နန်ဇော်ယန်ကျေးရွာ လမ်းခွဲအနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး၊ သေဆုံးရုပ်အလောင်းများအား လမ်းပေါ်တင်ပုံထား

32

ဇွန်၊၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ကျေးရွာလမ်းခွဲအနီး စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်တော် (KIA)တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို လာကောက်တာမရှိဘဲ လမ်းမှာတင်ပုံထားကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ဘက်ကနေ ဝူယန်ပြည်သူ့စစ်ဂိတ်မှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA တို့ လမြန်ကျေးရွာနဲ့ ဝူယန်ကျေးရွာကြား(နန်ဇော်ယန်လမ်းခွဲ) မှာ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲကနေ ၄ နာရီခွဲအထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိခဲ့တာလို့ ရှေ့တန်းရောက် KIA တပ်သားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ထိတွေ့တိုက်ပွဲတော့ မဟုတ်ဘူး။ သူတို့တက်လာတော့ ပစ်ခတ်ကြတာပေါ့။ တစ်ချို့(သေဆုံးရုပ်အလောင်း)တော့ သူတို့ သယ်သွားတယ်။ သုံးယောက်ကိုတော့ ကျွန်တော်တို့ဘက်က လိုက်ပစ်တော့ ထားထားလိုက်ကြတာပေါ့။ ဗိုလ်မှူးတစ်ယောက်ရောပါတယ်။လို့ ပြောပါတယ်။

အင်အား ၄၀ ကျော်လောက်ရှိတဲ့ အထက်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားအပြီး ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းဘက် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား သုံးဦးရဲ့ အလောင်းကို မနေ့က ဇွန်လ ၁၉ ရက်နေ့အထိ လမ်းမှာတင် ပုံထားတာတွေ့ရှိရတယ်လို့ မြင်မျက်တွေ့ရှိသူ ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

၁၀ ယောက်ကျော်လောက် ထိတယ်လို့တော့ကြားတယ်။ အဲဒီလမ်းကနေ ဖြတ်သွားတဲ့အချိန် သုံးယောက်သေနေတာတော့ တွေ့တယ်။ လမ်းမှာကို ပုံထားတာလို့ ဆိုပါတယ်။

အထက်ပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်လောက် သေဆုံးနိုင်ဖွယ်ရှိပြီး တစ်ချို့သေဆုံးသူအလောင်းတွေကိုတော့ စစ်ကြောင်းနဲ့အတူ ပြန်လည်သယ်ဆောင်သွားပေမဲ့ သုံးဦးရဲ့ အလောင်းကိုတော့ လက်ရှိအချိန်အထိ လာကောက်တာ မရှိသေးဘူးလို့လည်း အထက်ပါ KIA တပ်သားဆီကနေ ထပ်မံသိရှိရပါတယ်။

ဒါ့အပြင် အထက်ပါ နန်ဇော်ယန်ကျေးရွာ လမ်းဘက်မှာသာမက ဝူယန်ကျေးရွာအတွင်းက ပြည်သူ့စစ်ဂိတ်စခန်းအနီးမှာလည်း ညတိုင်းလိုလို သေနတ်ပစ်သံတွေကြားရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်းတွေကို KIA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဝိုင်းမော်မြို့နယ် ဆဒုံး-ချီဖွေလမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလိုဂိတ်အပြင် အဲဒီဂိတ်ကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်း၊ ဆဒုံးဗျူဟာကုန်းအပြင် လဖိုင်တပ်စခန်းကြီးကိုပါ တစ်ရက်တည်း အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here