သစ်တောကြိုးဝိုင်းအတွင်း ငှက်ပျောစိုက်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီမန်နေဂျာနှင့် တရုတ်နိုင်ငံသား ငါးဦးကို ဖမ်းဆီးအရေးယူ

3071

ဝိုင်းမော်၊ မေ ၁၆
ဝိုင်းမော်မြို့၊ အောင်မြေ(၂)ကျေးရွာ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသားများကို လဝက အက်ဥပဒေဖြင့် ဝိုင်းမော်မြို့မရဲစခန်းတွင် မေလ ၁၂ ရက်နေ့က ဖမ်းဆီးထားကြောင်း သိရသည်။

ဂျိန်းဖော့နဒီ ကုမ္ပဏီမှ တာဝန်ခံမန်နေဂျာ ဦးမိုးလွင်နှင့် တရုတ်နိုင်ငံသား ကျားလေးဦးနှင့် မတစ်ဦးကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

တားမြစ်နယ်မြေဖြစ်သည့် ဝါရှောင် သစ်တောကြိုးဝိုင်းအတွင်း အဆောက်အအုံ ၆ လုံး ဆောက်လုပ်ပြီး ကျုးကျော်ဝင်ရောက်နေထိုင်သော ၎င်းင်းတို့သည် ခွင့်ပြုချက်မရှိဘဲ တရုတ်သစ်သျှုး ငှက်ပျော စိုက်ပျိုးရန် သစ်တောမြေကို မူလအနေအထား ယိုယွင်းပျက်စီးစေခြင်း၊ သစ်ပင်များ ခုတ်လဲှခြင်း တို့ကြောင့် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနကလည်း အရေးယူထားကြောင်း သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ကျွန်တော်တို့က သစ်တောဥပဒေအရ အရေးယူသွားမှာ။ သူတို့က တရားမဝင် ကျုးကျော်ဝင်ရောက်နေထိုင်တာ ဟုတ်တယ်”ဟု ဦးဆွတ်ရိန်ဆိုင်းလာက ပြောသည်။

ယင်းတရုတ်လူမျိုး ၅ ဦးကို သစ်တောဥပဒေ ပုဒ်မ – ၄၀ (က)၊ ၄၁(ခ) တို့ဖြင့် အရေးယူပေးရန်အတွက် မြို့နယ်သစ်တောဦးစီးမှူးမှ တရားလိုပြုလုပ်ကာ ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
သစ်တောဥပဒေ ပုဒ်မ၄၀(က)သည် ထောင်ဒဏ် ၆ လနှင့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ကျခံရမည့် ပုဒ်မတစ်ခုဖြစ်ကြောင်း သိရပြီး သစ်တောဥပဒေပုဒ်မ ၄၁(ခ)မှာ သစ်တောထွက်ပစ္စည်းများကို ခွင်ပြုချက်မရဘဲ ရောင်းချခြင်း၊ အခြားလုပ်ငန်း လွှဲပြောင်းသုံးစွဲခြင်းတို့ကို ကျူးလွန်လျှင် ဒဏ်ငွေ တစ်သောင်းနှင့် ထောင်ဒဏ်၂ နှစ်အထိ နှစ်ရပ်လုံး ကျခံရမည်ဟု ဖော်ပြထားသည်။

ဝါရှောင် သစ်တောကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာန၊ လဝက၊ အောင်မြေ(၂) ကျေးရွာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှ သွားရောက်စစ်ဆေးရာတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးရန် မြေ ၂၉၅ ဧကခန့် ထွန်ယက်ထားရှိပြီး ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here