နိုဝင်ဘာ၊၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် လက်ရှိအချိန် စစ်ရေးအခြေအနေ ငြိမ်သက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အထက်ပါ ခမရ ၄၃၇ တပ်စခန်းကြီးကို သိမ်းပိုက်ပြီးနောက် လေးရက်လောက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန် ထိုးလာတဲ့အတွက် စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။
မိုးမောက်ဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်သာမက ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မိုးမောက်ဘက် ဗန်းမော်ကနေ စစ်ကောင်စီတပ်သားတွေ အမြဲ စစ်ကြောင်းထိုးနေတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတယ်။ တစ်နေ့ကို နှစ်ခေါက်၊ သုံးခေါက်လာတယ်“လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မိုးမောက်မြို့ဘက် အောက်တိုဘာလ ၆ ရက်နေ့လောက်ကနေ အောက်တိုဘာလ တတိယအပတ်လောက်အထိ စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ် ငြိမ်သက်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ တစ်ဖန် စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် KIA ဘက်က ခုခံတိုက်ပွဲပြန်လည်ဖြစ်ပွားလာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကြီးကို တစ်လနီးပါး တိုက်ခိုက်ခဲ့ရပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ KIA ကနေ အပြီး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ပါ ခမရ ၄၃၇ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာပဲ မံစီမြို့အနီးက ကောင်ဂျာယန်တပ်စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့ညနေပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး အပြီးသတ် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်တပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့တွေကနေ အောက်တိုဘာလအတွင်းမှာပဲ ကချင်းအထူးဒေသ ၁ ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကချင်နယ်ခြားစောင့်တပ်(BGF)တွေဖြစ်တဲ့ အမှတ် ၁၀၀၁၊ ၁၀၀၂၊၁၀၀၃ တပ်ရင်းတွေနဲ့ ဌာချုပ်ခြေစိုက်ရာ ပန်ဝါမြို့အပြင် ချီဖွေနဲ့ ဆော့လော်မြို့တွေကိုလည်း သိမ်းပိုက်ထားပြီးပါပြီ။