လက်နက်ကြီးကျည်များ ကျလာ၍ မုန်လိုင်ခက်စစ်ရှောင်များ ဝေကြိုင်စခန်းသို့ ပြောင်းရွှေ့

1613

ဒီဇင်ဘာ ၁၆

ကေအိုင်အေဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ပြေးဒုက္ခသည်စခန်းအနီးသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲလာခြင်းကြောင့် ထိုစခန်းမှ စစ်ရှောင်များက ဝေကြိုင်စစ်ပြေးဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခဲ့ကြရကြောင်း သိရသည်။

မြန်မာ့တပ်မတော်က ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက် မနက်တွင် လက်နက်ကြီးများဖြစ်သည့် ၁၀၅ မမ ဖြင့် အကြိမ်ကြိမ်ပစ်ခတ်လာခြင်းကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်များက ဝေကြိုင်စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မုန်လိုင်ခက် စစ်ပြေးဒုက္ခသည်စခန်း၌ အခြားသော စစ်ရှောင်များ နေထိုင်ခြင်းမရှိတော့ဘဲ စစ်ရှောင်အချို့သာ စခန်းစောင့်အဖြစ် ကျန်ရှိနေခဲ့ကြောင်း စခန်းတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

လက်နက်ကြီး မကျရောက်မီက မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် စစ်ရှောင်ပြည်သူ ၆၀၀ ကျော် နေထိုင်ပြီး ၎င်းတို့အနက် စစ်ရှောင် ၃၅၀ ဦးကျော်မှာ လက်ရှိအချိန်တွင် စစ်ရှောင်စခန်းအနီးသို့ လက်နက်ကြီး ကျရောက်လာမှုကြောင့် ယခုလ ၁၅ ရက်နေ့တွင် အခြားစစ်ရှောင်စခန်းဖြစ်သော ဝေကြိုင်စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

“အခု ဒီဘက်ဆင်းလာတာက အသက်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ မိခင်တွေအများဆုံးပဲ။ လောလောဆယ်က ဒီဝေကြိုင်စခန်းမှာ ခိုလှုံနေကြတယ်။ လူလတ်ပိုင်းတွေကတော့ စခန်းစောင့်အဖြစ် ကျန်နေခဲ့ကြတယ်”ဟု ဝေကြိုင်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဆိုင်းနော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုသို့ လက်နက်ကြီးများ ကျရောက်လာသည့်အတွက် အခြားစစ်ရှောင်စခန်းသို့ ပြောင်းရွှေ့ခဲ့ရခြင်းကြောင့် ၎င်းတို့အနေဖြင့် စားဝတ်နေရေးအတွက် ပိုမိုအခက်တွေ့ရကြောင်း မုန်လိုင်ခက်စစ်ရှောင်များက ပြောသည်။

ယခုလအတွင်း လက်နက်ကြီးများ ကျလာခြင်းကြောင့် ကေအိုင်အေ ဗဟိုဌာနချုပ်ဖြစ်သော လိုင်ဇာမြို့အတွင်း နေထိုင်ကြသည့် ပြည်သူများကလည်း စိုးရိမ်နေကြရကြောင်း သိရသည်။

“အရမ်းစိုးရိမ်တယ်။ လက်နက်ကြီးက မုန်လိုင်ခက်အနားမှာပဲ ကျလာတယ်ဆိုတော့ ကျမတို့ လိုင်ဇာမြို့တွင်းအထိ တုန်ခါတယ်လေ။ ကျန်မတို့နဲ့ အရမ်းနီးလာတယ်။ အဲဒီ လက်နက်ကြီးကျလာတာက အဲဒီမှာပဲဆိုပြီး အရမ်းကြောက်တယ်”ဟု ဒေသခံတစ်ဦးဖြစ်သော ဒေါ်အဆိုင်းရ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လက်ရှိအချိန်တွင် ဝေကြိုင်စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့ရသည့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ဒုက္ခသည်များအတွက်  လူနေအိမ်အဆောင်များ ပြုလုပ်ပေးထားသည်ဟု သိရသည်။

မုန်လိုင်ခက် စစ်ရှောင်စခန်းအနီးသို့ မြန်မာ့တပ်မတော်ကပစ်ခတ်သော လက်နက်ကြီးများ ယခုကဲ့သို့ထပ်မံကျလာဦးမည်ဆိုပါက ဝေကြိုင်စစ်ရှောင်စခန်းတွင် ဆက်လက်နေထိုင်သွားမည်ဖြစ်ပြီး ထိုသို့ လက်နက်ကြီးများ မကျလာမှသာ ၎င်းတို့၏စစ်ရှောင်စခန်းသို့ ပြန်လည်သွားရောက်နေထိုင်တော့မည်ဟု မုန်လိုင်ခက်စစ်ရှောင်များက ပြောသည်။

လဖိုင်လု

LEAVE A REPLY

Please enter your comment!
Please enter your name here