မေ၊၂၂
မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းတွင် နေထိုင်နေသည့် အိမ်ထောင်စု (၁၀၀) နီးပါး နေရပ်ပြန်တော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်ခဲ့ရသည့် ရေကြည်ကျေးရွာ၊ သာပတောင်းကျေးရွာနှင့် ဟိုကပ်ကျေးရွာများမှ အိမ်ခြေ (၉၀) ကျော် အနေဖြင့် မေလ (၂၅) ရက်တွင် နေရပ်ပြန်တော့မည် ဖြစ်သည်။
ယင်းသို့ နေရပ်ပြန်မည် ဖြစ်သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိုးရိမ်ပူပန်နေရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“သူတို့ဘက်က ညှိနှိုင်းပေးထားတာတွေတော့ ရှိတယ်။ အဲဒီဘက်က အားလုံးကို သတင်းပို့ထားတာတွေတော့ ရှိတယ်။ စစ်ရှောင်တွေလည်း အရင်တည်းက ပြန်တာမျိုးသာ မရှိတာ အခင်းသွားတာတို့တော့ ပုံမှန်လုပ်နေတယ်။ အခုက လုံးဝအပြီးအပိုင် တရားဝင်ပြန်မှာ ဟုတ်တယ်။ အဆင်ပြေတာတော့ မဟုတ်ဘူး။ မနှစ်တည်းက အိမ်ဆောက်တာတွေတော့ လုပ်ထားပြီဆိုတော့ ဒီနှစ်က မပြန်မနေ ပြန်ရတော့တာပေါ့။ ပြန်သွားရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။ အခုက အဲဒီဘက်မှာဆို PDF တွေရော စစ်ကောင်စီဘက်ရော အများကြီးရှိတယ်။ ပြန်တာတော့ ဟုတ်တယ် စိုးရိမ်တာတွေတော့အများကြီးရှိတာပေါ့”ဟုဆိုသည်၊
နေရပ်ပြန်နိုင်ရန်အတွက် လွန်ခဲ့သည့် (၂) နှစ်ခန့်ကတည်းက ကြိုးစားပြင်ဆင်ခဲ့ကြပြီး ရေကြည်ကျေးရွာ ဒေသခံများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ HCC မှ လူနေအိမ်များ တည်ဆာက်ပေးခဲ့ပြီး သာပတောင်းကျေးရွာနေ စစ်ရှောင်ပြည်သူများအတွက် နေအိမ်မရရှိကြသေးကြောင်းလည်း သိရသည်။
“ရေကြည်ကျေးရွာက အကုန်လုံးတော့ အိမ်ဆောက်ပြီးပြီ။ ဒါပေမယ့် အခုပြန်မယ့် အထဲကတောင် တချို့တွေက အိမ်မရသေးဘူး။ သာပတောင်းဘက်က သူတွေတွက်တော့ မရသေးဘူး။ ကျွန်မတို့က KBC ဆိုက်နဲ့ဆိုတော့ အိမ်တွေတော့ အကုန်ဆောက်ပြီးပြီ။ ဒီသာပတောင်းက အိမ်ခြေ (၆), (၇) အိမ်တွက်ကတော့ မပါသေးဘူးပေါ့။ ဒါပေမယ့် နေရာ ဒေသအလိုက် ပြန်ရတဲ့ သဘောပေါ့။ အိမ်တော့ ပြန်ဆောက်ပေးမယ်လို့ ပြောတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။
နေရပ်ပြန်ပြီး (၆) လအကြာထိ World Food Program (WFP) မှ စားဝတ်နေရေးအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းတွင် လူဦးရေ တစ်ထောင်ကျော် တိမ်းရှောင်လျက်ရှိသည်။