မြစ်ကြီးနား-တီယန်ဇွပ်လမ်းပိုင်းအချို့ ထိခိုက်ပျက်စီးသွားပြီး အင်ဆွပ်ဇွပ်ရွာကနေ တီယန်ဇွပ်ကျေးရွာအထိ ရေလမ်းကြောင်းကနေတဆင့် လူတစ်ဦးကို ငါးသောင်းကျပ်နှုန်းနဲ့ ပို့ဆောင်ပေး

7

 

ဇူလိုင်၊၈

ဧရာဝတီမြစ်ရေ ရေကြီးရေလျှံဖြစ်ပြီးနောက် မြစ်ကြီးနား-တီယန်ဇွပ်လမ်းပိုင်းအချို့ ထိခိုက်ပျက်စီးသွားပြီး အင်ဆွပ်ဇွပ်ရွာကနေ တီယန်ဇွပ်ကျေးရွာအထိ ရေလမ်းကြောင်းကနေတဆင့် လူတစ်ဦးကို ငါးသောင်းကျပ်နှုန်းနဲ့ ပို့ဆောင်ပေးနေကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ကနေ မိုင် ၃၀ ကျော်လောက်ဝေးတဲ့ ဝေရှီအထက်ဘက် နေရာတစ်နေရာအပြင် အင်ဂျစ်ယန်ကျေးရွာအုပ်စု၊ အင်ဆွပ်ဇွပ်ရွာအထက် ၄၂ မိုင်မှာပါ လမ်းပြိုတာနဲ့ တံတားကျိုးတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ကားတွေသွားလာလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတာပါ။

မြစ်ကြီးနားကနေ ဝေရှီအထိ ကားနဲ့သွားလာလို့ရပေမဲ့ အင်ဆွပ်ဇွပ်ရွာအထိတော့ ဆိုင်ကယ်နဲ့သာရပြီး အဲဒီကနေတဆင့် တီယန်ဇွပ်ကျေးရွာအထိ ရေလမ်းကြောင်းနဲ့ ခရီးဆက်ရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

အင်ဆွပ်ကနေ တီယန်အထိ စက်လှေတွေနဲ့ သွားကြတာ။ အင်ဆွပ်ကနေ တီယန်အထိ မိုင်၂၀ လောက် ရှိတယ်။ လူတစ်ဦးနဲ့ ဆိုင်ကယ်တစ်စီးဆို ငါးသောင်းစီ ကောက်တယ်။ ကုန်ပါရင်တော့ ပါသလိုပေါ့လို့ ပြောပါတယ်။

 

အခုလို ခရီးသွားပြည်သူတစ်ဦးကို ငါးသောင်းကျပ်နှုန်းကောက်ခံပြီး ပို့ဆောင်နေတာဟာ အင်ဆွပ်ဇွပ်-တီယန်ဇွပ်‌ ရေလမ်းကြောင်း အသုံးမပြုတာ ကြာသွားတဲ့အပြင် ရေစီးကြောင်း ကြမ်းတာတွေ၊ စက်သုံးဆီဈေး မြင့်တက်တာတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အင်ဆွပ်ဇွပ်ရွာကနေ တီယန်ဇွပ်ကျေးရွာအထိ မိုင်၂၀ လောက်ကွာဝေးပြီး အဓိက လမ်းပျက်စီးနေတာဟာ အင်ဆွပ်ဇွပ်အထက် ၄၂ မိုင်နားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

မြစ်ကြီးနား-တီယန်ဇွပ်လမ်းမှာသာမက တီယန်ဇွပ်အထက်ဘက် ပူတာအိုလမ်းပိုင်းလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက် ဝေးတဲ့ တီယန်ဇွပ်ကျေးရွာဟာ မြစ်ကြီးနား- ပူတာအို မြို့ လမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ပူတာအိုမြို့ဘက် ခရီးသွားသူတွေ ခရီးတစ်ထောက်နားတတ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် မြစ်ရေကြီးလာတာဖြစ်ပြီး မြစ်ကြီးနားမြို့တွင်း မြင့်တက်သွားတဲ့ မြစ်ရေအမှတ်ဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပြီး အမြင့်ဆုံး ၁,၄၀၆ စင်တီမီတာ ရှိခဲ့တာကြောင့် မြို့တွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြို့နဲ့ ဝေးတဲ့ ကျေးရွာတွေအထိပါ မြစ်ရေ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here