ဝိုင်းမော်မြို့နယ်မှာ ၃ လအတွင်း စစ်ရှောင်အိမ်ထောင်စု ၁၅၀၀ လောက် တိုးလာပြီး စစ်ရှောင် ကျောင်းသားဦးရေ ၁၄,၀၀၀ ကျော်ရှိ

42

 

ဇွန်၊၇

ဝိုင်းမော်မြို့နယ်အတွင်း မတ်လကနေ မေလအတွင်းမှာ တိုးလာတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်း ၁,၅၀၀ စုရှိပြီး ကျောင်းသားဦးရေ ၁၄,၂၀၀ ဦးရှိတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဆီက သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့စစ်ကောင်စီတို့ မတ်လ ၇ ရက်နေ့ကနေ စဖြစ်တဲ့ တိုက်ပွဲတွေကနေ ဒီကနေ့အချိန်အထိ တိုးလာတဲ့ စစ်ရှောင်အရေအတွက်လည်း ဖြစ်ပါတယ်။

အဲဒါကြောင့် မြို့နယ်အတွင်းက စစ်ဘေးရှောင် ကျောင်းသူ/သား တွေကို ကျောင်းအပ်နှံချိန်နဲ့ ပတ်သက်ပြီး အခွင့်အရေးပေးထားတယ်လို့ ဦးခက်ထိန်နန်ကမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး။ အဆင်သင့်ဖြစ်တဲ့အချိန်လာတက်လို့ရတယ်။ တစ်လမဟုတ်ဘူး။ နှစ်လမဟုတ်ဘူး။ အဲဒါက ဘာမှမလိုဘူး။ စစ်ရှောင်ဖြစ်တဲ့အတွက် သူတို့အဆင်သင့်ဖြစ်တဲ့အချိန် လာတက်ပေါ့။ လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်တွေ နေထိုင်ဖို့ ယာယီအိမ်ဆောင်တန်းတွေ၊ အိမ်သာ၊ ရေချိုးခန်းတွေဆောက်လုပ်ပြီး စစ်ရှောင်စခန်းအတွင်းလိုအပ်တဲ့ရေနဲ့ မီးတွေ တပ်ဆင်နေဆဲ ကာလဖြစ်တဲ့အတွက် ကလေးတွေကျောင်းအပ်နှံဖို့ အခက်အခဲဖြစ်နေတာကြောင့် အချိန်ပေးတာ ဖြစ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။

အဲဒီအခွင့်အရေးတွေကို ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေသာမက ဗန်းမော်၊ မိုးမောက်နဲ့ မံစီစတဲ့ မြို့နယ်က ဒေသခံစစ်ရှောင်ကလေးတွေလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်ကလေးတွေအနေနဲ့ စစ်ရှောင်စခန်းနဲ့နီးတဲ့ကျောင်းမှာ ချိတ်ဆက် တက်ရောက်နိုင်ပြီး ကျောင်းတက်တဲ့ကလေးတွေအားလုံးကို ဗလာစာအုပ်နဲ့ ပုံနှိပ်စာအုပ်တွေလည်း အားလုံးပေးဖို့နဲ့ မူလတန်းကလေးတွေကိုတော့ ကျောင်းဝတ်စုံလည်းပေးဖို့ပြောထားပြီလို့ ဆက်လက်ပြောပါတယ်။

KIA ရဲ့ မတ်လ ၇ ရက်နေ့ က ထိုးစစ်အတွင်းမှာ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့လည်း နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီလမ်းပေါ်က စစ်ကောင်စီရဲ့စခန်းအားလုံးကို သိမ်းပိုက်ထားလိုက်ပြီး ဝိုင်းမော်မြို့တွင်းရပ်ကွက်တွေအထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဝိုင်းမော်မြို့ရဲ့တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တစ်လျှောက်က ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ အာလူး၊ တာလီ၊ စန်းကား၊ ခန့်လုံး၊ မိုင်းမော်နဲ့ တာစန်း-စတဲ့ကျေးရွာတွေအပါ အင်းလေး၊ ခါးရှီ၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်နဲ့ နမ်ဆန်ယန်-စတဲ့ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ ကဒေသခံတွေအပါ မြို့အရှေ့ဘက်က ဝိုင်းမော် – ဝါရှောင်လမ်းတစ်လျှောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ မဒိန်၊ တန်ဘောင်၊ ခကွမ်၊ လဘန်၊ ဝူယန်၊ လမြန်၊ မုတ်ကျိတ်၊ နမ့်ဝါနဲ့ လမြန်-စတဲ့ရွာတွေက ဒေသခံတွေအပါ ဝါရှောင်ကျေးရွာဘက်က ဒေသခံတချို့လည်း တိမ်းရှောင်နေကြပါတယ်။

အထက်ပါရပ်ကွက်၊ ကျေးရွာကဒေသခံတွေဟာ မြို့ရဲ့မြောက်ဘက်ခြမ်း (ဗလမင်းထင်တံတားအထက်ပိုင်း)၊ ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ မခေါယန်၊ မခေါတီ၊ လဘန်၊ နောင်းချိန်း၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်နဲ့ ခမ်းဘူ-အစရှိတဲ့ကျေးရွာတွေဘက်သာမက ဂွေထုကျေးရွာဘက်အထိ သွားရောက်တိမ်းရှောင်နေကြရတာပါ။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ဝိုင်းမော်မြို့နယ်တစ်ခုလုံးရဲ့လူဦးရေဟာ တစ်သိန်းကျော်ရှိပြီး ဝိုင်းမော်မြို့ရဲ့လူဦးရေကတော့ ၂၂,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here