ဖွင့်လှစ်ခဲ့သည်။

တရုတ်- မြန်မာ ဆက်ဆံရေးရုံးဖွင့်လှစ်ချိန်တွင် မူးယစ်ဆေးဝါး နှိမ်နင်းတားဆီးရေး သာမကဘဲ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှုများ တားဆီးနှိမ်နင်းရေး၊ လက်နက်မှောင်ခိုမှုများနှင့် ငွေစက္ကူအတုပြုလုပ်ခြင်း အစရှိသည့် နိုင်ငံဖြတ်ကျော် မှုခင်းများကို တရုတ်နိုင်ငံနှင့် ပူးပေါင်းနှိမ်နင်းသွားရန် ဆန္ဒရှိကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

နှစ်နိုင်ငံ သဘောတူညီချက်အနေဖြင့် “မဲခေါင်ဒေသလုံခြုံရေး”ပူးပေါင်းစစ်ဆင်ရေးဗဟိုဋ္ဌာနသို့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအရာရှိများအား စေလွှတ်တာဝန်ထမ်းဆောင်စေခြင်း၊ သတင်းအချက်အလက်များအား ဖလှယ်နိုင်ရန် ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းအဆင့် အောက်ခြေအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားလုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်သည့် အမှုများနှင့်သတင်းအချက်များရှိပါက တရုတ်နိုင်ငံသို့ ပေးပို့ဖလှယ်ခြင်း၊ မြန်မာ- တရုတ်နယ်စပ်ဒေသများတွင် မူးယစ်ဆးဝါး ရောင်းဝယ်ခြင်းကို နှစ်နိုင်ငံထိရောက်စွာ တားဆီးရန်၊ တရုတ်နိုငံတွင် ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါး နမူနာကို ဓါတ်ခွဲရန်အတွက် တရုတ်နိုင်ငံသို့ပေးပို့ပြီး ရရှိလာသည့် အချက်အလက်ကို ပြန်လည်ပေးဆောင်ရန်၊ မြန်မာပြည်မြောက်ပိုင်းရှိ လုံခြုံရေးကောင်းမွန်သည့် နေရာများတွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းများအား ၂၀၁၇ – ၁၈ ခုနှစ်အတွက် ဆက်လက်ပူးပေါင်းရန်၊ ဘိန်းခင်းတိုင်းတာရေး စီမံချက်လုပ်ဆောင်ရန်နှင့် ဘိန်းခင်းတည်နေရာများအား မြန်မာနိုင်ငံသို့ မြေပုံအချက်အလက်များ ပေးပို့ရန်လည်း သဘောတူညီချက်များရရှိထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက အထက်ပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးများအား ရောင်းချခြင်း၊ စိုက်ပျိုးခြင်းနှင့် သုံးစွဲခြင်းများကို လျှော့ချနိုင်ရန်အတွက် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သင်တန်းများကို စေလွှတ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဓါတ်ခွဲခန်းအရာရှိများကို တရုတ်နိုင်ငံအမျိုးသားဓါတ်ခွဲ စမ်းသပ်ခန်းသို့ ခေတ္တစေလွှတ်ကာ တာဝန်ထမ်းဆောင်ရန်အတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ အစိုးရသို့ တရုတ်ငွေ ယွမ် ၁၅ သန်းခန့် တန်ကြေးရှိသော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများနှင့် ယူနန်ပြည်နယ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်မှ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ရုံးများတွင် မူးယစ်ဆေးဝါးနှိမ်နင်းနိုင်ရန်အတွက် တရုတ်ငွေ ယွမ် ၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး စမ်းသပ်ကိရိယာအပြင် မော်တော်ယာဉ် ၅ စီးကို တရုတ်နိုင်ငံအစိုးရက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အထက်ပါ အခမ်းအနားကို တရုတ်နိုင်ငံမှ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင်၊ အလုပ်အမှုဆောင် အတွင်းရေးမှူးချုပ်၊ ပြည်သူ့လုံခြုံရေး ၀န်ကြီးဋ္ဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူး Mr. Liang Yun ဦးဆောင်သည့် အဖွဲ့များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

၂၀၀၁ ခုနှစ်ကလည်း မြန်မာ – တရုတ်နှစ်နိုင်ငံ “မူးယစ်ဆေးဝါး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အစပြုဓာတုပစ်္စည်းများ ပူးပေါင်းထိန်းချုပ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ”ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here