မြစ်ဆုံဒေသခံတွေ ဘယ်လိုအစိုးရမျိုးကို လိုချင်နေကြလဲ

1468

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်က မြစ်ဆုံစီမံကိန်းကြီးကို ယာယီရပ်ဆိုင်းဖို့ ကြေညာခဲ့ပြီး ရပ်နားထားတာ အခုဆိုရင် (၉)နှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ အချိန်က မိမိတို့အစိုးရဖြစ်လာမယ်ဆိုရင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ချုပ်ဆိုထားတဲ့စာချုပ်ကို ချပြသွားဖို့ ကတိပေးခဲ့ပေမယ့် အစိုးရသက်တမ်းကုန်ခါနီး အခုအချိန်ထိ ချပြတာတွေ မရှိသေးပါဘူး။

လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှာတော့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပတော့မှာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကြီးကြောင့် ပြောင်းရွှေ့ခံ ပြည်သူတွေအနေနဲ့ ဘယ်လို အစိုးရမျိုးကို လိုလားနေကြတယ်၊ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို တောင်းဆိုနေကြတယ်ဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်က လိုက်လံမေးမြန်းထားပါတယ်။

ဒေါ်လုရာ (မြစ်ဆုံအရေး လှုပ်ရှားသူ)
၂၀၁၁ ခုနှစ် ဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတာ (၉)နှစ် ပြည့်သွားပြီ။ ၂၀၁၅ တုန်းက ပြောင်းလဲချိန်တန်ပြီ ဆိုပြီး မဲဆွယ်ခဲ့တယ်။ NLD ပါတီကို ကျွန်မတို့လည်း အားကိုးတယ်။ အသည်းကြားက မဲတစ်ပြား ကျွန်မတို့ ထည့်ခဲ့တယ်။ သူတို့ အစိုးရဖြစ်ပြီး နောက်မှာတော့ မတက်ခင်တစ်မျိုး တက်ပြီးတစ်မျိုး ဖြစ်သွားတယ်။ အစက သူတို့ မဲဆွယ်တုန်းက နှစ်နိုင်ငံစာချုပ်ကို ပြည်သူလူထုကို ချပြမယ်လို့ ပြောခဲ့တယ်။ ဒီ ဂတိကဝတ်တွေကြောင့် ကျွန်မတို့ အရမ်းအားကိုးတယ်။ မြစ်ဆုံ စီမံကိန်းလည်း ဖျက်သိမ်းစေချင်တာပေါ့။ ဒါကြောင့် သူတို့ကို မဲထည့်ခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှပြောတာလည်း မရှိဘူး။ လုပ်တာလည်း မရှိဘူး။ လစ်လျူရှုထားတယ်။ အခုချိန်ထိပဲ။ အရင်တုန်းကရော NLD ကို အရမ်းအားကိုးပြီး မဲထည့်ခဲ့တယ်။ သူတို့တောင် ပြောတာနဲ့ လုပ်တာနဲ့ မကိုက်တော့တာ။ အခုတော့ ဘယ်ပါတီကို ရွေးရမယ် အားကိုးရမယ်။ ဘယ်ပါတီက ကျွန်မတို့ရဲ့ မိခင်၊ ဖခင်ဖြစ်မယ်ဆိုတာ ကျွန်မတို့ စဉ်းစားရတော့မယ်။ ကျွန်မတို့အနေနဲ့တော့ ပြည်သူတွေရဲ့ကိုယ်စား ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲရှိပြီး မားမားမတ်မတ် ရပ်ပေးနိုင်တဲ့လူ။ ပိုပြီးတော့မှ မြစ်ဆုံစီမံကိန်းကို ထာဝရ ဖျက်သိမ်းပေးနိုင်တဲ့ ပါတီကို လိုချင်တယ်။ မဲထည့်မယ်။ တစ်နိုင်ငံလုံးက ကန့်ကွက်နေတဲ့ကြားက သူတို့က ပြန်လုပ်ချင်တယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ဒီစီမံကိန်းကြီးကို လုံးဝထာဝရ ဖျက်သိမ်းပေးဖို့ ကျွန်မတောင်းဆိုချင်တယ်။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့တာ ကျွန်မ(၁၀)နှစ် ကျော်ခဲ့ပြီ။ အဲ့ဒါကြောင့် ကျွန်မ အသက်ကြီးပြီး မလုပ်နိုင်သော်လည်း ကျွန်မရဲ့ သား၊သမီးတွေကို လက်လွှဲခဲ့မယ်။ သား၊ သမီးတွေမရရင် မြေး၊ မြစ်အထိ ဒါကို ဆက်လက်ပြီးမှ ကန့်ကွက်သွားမယ်။ ဘယ်အစိုးရပဲ တက်လာတက်လာ ဒါကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ ဒါကို အမြဲတမ်း ကန့်ကွက်နေမယ်လို့ ပြောချင်ပါတယ်။

မဒွဲရာ
လာမယ့် အစိုးရသစ်ကို ပိုပြီး လုပ်စေချင်တယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ပေါ့။ တာဝန်သိ၊ ကိုယ့်ဂတိကို တည်တဲ့ အစိုးရကို လိုချင်တယ်။ မြစ်ဆုံ ရေကာတာ မလုပ်ဖို့ တောင်းဆိုချင်တယ် နဂိုရွာလေးမှာ အရင်အတိုင်းလေး နေရဖို့ တက်လာတဲ့ အစိုးရသစ်ကို တောင်းဆိုချင်တယ်။

 

ဒေါ်ကိုင်ဆိုင်း
အတိုင်ပင်ခံက သူတို့အစိုးရဖြစ်လာလို့ရှိရင် မြစ်ဆုံရဲ့ ကတိကဝတ်တွေ ချပြမယ်လို့ ပြောခဲ့တယ်။ ဂတိမတည်ဘူးလို့ ပြောရမှာပေါ့။ ချပြ၊ မချပြဆိုတာထက်အပြီးအစီး ရပ်ဆိုင်းလိုက်ပြီဆိုရင်တော့ ချပြစရာ မလိုတော့ဘူးပေါ့။ ဘယ်လို ဂတိကဝတ်တွေကြောင့် မရပ်ဆိုင်းနိုင်ရတာလည်း ဒါကိုတော့ ချပြနိုင်ရမယ်။ တက်လာတဲ့ အစိုးရကိုတော့ မြစ်ဆုံစီမံကိန်းကို ထာဝရအပြီးပိုင် ရပ်ဆိုင်းခိုင်းစေချင်။ စီမံကိန်းနဲ့ ပတ်သက်ပြီး အပြီးပိုင်ရပ်ဆိုင်းပေးမယ့် သူတို့ မဲပေးမယ်။ ဖြစ်ခိုင်းစေချင်တာက ဗဟိုထိန်းချုပ်မှုကို မလိုချင်ဘူး။ ဗဟိုထိန်းချုပ်မှုကနေ လွှတ်နိုင်မယ့် ပါတီကို မဲပေးမယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသခံ ကချင်ပြည်သူတွေကနေ ရွေးကောက်တင်မြောက်ထားတဲ့ ပြည်နယ်အခြေစိုက်ပါတီကို မဲပေးသွားမယ်။ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မြန်မာတစ်နိုင်လုံးက ပြည်သူတွေမှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ တာဝန်ရှိတယ်။ ထားဝရရပ်ဆိုင်းဖို့ အမိန့်မထုတ်ပြန်မချင်း အားလုံးဝိုင်းဝန်းပြီး မြစ်ဆုံကို ထာဝရတည်မြဲဖို့ ဝိုင်းဝန်း ထောက်ပံ့ရမယ်။

ဦးတူးခေါင်
မြစ်ဆုံရေကာတာ စီမံကိန်းယာယီရပ်ဆိုင်းတာ (၉)နှစ်ပြည့်ပြီ ဒါကို ဆက်လက်ကန့်ကွက်ဖို့ လုံးဝမမေ့သင့်ဘူး။ မြစ်ဆုံတည်မြဲသ၍ တန်ဖရဲကျေးရွာလည်း တည်မြဲရမယ်။ မြစ်ဆုံဒေသခံတွေရဲ့ ဆန္ဒသဘောထားက အရင်အတိုင်းပဲ မပြောင်းလဲဘူး။ စီမံကိန်းကြီးကို ထာဝရရပ်ခိုင်းစေချင်တယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး သဘောတူတဲ့ဟာ ဖြစ်တယ်။ ဘယ်အစိုးရပဲ တက်လာတက်လာ ပြည်သူလူက ရွေးကောက်တဲ့ အစိုးရဆိုတော့ ပြည်သူ့အစိုးရပဲ။ ပြည်သူ့အစိုးရဆိုတာ ပြည်သူရဲ့ သဘောထားကို လိုက်လျောရမယ်။ ဘယ်ပါတီပဲ တက်လာလာ။ အစိုးရဖွဲ့လာလာ လုပ်ဆောင်ရမယ့် တာဝန်အပိုင်းဖြစ်တယ်။ မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးတဲ့ အစိုးရကို ကျွန်တော်တို့ လိုချင်တယ်။ ပါတီတိုင်းလိုလို မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းအောင် လုပ်ပါ့မယ်ဆိုပြီး ပေါလစီအရရော သူတို့ ပြောဆိုတဲ့ စကားအများကြီး ကြားရတယ်။ အဓိက ဘယ်ပါတီက တကယ်တမ်း လုပ်ဆောင်နိုင်သလဲဆိုတာ ကျွန်တော်တို့ အကဲဖြတ်ရမယ်။ ပြီးမှ မဲထည့်။ NLD အစိုးရ မဲဆွယ်တုန်းက မြစ်ဆုံနဲ့ ပတ်သက်ပြီး ဂတိကဝတ်ပြုထားတဲ့ဟာ အများကြီး ရှိတာပေါ့။ လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ ဘာတစ်ခုမှ မပေါ်လာဘူးပေါ့။ တစ်ခုရှိတာက ဦးသိန်းစိန် ယာယီရပ်ဆိုင်းထားတဲ့ဟာကို ဆက်ပြီးမှ ထိန်းထားတဲ့ အနေအထားတော့ ရှိတယ်။ ရှင်းရှင်းပြောရရင် ဒီအနေအထားနဲ့ ဒီအစိုးရကို အားမရဘူး။ ဒီစီမံကိန်းက လျှပ်စစ်တစ်ခုရဖို့အတွက်ပဲ မကြည့်ရဘူး။ ရှုတောင့်ပေါင်းစုံကနေ ကြည့်ရမယ်။ အများကြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

ဒေါ်ဂျာတောင်
စီမံကိန်းကြောင့် အောင်မြင်သာကို ရွှေ့ပြောင်းနေထိုင်ရတယ်။ အဲ့ဒီနေရာက ရေ၊ မီးတွေ အဆင်ပြေပေမယ့် ဘာမှ စိုက်ပျိုးစားသောက်လို့ မရဘူး။ မြေကြီးက မကောင်းဘူး။ မြေကြီး တစ်ခါပေါက်လိုက်ရင် ကြောက်ခဲပဲ ထွက်လာတယ်။ စိုက်ပျိုးရင်လည်း သီး၊ နှံတွေက မကောင်းဘူး။ မြစ်ဆုံစီမံကိန်းကိုတော့ မလုပ်ခိုင်းစေချင်ဘူး။ တကယ်လို့သာ ဆက်လုပ်မယ်ဆိုရင် ကျွန်မတို့ အထက်ပိုင်းသာ မကဘူး။အောက်ဖက်ပိုင်းတွေပါ ဒုက္ခရောက်လာနိုင်တယ်။ အစိုးရသစ်ကိုတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ထာဝရရပ်ဆိုင်းရေး အရေးကို လုပ်ဆောင်စေချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here