ပြည်နယ်အစိုးရရဲ့ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်တွေနဲ့ ဝန်ကြီးချုပ်မပြောဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် အရေးများ

870

အစိုးရသက်တမ်း ၄ နှစ်တာသက်တမ်းရောက်လာတဲ့အခါမှာ ကချင်ပြည်နယ်အစိုးရကနေ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်တွေကိုနိုင်ငံပိုင် သတင်းစာကတွေက ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကနေ စတုထ္တတစ်နှစ်တာကာလအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့အကြောင်းတွေ၊ လမ်းတံတား၊ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးကင်းစင်တဲ့ ပြည်နယ်ကြီးတစ်ခုဖြစ်လာစေဖို့၊ အစရှိတဲ့အကြောင်းအရာတွေ ရည်မှန်းချက် ၈ ချက်ထားပြီးတော့ ဦးတည်ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ကြီးက အကြောင်းအရာတစ်ခုချင်းစီအလိုက်ကို လုပ်ဆောင်ချက်တွေနဲ့ ကုန်ကျငွေတွေကို အသေးစိတ် အစီရင်ခံတင်ပြခဲ့တာကို တွေ့ရပြီးတော့ လူထုကြားချင်နေတဲ့ ကချင်ပြည်နယ်ရဲ့ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းရေး၊ စစ်ဘေးရှောင်ပြည်သူများအရေး၊ တရုတ်တစ်သျှူးငှက်ပျောအရေး၊ အစိုးရကနေပြုလုပ်မယ့် စီမံကိန်းဇုန် စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြောကြားခဲ့တာ မတွေ့ရပါဘူး။

အစိုးရအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာMကောန်လက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ လယ်ယာမြေအရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေကို အစိုးရက ပွင့်ပွင့်လင်းချပြရမယ့် အပိုင်းတွေမှာ အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ အစိုးရက ဖမ်းဆီးရမိတဲ့ အမှုပေါင်းကိုပဲ ချပြခဲ့ပြီးတော့ တကယ့်ရင်းမြစ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကဏ္ဍနှိမ်နင်းမှုကို မချပြနိုင်ခဲ့ကြောင်း၊ လယ်ယာမြေကဏ္ဍတွင်လည်း ပုံစံ(၇) ပေးရုံနဲ့ မလုံလောက်ဘဲ အခြားလယ်ယာမြေ လုပ်ပိုင်ခွင့်တွေကိုလည်း အတိအကျပေးရမှာဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဝေဖန်သုံးသပ်ပါတယ်။

“အဓိကပြောချင်တာက Land Registration ပါ။ ဒါကဒေသန္တရအစိုးရက လုပ်ကိုလုပ်ရမယ့်ကိစ္စ။ တစ်ခြားပြည်နယ်နဲ့ တိုင်းဒေသကြီး လုပ်လုပ် မလုပ်လုပ် ကိုယ့်ပြည်နယ်ထဲမှာ မြေလွတ်၊မြေလတ်၊ မြေရိုင်း ဘယ်လောကရှိလဲ၊ သစ်တော ဧရိယာ ဘယ်လောက်ရှိလဲ။တောင်ယာလုပ်ငန်း လုပ်နေတာ ဘယ်လောက်ဆိုတာလုပ်ဖို့လိုတယ်။ တက်လာတဲ့အစိုးရက လုပ်ကိုလုပ်ရမှာ။အဲဒီ တစ်ချက်ကျန်နေတယ်” လို့ ဒေါက်တာ Mကောန်လက သူ့ရဲ့အမြင်ကို ပြောပါတယ်။

ကချင်ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုရှိပါတယ်။ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်ပါ။ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ နောက်ဆိုရင် နန်ကျင်စီးပွားရေး စီမံကိန်းဇုန်တွေ၊ ကန်ပိုက်တည် ကုန်သွယ်ရေးဇုန်တွေ ဖြစ်လာမှာတွေကြောင့် ကချင်ပြည်နယ်စီးပွားရေးရဲ့ အချက်အချာ ကျတဲ့ စခန်းတစ်ခုဖြစ်လာမှာပါ။ ဒီအကြောင်းတွေရော ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးချုပ်အစီရင်ခံတဲ့အချိန်မှာ ထိထိရောက်ရောက် ထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။ ဝန်ကြီးချုပ် အစီရင်ခံစာမှာပါတဲ့ အရာတွေကို ထုတ်နုတ်တင်ပြရမယ်ဆိုရင် ၂၀၁၉ခုနှစ်ရဲ့ တစ်နှစ်တာကာလတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ အမှုကြီး (၁၀) မျိုးထဲကနေ (၉၃) မှုဖြစ်ပွားခဲ့ပြီး (၆၉) မှုကို စွဲချက်တင်နိုင်ခဲ့ပြီးတော့ အခြားမှု (၁၈၈၁) မှုမှာ (၁၂၃၇) မှု စွဲချက်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့လူကုန်ကူးမှု (၂၅) မှုမှာလည်း (၂၀) မှုကို စွဲချက်တင်နိုင်ခဲ့ပြီး ကြိုတင်ကာကွယ်မှု (၄၃၇၄)မှု လုပ်ဆောာင်နိုင်ခဲ့လို့ မှုခင်းဖြစ်တာဟာ သိသိသာသာ လျော့နည်းလာတာတွေ ပါပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ လမ်းဦးစီးအနေနဲ့ ဗဃ ကတ္တရာလမ်း (၉) မိုင် (၆)ဖာလုံ၊ ကွန်ကရစ်လမ်း (၅၅)မိုင် (၂) ဖာလုံ၊ ကတ္တရာလမ်း(၄၅) မိုင် (၁) ဖာလုံ၊ ကျောက်လမ်း (၅) မိုင် (၁) ဖာလုံ၊ အမာခံလမ်း (၁) မိုင်(၂) ဖလုံ၊ တောင်ချဲ့ခြင်း (၄၆)မိုင် (၇) ဖာလုံ၊ တံတားအနေနဲ့ ပေ (၅၀) အောက်တံတား(၃၀၅) စင်း၊ ပေ (၅၀) နဲ့ (၁၀၀) ကြား (၁) စင်း၊ ပေ (၁၀၀) နဲ့ (၁၈၀) ကြား (၁)စင်း အစရှိတာတွေကို ပြည်ထောင်စုရန်ပုံငွေ (၂၂) ဒဿမ (၆၆၆) ဘီလီယံ၊ ပြည်နယ်ရန်ပုံငွေ (၄၉) ဒဿမ (၅၈၂) ဘီလီယံ စုစုပေါင်း (၇၂) ဒဿမ (၂၄၆) ဘီလီယံ အကုန်အကျခံတည်ဆောက်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က အစီရင်ခံထားပါတယ်။

စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ (၆၃၉)သန်းကျော်နဲ့ လမ်းလုပ်ငန်း(၄၆) ခု၊ တံတားလုပ်ငန်း(၁၀) ခု၊ ရေပေးရေးနဲ့ အခြားလုပ်ငန်း (၆) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်းသိရပါတယ်။
ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ(၃)ဒဿမ (၁၅)ဘီလီယံနဲ့ လမ်းလုပ်ငန်း (၁၉၄) ခု၊ တံတားလုပ်ငန်း (၁၇၁) ခု၊ ရေပေးရေးနဲ့ အခြားလုပ်ငန်း (၃၂၅) ခုတို့ကို လုပ်ဆောင်ရွက်ပေးနိုင်ခဲ့တယ် လို့လည်း ဖော်ပြထားပါတယ်။

“သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်များဟာ ပြီးပြည့်စုံပြီလို့ မယူဆပါဘူး။ လိုအပ်ချက်တွေပြည့်စုံဖို့အများကြီး ရှိနေဦးမယ်လို့ မှတ်ယူပါတယ်။ဒီတော့ နောင်နှစ်တွေမှာပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆထက်ထမ်းပိုးကြိုးပမ်း ဆောင်ရွက်သွားပါ့မယ်လို့ ကတိပေးပြောကြား ပါတယ်”လို့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကနိဂုံးချုပ်မှာ ထည့်သွင်းပြောကြားပါတယ်။

ကျောက်စိမ်းထုတ်လုပ်မှုအပိုင်းမှာလည်း တန်ပေါင်း(၃၄၆၃၈) တန် ထုတ်လုပ်နိုင်ခဲ့ပြီး (၄၄၃၃၂) ပိဿာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါတွေကလည်း သက်ဆိုင်ရာဋ္ဌာနဆိုင်ရာတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပါ။ တရားမဝင်ထွက်သွားတဲ့ ကျောက်စိမ်းတွေကိုလည်း ထိန်းချုပ်ရ ခက်ခဲနေတာကတော့ ဒီနေ့အထိပါပဲ။

“ကျွန်တော်လွတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြောရရင် ထိလွယ်ရှလွယ်တဲ့နေရာတွေမှာ တရားဝင်ဆောင်ရွက်တဲ့ လုပ်ငန်းပိုင်းကိုပဲ အဓိကထားပြီးဆောင်ရွက်ကြရတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေတောင်မှ လုံခြုံရေးအရ သွားလို့မရတဲ့ နေရာတွေရှိတယ်”လို့ ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ်ဦးလအောင်က သုံးသပ်ပြောဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ အများကြီးရှိနေပေမယ့်လည်း ကချင်ပြည်နယ်မှာအ ရေးကြီးဆုံးထဲက တစ်ခုက တစ်သျှူးငှက်ပျောအရေးပါ။ ကချင်ပြည်နယ်မှာ တရုတ်တစ်သျှူးငှက်ပျော စိုက်ခင်းတွေ ဧကပေါင်း တစ်သိန်းခွဲလောက်ရှိနေပါပြီ။ အခုဆိုရင် လုပ်ခလစာမရတာတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ စတဲ့ ပြဿနာတွေအများကြီးပါ။ တရုတ်ရဲ့ဒီလိုပါဝင်ပတ်သက်မှုတွေ ပြည်သူလူထုက သိချင်နေကြတာ။ တစ်သျူးငှက်ပျောအရေးမပြောဖြစ်တဲ့အပေါ်မှာလည်း မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

“ပြည်သူတွေ အားမရတာကတော့ ဒီငှက်ပျောကိစ္စလေးတစ်ခုပဲရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ အားရစရာတွေရှိနေပါတယ်။ တိုးတက်မှုတွေ အများကြီးရှိနေပါတယ်”လို့လည်း ပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်ဝင်းရဲ့သုံးသပ်မှုကို တွေ့ရပါတယ်။

တစ်နိုင်ငံလုံးရဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတဲ့ အချက်ပါပဲ။ ဒါကလည်း ငြင်းလို့မရတဲ့အရာတစ်ခု ပါ။ ကချင်ပြည်နယ်မှာ နိုင်လွန် ကတ္တရာလမ်းတွေ၊ ကွန်ကရစ်လမ်းတွေ၊ ကျေးရွာချင်း ဆက်လမ်းတွေဟာ လက်ရှိအစိုးရလက်ထက်မှာ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။ ပြည်သူလူထုကလည်း ဒါကို အသိအမှတ်ပြုကြပါတယ်။

“ပူတာအိုဆိုလို့ရင်လည်း အရင်က ပွင့်လင်းရာသီဆိုရင်တောင် ရက်ရှည်သွားရတယ်။ အခုတော့ နေ့ချင်းပေါက်သွားပြီ။ ဘယ်အစိုးရလက်ထက်မှ ဒီလမ်းဟာမပေါက်ခဲ့ဘူး”လို့ မြစ်ကြီးနားမြို့ဒေသခံ ဦးပေါ်ဦးက အစိုးရရဲ့ လုပ်ဆောင်ချက်တစ်ခုကို ထောက်ပြပြောဆိုပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ နီးစပ်ဖို့ဆိုရင်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လူထုသိအောင်ချပြဖို့က နံပါတ် (၁) အချက်ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ အခက်ခဲတွေ၊ အကြောင်းအရာတွေ၊ ရေရှည်လုပ်မယ့် အစိုးရစီမံကိန်းတွေ၊ ပြည်နယ်တွင်းက လူထုသိချင်နေတဲ့ အကြောင်းအရာတွေ၊ ဘတ်ဂျတ် ပွင့်လင်းမြင်သာမှုတွေ၊ အစိုးရနဲ့ပြည်သူ ဟန်ချက်ညီညီ လုပ်ဆောင်တာတွေ စသဖြင့်ပြည်သူကို အသေးစိတ် ချပြရမှာပါ။

“လက်ရှိအစိုးရအနေနဲ့ ပြည်သူနဲ့အတူရှိတယ်ဆိုတဲ့အတိုင်း ပြဿနာတစ်စုံ တရာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်ပြည်သူ့အသံကို နားထောင်ပါ။ နောက်ပြီး အစိုးရတစ်ခုအနေနဲ့ ဆောက်ရွက်တဲ့ အခါမှာလည်း ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုအပ်တယ်။ အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ဗဟိုရဲ့ချုပ်ကိုင်မှု တအားကြီးမားလာတာလေးတွေကို လျှော့ချပေးစေလိုတယ်”လို့ ဝိုင်းမော်မြို့နယ်က တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က သုံးသပ်ပြောဆို ပါ တယ်။

ပြည်နယ်အစိုးရအနေနဲ့ ကချင်ပြည်နယ်အရေးတွေကို စုံလင်အောင် အစီရင်မခံနိုင်ခဲ့ပေမယ့်လည်း လမ်းတံတား၊ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ အခြေခံလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ တတ်နိုင်တဲ့ဖက်ကနေလုပ်ဆောင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here