ဖေဖော်ဝါရီ ၄
မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဥ်တစ်စီးမှ ငွေကျပ်သိန်း ၁၇၀၀ ခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမှုးယစ်ဆေးဝါများကို ဗန်းမော် မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁)မှ ဒုရဲအုပ် ဖြိုးသူအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် လွယ်ဂျယ်မှ မိုးမောက်မြို့သို့ ဆိုင်းဆန်မိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်၏ အနောက်ဖက်ခြမ်း စက္ကူဂျပ်ဖာပုံးတွင် ထည့်ထားသော ရောင်စုံဆပ်ပြာခွက်များ အတွင်းမှ ကာလတန်ဖိုးငွေကျပ်(၁၆၉၄)သိန်းရှိသော ဘိန်းဖြူအမှုန့် အလေးချိန် ၁၆၉၄ ဂရမ်အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းမှသိရသည်။
ကားမောင်းနှင်လာသူမှ ၎င်းအနေဖြင့် လွယ်ဂျယ်မှ မြစ်ကြီးနားသို့ ပြန်မည်ဖြစ်ပြီး လွယ်ဂျယ်မြို့ အူမားဘွမ်ကားဂိတ်မှ ဂိတ်မှူး နှင့် ဂိတ်စာရေးမ တို့က မြစ်ကြီးနားမြို့ အဝေးပြေးကား ၀င်းအတွင်းရှိ အူမားဘွမ် ကားဂိတ်သို့ ပို့ဆောင်ပေးရန် တင်ဆောင်ပေးလိုက်သည့် ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုရာ ဖမ်းဆီးရေးအဖွဲ့မှ လွယ်ဂျယ်လှုပ်ရှားအဖွဲ့သို့ ဆက်သွယ်ပြီး သွားရောက်ဖမ်းဆီး ရမိခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းမှသိရသည်။
ထို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသူ အမျိုးသားနှင့်အတူ၊ လွယ်ဂျယ်မြို့၊ အူမားဘွမ်ဂိတ်မှူး နှင့် ဂိတ်စာရေးမ နှင့် မြစ်ကြီးနားမြို့နေသူ(စုံစမ်းဆဲ)တို့ကို မိုးမောက် မြို့မရဲတပ်ဖွဲ့ စခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
မွန်းမွန်းပန်