မလုံခြုံမှုတွေကြားက လုံခြုံအောင် တည်ဆောက်ခဲ့တဲ့ ဒုတိယအိမ်ငယ်

333
အလယ်ကျွန်းးရွာ-ကသာမြို့

နန်းမျိုးမြတ်နှင်း ရေးသားသည်။

အသက် (၄၀) ကျော်ရှိပြီဖြစ်တဲ့ ဦးနိုင်လင်းကတော့ သူ့မိသားစု လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့အရေး စုထားတဲ့ပိုက်ဆံ အနည်းငယ်နဲ့ သွပ်မိုး၊ ပျဉ်ခင်၊ ပျဉ်ကာ နေအိမ်လုံး တစ်လုံး တည်ဆောက်နေပါတယ်။

သူနေတဲ့ ရွာကနေ (၂) ပတ်လောက် တိမ်းရှောင်နေခဲ့ရာကနေ ရွာအတွင်းပြန်ပြီး နေအိမ်ဆောက်လုပ်နေတာပါ။
“ကျွန်တော်နဲ့အပါအဝင် နှစ်အိမ်ပဲ ဆောက်နိုင်သေးတယ်။ ကျန်တဲ့ဟာတွေက မဆောက်နိုင်သေးဘူး။” လို့ ဦးနိုင်လင်းကပြောပါတယ်။

ဦးနိုင်လင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှာ နေထိုင်သူ တစ်ဦးပါ။
ဦးနိုင်လင်းတို့ နေအိမ်အပါအဝင် အလယ်ကျွန်းကျေးရွာက နေအိမ် (၂၇) လုံးကို စစ်ကောင်စီစစ်ကြောင်းတစ်ခုကနေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

သမီးပျိုမွေးထားတဲ့ ဦးနိုင်လင်းတို့ လင်မယားဟာ တောတောင်ထဲ တိမ်းရှောင်နေချိန် လုံခြုံမှု မရှိတာကြောင့် စွန့်စားပြီး ရှိစုမဲ့စု ငွေလေးနဲ့ နေအိမ်ပြန်ဆောက်လုပ်မယ့် လမ်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

“ဒီကလေးတွေအတွက်က နေရေးထိုင်ရေးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတော့ ဆောက်လိုက်တာ။ အဲဒီလိုမီးပြန်ရှို့ရင်လည်း ပါသွားရင်လည်း ပါပေါ့နော်။ မရှို့ရင်လည်း ရပ်ရှည်ပြန်ရပ်တည်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ဆောက်တာ။” လို့ ဦးနိုင်လင်းက ပြောပြပါတယ်။

အင်တာဗျုးဖြေဆိုနေတဲ့အချိန်(ညနေ ၆ နာရီလောက်)မှာ အိမ်ပြန်လည်ဆောက်လုပ်နေတဲ့ လွှဆွဲသံ၊ တူရိုက်သံ စတဲ့ အသံတွေကိုလည်း အတိုင်းသား ကြားနေရပါတယ်။

ဦးနိုင်လင်းတို့ မိသားစုတွေ နေလာခဲ့တဲ့ အိမ်ဟာ ပျဉ်ထောင် နှစ်ထပ်အိမ်လေးဖြစ်တော့ မီးထဲအကုန်ပါသွားပြီး ပြာပုံအတိသာ ကျန်ရှိခဲ့တဲ့အတွက် အစကနေ ပြန်လည်တည်ဆောက်နေရတာပါ။ လတ်တလောမှာတော့ ကျပ် (၂၅) သိန်းလောက်သာ ကုန်ကျနိုင်မယ့်အိမ်ကလေးကို အိမ်နီးနားချင်းအကူအညီနဲ့ ပြန်လည်ဆောက်လုပ် နေတာလည်း ဖြစ်ပါတယ်။

ရပ်ရွာလူကြီးတွေက အစီစဉ်ဆွဲပြီး နေအိမ်ဆုံးရှုံးသွားတဲ့ သူတွေကို အိမ်တိုင်တွေ၊ အခင်းနဲ့အကာအတွက် ဝါးတွေခုတ်ပေးပြီး သစ်သားတွေ အတွက်လည်း စီစဉ်မှု အနည်းလုပ်ပေးထားတယ်လို့ ဦးနိုင်လင်းက ပြောပါတယ်။

ဇန်နဝါရီ လလယ်လောက်ကပဲ စစ်ကောင်စီရဲ့ ရွှေကူ ခလရ (၆၀၂) တပ်ရင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁) တပ်ရင်း နှစ်ခုပေါင်းပြီးတော့ ကသာမြို့နယ်၊ အင်းဝါတိုက်နယ်၊ ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာကြပြီး ရွာထဲကအိမ်တွေကို မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေထိုင်စရာ မရှိတဲ့ အလယ်ကျွန်းဒေသခံတွေဟာ နေအိမ်တွေ ပြန်လည် ဆောက်လုပ်နေတာပါ။

အလယ်ကျွန်းကျေးရွာအပါအဝင် ဒိုးပင်၊ ပျဉ်ထောင်လေး၊ ပျဉ်းထောင်ကြီး၊ညောင်ပင်ကွင်း၊ဆိပ်ငူ၊ တန်တောင်၊ သက်ကယ်ကျင်း စတဲ့ကျေးရွာတစ်လျှောက် စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်ခဲ့ပြီး နေအိမ်တွေပါ မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ထောင်စု (၅၀၀၀) လောက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်ပေါင်း ၆ သောင်းကျော်ရှိခဲ့ပြီး စစ်ဘေးရှောင်အရေအတွက်ကလည်း ၁ သန်းကျော်အထိရောက်ရှိသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

တိုင်းနဲ့ ပြည်နယ်အတွင်းမှာ အဲဒီလို နေအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အများဆုံးနေရာက စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် တချို့ကျေးရွာက ဒေသခံတွေက လက်ရှိအချိန်အထိ ရွာထဲကို ပြန်လာလို့ မရတဲ့အခြေအနေကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အနီးအနားဝန်းကျင်ရွာက ကူညီမှုတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားတဲ့အတွက် တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သူတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့ လူသားချင်း၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီသင့်တယ်။ ဒါကိုကျွန်တော်တို့ ဘယ်လိုကူညီမလဲဆိုတော့ လူထုအင်အား၊ ဘာသာရေးအစီစဉ် ဖြစ်ဖြစ် ခေါင်းစဉ်တစ်ခုထုတ်ပြီး သူတို့ဆီရောက်အောင် လာကူညီနိုင်ရင်တော့ ကောင်းတယ်။” လို့ အကူအညီရနိုင်မယ့် နည်းလမ်းကို အထက်ပါအမျိုးသား ရှင်းပြပါတယ်။

မြန်မာနိုင်ငံတစ်လုံးမှာ အခုလိုစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် နေအိမ်ဆုံရှုံးသွားတဲ့သူတွေရဲ့ လတ်တလောစားဝတ်နေရေးကို နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လက်လှမ်းမှီသလောက် ကူညီထောက်ပံ့ပေးမှုတွေရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးဆီက သိရပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ ဖမ်းဆီးတာခံရတဲ့ ကျန်မိသားစုဝင်တွေကိုလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေတယ်လို့လည်း အထက်ပါအမျိုးသားကဆိုပါတယ်။

အခုချိန်မှာတော့ အလယ်ကျွန်းကျေးရွာက နေအိမ် မီးရှို့ခံပြည်သူတွေ ရွာထဲပြန်လာပြီး နေအိမ်ဆောက်လုပ်နေရာမှာ ဝါးတွေကတော့ လုံလောက်ပြီဖြစ်ပေမယ့် အိမ်တိုင်တွေနဲ့ ပျဉ်တွေကတော့ လိုအပ်နေပါသေးတယ်။

စားဝတ်နေရေးအတွက်တော့ တစ်ခြားဒေသခံတွေနဲ့ နီးစပ်သူတွေက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေနဲ့ ဟင်းသီးဟင်းရွက်တွေအဆုံး လာမျှဝေပေးကြတဲ့အတွက် လတ်တလောမှာ အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။

စပါးမပေါ်မီအထိတော့ ဆန်တွေကို ဝယ်စားရဦးမှာ ဖြစ်ပြီး အိမ်ဆောက်ပြီးရင်တော့ အရင်တုန်းကလို ကုန်စုံဆိုင်အထိ မရောက်နိုင်ပေမယ့် မိသားစုစားဝတ်နေရေး အဆင်ပြေအောင် အိမ်ဆိုင်လေးကို အစကနေ ပြန်တည်မှာ ဖြစ်တယ်လို့ ဦးနိုင်လင်းက ယုံကြည်ပါတယ်။

ဒါပေမယ့် အိမ်တည်ဆောက်ပြီးစီးခဲ့ရင်တောင် ဦးနိုင်လင်းတစ်ယောက် စိတ်မအေးချမ်းနိုင်သေးပါဘူး။ သူ့အနေနဲ့ လွတ်လပ်တည်ငြိမ်တဲ့ အရင်အခြေအနေကို အမြန်ဆုံးရောက်ချင်နေပြီး စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာမှာကိုလည်း စိုးရိမ်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here