နိုဝင်ဘာ၊၇
ကချင်ပြည်နယ်၊ပူတာအိုမြို့မှာ စက်သုံးဆီနဲ့ တခြားကုန်ပစ္စည်းဈေးနှုန်းတွေ အရင်ကထက် လျော့ကျနေပြီဖြစ်ပေမဲ့ မြစ်ကြီးနားဘက်က ဝင်တဲ့ကုန်တချို့တော့ အနည်းငယ်စီ ပြန်လည် မြင့်တက်နေတယ်လို့ သိရပါတယ်။
တရုတ်နယ်စပ်ဂိတ်ပိတ်တဲ့နောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်နေပြီး ပူတာအိုမြို့မှာတော့ ဆန်နဲ့စက်သုံးဆီတွေ ဈေးသိသိသာသာ လိုက်မြင့်တက်တာတော့မရှိဘဲ မြစ်ကြီးနားဘက်ကဝင်တဲ့ တခြားကုန်တွေနဲ့ အသားငါးတွေတော့ ဈေးမြင့်တက်လာတယ်လို့ ပူတာအို ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မြစ်ကြီးနားကုန်တွေက အကုန်လုံး နည်းနည်းစီတက်တယ်။ ခါတိုင်းဈေးထက် ဒါပေမဲ့အရမ်းကြီး မတရားတက်တာမျိုး မဟုတ်ဘူးဆိုတော့ သင့်တော်တဲ့ ဈေးနဲ့ ရောင်းပေးနေကြပါတယ်။ မြစ်ကြီးနားတက်လို့သာ ဒီမှာ နည်းနည်းတက်တဲ့သဘောပေါ့။“ လို့ဆိုပါတယ်။
ဆန်ဈေးကတော့ ပူတာအိုကို ကုန်ကားတွေ ပြန်ဝင်ရောက်လာတဲ့ နောက်ပိုင်းကနေ တဖြည်းဖြည်း ကျဆင်းလာတာဖြစ်ပြီး လက်ရှိ တစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ (တစ်သိန်းလေးသောင်း)ကနေ ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်း) ဝန်းကျင်ဈေး ရှိတယ်လို့ဆိုပါတယ်။
စက်သုံးဆီ ဓာတ်ဆီတစ်လီတာလည်း ကျပ် ၁၂,၀၀၀ တစ်သောင်းနှစ်ထောင်နဲ့ ရောင်းချနေကြတယ်လို့ သိရပါတယ်။ ဆီပန့်ဆိုင်တွေ အားလုံးဖွင့်လှစ်ထားပြီး ဆီပြတ်လပ်တာမရှိသလို ပြင်ပဆိုင်သေး တွေမှာတော့ အနည်းငယ်မြင့်တက်လာပေမဲ့ ဆီဒိုင်မှာတော့ ပုံမှန်ဈေးနဲ့ ရောင်းချနေဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီအများပိုင်းဟာ လမ်းပြန်ဖွင့်လာကတည်းက ဝင်ထားတဲ့အခြေအနေကြောင့် မြစ်ကြီးနားဘက်မှာ ဈေးမြင့်တက်ပြီး ပြတ်လပ်မှုတွေရှိလာပေမဲ့ ပူတာအိုမှာတော့ လတ်တလောအထိ သိသိသာသာ ပြန်လည်မြင့်တက်လာတာမရှိသေးဘူးလို့ ပြောပါတယ်။
မြစ်ကြီးနား- ပူတာအိုကားလမ်းပိုင်းလည်း လက်ရှိမှာတော့ ပုံမှန်သွားလာလို့ရနေပြီး ကုန်ပစ္စည်း တွေလည်း ပုံမှန်သယ်ယူလို့ရနေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဘက်မှာတော့ တိုက်ပွဲအခြေအနေတွေကြောင့် တရုတ်နယ်စပ် ကန်ပိုက်တီဂိတ်ပိတ်သွားတဲ့နောက် စက်သုံးဆီကားတွေ အဝင်မရှိတာကြောင့် စက်သုံးဆီ ဈေးတွေ မြင့်တက်ပြီး ကုန်ဈေးနှုန်းတွေလည်း ပြန်လည်မြင့်တက်နေတာဖြစ်ပါတယ်။