ပင်လုံညီလာခံကို ဧပြီလ (သို့မဟုတ်) မေလဆန်းတွင် ကျင်းပနိုင်ရန် လျာထား

1493
၂၁ ရာစု ပင်လုံညီလာခံကျင်းပနေပုံ

မတ် ၂

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးကို ဧပြီလကုန်(သို့မဟုတ်) မေလဆန်းပိုင်းတွင် ကျင်းပရန်ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

အဆိုပါ တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပမည့်ရက်သတ်မှတ်သည့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် သတ်္တမအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (JICM) အစည်းအဝေးတွင် ဆွေးနွေးကာ သဘောတူညီမှု ရယူခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင်လည်း တတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးကို အမြန်ဆုံးကျင်းပနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း UPDJC နိုင်ငံရေးပါတီများအဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင် ဒေါက်တာတူးဂျာကမြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“UPDJC မှာ တတိယကြိမ် ပင်လုံအစည်းအဝေး အမြန်ဆုံးကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့တယ်။ ကျင်းပမယ့်ရက် သတ်မှတ်တာတော့ မလုပ်ခဲ့ကြဘူး။ JICM အစည်းအဝေးမှာက ရက်တော့ သတ်မှတ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ရက်မရွှေ့တော့ဘူး”ဟု ဒေါက်တာတူးဂျာ ပြောသည်။

တတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးကို လက်ရှိအချိန်ထိ မကျင်းပဖြစ်ဘဲ ကြန့်ကြာနေရခြင်းမှာ  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ရသေးသည့် ဒေသများ ရှိနေခြင်းကြောင့်ဟု UPDJC နိုင်ငံရေးပါတီများ အဖွဲ့ဝင် ဒေါက်တာတူးဂျာက ရှင်းပြသည်။

“မွန်နဲ့  လားဟူကလည်း NCA လက်မှတ်ထိုးဖို့ ဖြစ်လာတာကိုး။ သူတို့ စောင့်တာကတစ်ပိုင်း။ လက်မှတ်ထိုးပြီးပြီဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ရှိသေးတယ်။ နောက်တစ်ပိုင်းက  RCSS/SSA  က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဖြစ်သေးဘူး”ဟု ဒေါက်တာတူးဂျာက ဆက်လက်ပြောသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) အနေဖြင့် အစိုးရဘက်က သတ်မှတ်ပေးသည့်  လင်းခေးမြို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမပြုလုပ်မီ အကြိုဆွေးနွေးပွဲများကို နေရာပေါင်း ၂၀ တွင် ပြုလုပ်လိုနေသည်ဟု ဒေါက်တာတူးဂျာ၏ ပြောကြားချက်အရ သိရသည်။

ရှမ်းလူထုများနှင့် အကြိုဆွေးနွေးပွဲများ ကျင်းပခွင့်ကို တောင်ကြီးမြို့အပါအ၀င် အချို့နေရာများတွင် ပြုလုပ်ရန် အစိုးရနှင့် တပ်မတော်ကခွင့်ပြုခြင်းမရှိသည့်အတွက် လင်းခေးမြို့တွင်ပြုလုပ်မည့် ဆွေးနွေးပွဲကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ရွေးတဲ့ တချို့မြို့တွေကို တပ်ဘက်က ခွင့်မပြုဘူးလေ။ အကြိုဆွေးနွေးပွဲ ခွင့်မပြုရင် လင်းခေးမှာလည်း  မလုပ်နိုင်သေးဘူးပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမလုပ်နိုင်သေးဘူးဆိုရင် ပင်လုံညီလာခံလဲ ရက်ရွေ့ဆိုင်းရမယ်ဆိုတဲ့ဟာတွေ ရှိတယ်။ အဲဒါကြောင့် ကြန့်ကြာနေတာပါ။ အခုကတော့ လင်းခေးမှာပဲ လုပ်ဖို့ ပြောလိုက်ပြီ။ တခြားပြဿနာတော့ မရှိပါဘူး”ဟု၎င်းကပြောသည်။

အဆိုပါ JICM အစည်းအဝေးကို ဇန်န၀ါရီ ၁၃ ရက်တွင် NCA လက်မှတ် ရေးထိုးခဲ့ကြသည့် မွန်ပြည်သစ်ပါတီနှင့်လားဟူ ဒီမိုကရက်တစ်ပါတီတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် ၉ ချက်ကို JICM အစည်းအဝေးတွင် မှတ်တမ်းတင်အတည်ပြုခဲ့သည်ဟု သိရသည်။

တတိယအကြိမ် ပင်လုံညီလာခံအား ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ၏ ၆ ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ထားခဲ့သော်လည်း အထက်ပါ အကြောင်းကိစ္စများကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးတွင် ဒုတိယအကြိမ် အစည်းအဝေး၌ မပြီးပြတ်ခဲ့သည့် ပြည်နယ်များ၏ ဖွဲ့စည်းပုံရေးဆွဲခွင့်မှ ပြည်ထောင်စုမှခွဲမထွက်ရဆိုသည့်စကားရပ်အပေါ် အပြီးသတ် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်သော ဖြေရှင်းရန် ကိစ္စရပ်များအတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှသာညီလာခံကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဇန်န၀ါရီ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here