ဝိုင်းမော်- ချီဖွေ- ပန်ဝါလမ်းပိုင်းမှာ မြေပြိုတာကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေ သွားလာလို့ မရ

101

 

ဇူလိုင်၊ ၅

ဝိုင်းမော်- ချီဖွေ- ပန်ဝါလမ်းပိုင်းမှာ လွန်ခဲ့တဲ့ ဇွန်လကုန်လောက်ကစပြီး မိုးဆက်တိုက်ရွာနေတဲ့အတွက် မြေပြိုတဲ့အပြင် လမ်းတံတားတွေ ပျက်စီးသွားတာကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိလည်း မိုးများနေသေးတာကြောင့် သွားရေးလာရေး ခက်ခဲနေပြီး လမ်းတံတားတွေပြုပြင်ဖို့နဲ့ လမ်းပွင့်နိုင်ဖို့ အချိန်ကြာဦးမယ်လို့ ချီဖွေ – ပန်ဝါ ပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

အဆင်းကားလည်းမရဘူး။ အတက်ကားလည်းမရဘူး။ တံတားကျိုးထားတယ်။ တံတားကတော့ မပြင်ကြသေးဘူး။ မိုးရွာလို့ ဒီအတိုင်းပဲထားကြသေးတယ်။ လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ဘက် ရေကြီးရေလျှံဖြစ်ကတည်းက အခုချိန်ထိဖြစ် သွားလာလို့ မရသေးဘဲ ပန်ဝါတက်သွားတဲ့ ကားသမားတွေတောင် ပြန်ဆင်းမလာနိုင်ကြသေးဘူးလို့ နောက်ထပ်ကားသမားတစ်ဦးကလည်း ပြောပါတယ်။

အခုက သွားလာလို့ အဆင်မပြေလို့လေ။ ကားတွေ၊ ဆိုင်ကယ်တွေလည်း သွားလာလို့အဆင်မပြေဘူး။ လမ်းပြင်ဖို့လည်း နည်းနည်းကြားဦးမယ်ထင်တယ်။လို့ ဆိုပါတယ်။

တချို့က DT(Yamaha) ဆိုင်ကယ်အမြင့်တွေကို ဘီးမှာ ချိန်းကြိုးပတ်ပြီး တက်ကြပေမဲ့ လမ်းပြိုထားတာကြောင့် အန္တရာယ်များတယ်လို့လည်း ဆိုပါတယ်။

ဝိုင်းမော်ကနေ ချီဖွေလမ်း ၁၁ မိုင်ကျော်မှာလည်း တံတားပြိုကျသွားတဲ့အပြင် လမ်းတွေလည်း ပျက်စီးသွားတဲ့အတွက် သွားလာဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

မေလကုန်ပိုင်းကစပြီး မိုးသည်းထန်တာကြောင့် ချီဖွေမြို့နယ်နဲ့ ဆော့လော်မြို့နယ်အတွင်းက လမ်းတံတားတွေ မကြာခဏပျက်စီးနေရပြီး ပန်ဝါဒေသဘက်လည်း လမ်းတံတားတွေအပြင် သတ္တုလုပ်ကွက်တွေလည်း ပြိုကျပြီးတော့ လူသေဆုံးမှုတွေအထိ ဖြစ်ပွားနေတာပါ။

Photo Credit- L Ah Sau

 

LEAVE A REPLY

Please enter your comment!
Please enter your name here