မိုင်းနောင်ကျေးရွာတွင် အရိုးကျီးပေါင်းဝေဒနာမခံစားနိုင်၍ မိန်းကလေးတစ်ဦးကြိုးဆွဲချသေဆုံး

1509

မိုးညှင်း၊ မေ ၈

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် လူငယ်အမျိုးသမီးတစ်ဦး နှုတ်ဆက်စာရေးသားပြီး မေလ ၈ရက်နေ့ မနက် ၇ နာရီခန့်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ထိုမိန်းကလေးသည် မိုင်းနောင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက်၂၇နှစ်အရွယ် မနန်းမေထွန်းဖြစ်ကြောင်းသိရသည်

သေဆုံးသူမှာ အရိုးကျီးပေါင်းဝေဒနာ ခံစားနေရသဖြင့် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက မြစ်ကြီးနားဂျာနယ်သို့ပြောသည်။

   “သမီးက လည်ပင်းဂုတ်ကြောမှာ ကျည်းပေါင်းရောဂါဖြစ်လို့ မပျောက်ဘဲဖြစ်နေလို့ သူစိတ်ညစ်နေတယ်။ မနက်မှာသူ့အတွက် ခေါက်ဆွဲသွားပေးတော့ အခုလိုသေဆုံးနေတာတွေ့ရတယ်”ဟု သေဆုံးသူ၏မိခင် ဒေါ်ခင်ဌေး(ခ)ဒေါ်မဖုက ရှင်းပြပြောဆိုသည်။

မနန်းမေထွန်း မသေဆုံးမီက ဗလာစာရွက်တစ်ရွက်တွင် “ကျန်ရစ်သူအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ဒီဘ၀မှာ အသက်ဆက်မရှင်ချင်တော့လို့ပါ၊ အားလုံးကိုချစ်ပါတယ်။ သေသွားခဲ့ရင်မငိုပါနဲ့ ကျမဘ၀နဲ့ကျမရှိပါစေတော့”ဟု ရေးသားထားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို လုံးတုံနယ်မြေရဲစခန်း ဒုစခန်းမှူးရဲအုပ်မင်းဇော်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ နေအိမ်အပေါ်ထပ်ရှိ ထုတ်တန်းတွင် အရှည် ၆ ပေခန့်ရှိ ခရမ်းရောင်နှစ်ပင်လိမ် နိုင်လွန်ကြိုးကို ကွင်းလျောပြုလုပ်ပြီး လည်ပင်းတွင်စွပ်ကာ ညာဘက်သို့ ဦးခေါင်းစောင်းလျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ဓာတ်ကျ၍ မိမိကိုယ်ကိုယ်ကြိုးဆွဲချသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် လုံးတုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ်- ၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ထွန်းထွန်း(မိုးညှင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here