မြန်ပြည်မြောက်ဖျားပိုင်းဒေသတစ်နေရာက စစ်ရှောင်စခန်းတစ်ခုရဲ့ နေဝင်ရီပျိုးစအချိန်ကလေးမှာ ကလေး လေး၊ ငါးယောက် ဟိုတစ်စု၊ ဒီတစ်စုနဲ့ ဝိုင်းဖွဲ့နေကြပါတယ်။ (၈)နှစ်အရွယ် ကလေး တစ်ယောက်က သူ့ရဲ့ ညီငယ်လေးကို ပိုးတဘက်နဲ့ မနိုင်မနင်းကုန်းပိုးထားရင်း သူငယ်ချင်းတွေနဲ့ ဆော့ကစားနေပါတယ်။ ဘေးနားမှာတော့ သူ့အရွယ် ကောင်လေး သုံးလေးယောက်နဲ့ ဒီထက်ငယ်တဲ့ ကလေးငယ်လေးတွေနဲ့ ဝိုင်းအုံလျက်ပါ။
မကြာခင် ညနေ နေဝင်ချိန် ရောက်လာပါတော့မယ်။ ကလေးတွေကတော့ ပျော်ပျော်ပါးပါး အဖွဲ့ကိုယ်စီနဲ့ အရှိမပျက် ဝိုင်းဖွဲ့ကစားနေတာမို့ သတိမူမိပုံမရပါဘူး။
နေဝင်လာချိန် ဝိုးတိုးဝါးတား အလင်းရောင်နဲ့အတူ စစ်ဘေးရှောင်စခန်းရဲ့ နောက်ပေါက် ဖက်ကနေပြီးတော့ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသား၊ အမျိုးသမီးကိုယ်စီ ထင်းပုံကြီးထည့်ထားတဲ့ တောင်းကို ခေါင်းမှာ ရွက်ရင်း ပြန်လာနေကြပါတယ်။
ဒီ စစ်ရှောင်စခန်းကတော့ ပူတာအိုမြို့ပေါ် လုံစွတ်စစ်ရှောင်စခန်း ဖြစ်ပြီး လူဦးရေ (၃၈၀) ကျော်လောက် နေထိုင်လျက် ရှိပါတယ်။ စစ်ရှောင်စခန်းက လူတွေပြောပုံအရ အိမ်ထောင်စုလူဦးရေ များပြားတာနဲ့အမျှ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး ခက်ခဲကြတယ်လို့ ဆိုပါတယ်။
ဒီလို စားဝတ်နေရေးခက်ခဲနေတဲ့ကြားက မိသားစုတစ်စုမှာ ပျှမ်းမျှအားဖြင့် ကလေး(၃)ယောက်နဲ့ အထက်ရှိပါတယ်။ ဒီပမာဏဟာ များပြားတယ်လို့ မဆိုသာပေမယ့် စားဝတ်နေရေးခက်ခဲတဲ့ မိသားစုတွေအဖို့တော့ များတယ်လို့ ဆိုရမှာပါ။ ကလေးဦးရေ များပြားတာက အိမ်ထောင်တစ်ခုအတွက် တာဝန်ပိုကြီးနိုင်ပေမယ့် အဲဒီက အမျိုးသမီးတွေကတော့ အကြောင်း အမျိုးမျိုးကြောင့် ကလေး အမြောက်အမြား ယူနေကြပါတယ်။
အနာဂတ်မျိုးဆက်တွေကို မွေးထုတ်ရာမှာ ကောင်းမွန်တဲ့ လူသားအရင်းအမြစ်တစ်ခုဖြစ်လာဖို့ အဖက်ဖက်က ကြိုးပမ်းကြဖို့လိုတယ်ဆိုတာ မွေးဖွားတဲ့ မိဘတွေ သိပုံမရပါဘူး။
ဒါပေမဲ့ အခုအချိန်မှာ စစ်ရှောင်စခန်းက ကလေးတွေကတော့ အခက်အခဲကြားမှာ မပြည့်မစုံနဲ့ မွေးဖွားကြီးပြင်းလာရပြီးတော့ အခက်အခဲတွေ၊ မပြည့်စုံမှုတွေကြောင့် အိမ်ထောင်တစ်ခုမှာ ကလေး အရေအတွက် လျှော့ချပြီး အရေးအသွေးမြှင့်တင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပေမယ့် စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေအနေနဲ့လည်း မျိုးဆက်ပွားကျန်းမာရေး အသိပညာ ဗဟုသုတတွေ မရှိတာကြောင့် ကလေးမွေးတာဟာ ပုံမှန်အလုပ်တစ်ခုလို ဖြစ်နေတာပါ။ ဒါဟာ နောင်တစ်ချိန် စစ်ရှောင်တွေအတွက် ခက်ခဲမှု တစ်ခုကြုံတွေလာရမယ်ဆိုတာ သတိချပ်မိမယ် မထင်ပါဘူး။
ယင်းစစ်ရှောင်စခန်းက အမျိုးသမီးတွေဟာ မျိုးဆက်ပွားကျန်းမာရေးရဲ့ အရေးပါပုံကို ဂဃနဏ မသိတာတွေကြောင့် မိသားစု တစ်ခုမှာ အလိုမရှိဘဲ ကိုယ်ဝန်ရလာတွေ အမြောက်အမြား ရှိနေပါတယ်။
“ရှေ့က ကလေးက ငယ်သေးတယ်။ နောက်တစ်ယောက်ထပ်ရတဲ့ အိမ်ထောင်တွေ အများကြီး ရှိတယ်”လို့ လုံစွတ်စစ်ရှောင်စခန်းက ကလေး(၅)ယောက် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်ထုမိုင်က ပြောပါတယ်။
ကေဘီစီ ကျန်းမာရေးအဖွဲ့နဲ့ အစိုးရအဖွဲ့အစည်းတွေကနေ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုတွေ လာပေးတာတွေ ရှိပေမယ့် အသိပညာပေးမှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ စစ်ရှောင်စခန်းက အမျိုးသမီးတွေက ဆိုပါတယ်။
ကျန်းမာရေးအဖွဲ့တွေကနေပြီး မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ လက်ကမ်း စာစောင်တွေ မကြာခဏ လာဝေတာတွေ ရှိပါတယ်။ ဒါပေမဲ့ စစ်ရှောင်စခန်းလို နေရာမျိုးအတွက် လက်ကမ်းစာစောင်တွေ ဝေတာက ထိရောက်တဲ့ ပညာပေးနည်းတစ်ခု မဟုတ်နေပါဘူး။ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့အတွက် စာတွေ့နဲ့ နားလည်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အနေအထားပါ။
“လက်ကမ်း စာစောင်တော့ လာဝေတာမျိုးတွေ လုပ်တယ်။ ဒါပေမဲ့ စာကပဲ ကြည့်ရင်တော့ လက်တွေ့သင်တာနဲ့တော့ မတူဘူးပေါ့။ စာနဲ့က ဖတ်ချင်မှ ဖတ်ကြတာ။ တချို့တွေဆို မဖတ်တတ်တာတွေ ရှိတယ်လေ”လို့ သူက ဆိုပါတယ်။
လက်ရှိ စစ်ရှောင်စခန်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လာရောက် ကြည့်ရှုပေးတာမျိုးတွေ ရှိပေမယ့်၊ တာဝန်နဲ့ အချိန်ပြည့် ကြည့်ပေးတဲ့ ကျန်းမာရေး ဝန်ထမ်း ရှိမနေပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေမှာတော့ ကေဘီစီကျန်းမာရေးဌာနကနေ ပရောဂျက်နဲ့ လာရောက်ထောက်ပံ့မှုတွေ ရှိပါတယ်။ အခုအချိန်မှာ ပရောဂျက်သက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ဆေးဝါးအထောက်အပံ့တွေ မရရှိတော့ဘူးလို့ လုံစွတ်စစ်ရှောင်စခန်း တာဝန်ခံ ဆရာဖုန်းထိန်က ပြောပါတယ်။
ဝေးလံတဲ့ ဒေသတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ ခန့်ထားမှုနဲ့ ပတ်သက်ပြီး “ကျွန်မတို့ လက်လှမ်းမီတဲ့ ဝေးလံတဲ့ ဒေသတွေ ရှိတယ်။ လက်လှမ်းမမီတဲ့ ဝေးလံတဲ့ ဒေသတွေ ရှိတယ်။ လက်လှမ်းမှီတဲ့ဒေသတွေကိုတော့ ကျွန်မတို့ ဆရာမတွေ ရှိတယ်။ လက်လှမ်းမမှီတဲ့ ဒေသတွေမှာဆိုရင် အနီးဆုံး သက်ဆိုင်ရာမြို့နယ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ထားထားပါတယ်”လို့ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးပူးတွဲ လက်ထောက်ညွှန်ကြားရေးမှူး(မကူးစက်) ဒေါက်တာဖြူဖြူသန့်က ပြောပါတယ်။
ဘယ်လိုပဲ ပြောပြောပါ။ ဒေါ်ထုမိုင်တို့ စစ်ရှောင်စခန်းမှာတော့ သားဆက်ခြားတာတွေလုပ်ဖို့ တာဝန်နဲ့ အချိန်ပြည့် ကြည့်ပေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မရှိတာကြောင့် အဆင်မပြေမှုတွေ ရှိတယ်လို့ လုံစွတ်စစ်ရှောင်စခန်းက အမျိုးသမီးတွေက ဖွင့်ဟကြပါတယ်။
“တိတိကျကျ သင်ပေးတာတွေ မရှိတော့ စားဆေးနဲ့ မတည့်တာတွေ ရှိတယ်။ ဒီမှာတော့ တားဆေးသုံးချင်သူတွေလည်း ရှိကြတယ်။ တချို့ကျတော့ ရှက်လို့ မယူတာတွေရှိလို့ ကိုယ်ဝန် ပျက်သွားတာတွေ ရှိတယ်။ အခုတောင်မှ ကလေးက ပိုပိုများလာတယ်။ (၉)ယောက် ရပြီးတာတောင်မှ ကိုယ်ဝန် ပြန်ဆောင်နေတာတွေ ရှိတယ်”လို့ ဒေါ်ထုမိုင်က ပြောပါတယ်။
အချို့အမျိုးသမီးတွေကတော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာ အားနည်းတာကြောင့် ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုတောင် မသိရှိဘဲ ရှိနေပါတယ်။
ဒေါက်တာ ဖြူဖြူသန့်က တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ဝေးလံတဲ့ ဒေသက အမျိုးသမီးတွေဟာ အသိပညာအားနည်းပြီး ရှေးရိုးစွဲမှုတွေကြောင့် မိမိရဲ့အခွင့်အရေး ရရှိနိုင်မှုကိုပါ ထိခိုက်နေရတယ်လို့ သူမက ဆိုပါတယ်။
“ကျွန်မ ရောက်ဖူးတဲ့ဒေသက အမျိုးသမီးတွေဆိုရင် ကလေးတားဖို့ကို မလုပ်ချင်ကြဘူး။ ဘာလို့လဲဆိုရင် သူတို့ မှတ်ယူတာက ကလေးသည် ဘုရားပေးတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် မတားကောင်းဘူး။ ဘုရားပေးသလောက် ယူမယ်ဆိုတဲ့ အစွဲတွေ ရှိကြတယ်”လို့ ဝေးလံတဲ့ ဒေသတွေမှာ ဖြစ်တဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
ဒေါက်တာ ဖြူဖြူသန့်ကတော့ “စစ်ရှောင်စခန်းတွေမှာ ကျွန်မတို့ စရောက်တုန်းက ဒီ အကြောင်းတွေ ပြောပြတော့ သူတို့ သိပ် လက်မခံဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြောဖန်များလာတယ်။ ဒီကလေးတွေကို တကယ်ကျွေးမွေးနိုင်လားပေါ့။ သူတို့အတွက်လည်း စဉ်းစားစရာဖြစ်လာတော့ နှစ်ရှည်ခံ သားဆက်ခြားနည်းတွေကို သုံးလာတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
မျိုးဆက်တစ်ခု ယူတော့မယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေးက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး အမျိုးသမီး၊ အမျိုးသား နှစ်ဦးလုံး ဒီဗဟုသုတကို သိရမှာဖြစ်သလို၊ နှစ်ဦးလုံး မိမိတို့အကြောင်းကို ကောင်းစွာ သိရမှာဖြစ်ပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ အိမ်ထောင်ဘဝကို ရရှိမှာဖြစ်တယ်လို့ ဒေါက်တာ ဖြူဖြူသန့်က ဆိုပါတယ်။
အန္တရာယ်ကင်းတဲ့ မိခင်ဘဝ၊ ကျန်းမာတဲ့ မျိုးဆက်ပြန့်ပွားနိုင်ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက်သင့်တဲ့ မိသားစုစီမံကိန်း၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရရှိနိုင်ဖို့အတွက် သားဆက်ခြား နည်းလမ်းတွေနဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ဖို့ မျိုးဆက်ပွား အသိပညာကို အမျိုးသမီးတွေသာမက အမျိုးသားတွေပါ သိသင့်တယ်လို့ သူက အကြံပြုပါတယ်။
ဒါ့အပြင် ကလေးမွေးဖွားရာမှာ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်ကို ပြန့်ပွားနိုင်ဖို့ အရေးကြီးပြီး စနစ်တကျ စီစဉ်မှုတွေ ရှိသင့်ကြောင်းနဲ့ ပြုစုပျိုးထောင်နိုင်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
ကလေးတစ်ယောက် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာနိုင်ရေး၊ ကောင်းမွန်တဲ့ ပညာရေး၊ လူမှုရေး အခွင့်အလမ်း ရရှိလာနိုင်ရေး၊ လူတန်းစေ့နေနိုင်ရေး စတဲ့ မိဘတွေအနေနဲ့ ထိန်းကျောင်းတာဝန်ယူရမယ့် အပိုင်းတွေလည်း အများအပြားပါ။ လူမှုအဆင့်အတန်း မြင့်မားအောင် နေထိုင်နိုင်ဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံ အနေနဲ့ ခြုံငုံကြည့်ရင်တောင် ခက်ခဲနေတဲ့ အနေအထားမှာ စစ်ဖြစ်တဲ့ ဒေသတစ်ခုအနေနဲ့ ဆိုရင်တော့ တော်တော်ကို အလှမ်းဝေးနေဆဲပါ။ စစ်ဒဏ်ကြောင့် လူမှုဘဝတွေ ဆိတ်သုန်းပျောက်ကွယ်ကြရသလို၊ မွေးဖွားလာတဲ့ကလေးနဲ့ မွေးလာမယ့် ကလေးတွေအတွက် အနာဂတ်တွေကလည်း ကမ်းမမြင်လမ်းမမြင် အခြေအနေပါ။
လုံးစွတ်စစ်ရှောင်စခန်းက မိခင်တွေအနေနဲ့လည်း ၎င်းတို့ သားသမီးတွေ ရှေ့ရေးအတွက် စိုးရိမ်ပူပန်လျက် ရှိကြပါတယ်။ မိသားစုတစ်စုမှာ ကလေးများပြားတဲ့အတွက် မိခင်တွေအနေနဲ့ ပြင်ပကို အလုပ်ထွက်လုပ်လို့ မရဘဲနေနေတာပါ။ ပူတာအိုလို အလုပ်အကိုင် ရှားပါးတဲ့ ဒေသမှာ အမျိုးသားရှာသမျှကို တစ်မိသားစုလုံး မှီခိုသုံးစွဲရတာဟာ စားဝတ်နေရေးအတွက် ဖူလုံအောင် ချွေတာသုံးစွဲနိုင်ပေမယ့်၊ မိသားစုရှေ့ရေးနဲ့ ကလေးတွေရဲ့ ပညာရေး အသုံးစရိတ် အတွက်တော့လောက်ငမှု မရှိပါဘူး။
“ကလေးတွေနဲ့ ပတ်သက်ပြီး တအားခက်ခဲတယ်။ ကလေးတွေလည်း များတယ်ဆိုတော့ လိုအပ်ချက်ကို ကောင်းကောင်းမွန်မွန် မလုပ်ပေးနိုင်ဘူး။ အစိုးရကျောင်း တက်တယ်ဆိုလည်း ဖြစ်သလို တက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ကလေးတွေအတွက် ခက်ခဲတယ်။ ငွေရေးကြေးရေး၊ ပညာရေးတွေကအစ ခက်ခဲတယ်”လို့ ဒေါ်ထုမိုင် က ပြောပါတယ်။
ကချင်ပြည်နယ် အနှံ့အပြား စစ်ရှောင်စခန်းတွေက အမျိုးသမီးတွေဟာ မျိုးဆက်ပွားကျန်းမာရေး လုံလုံလောက်လောက်သိရှိမှု မရှိတာတွေကြောင့် မိသားစုအတွင်း ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေလည်း အမြောက်အမြားပါ။
ဒေါ်ထုမိုင်ကတော့ သူမတို့လို အမျိုးသမီးတွေအနေနဲ့ မျိုးဆက်ပွားကျန်းမာရေးကို ကောင်းကောင်း မွန်မွန်သိရှိလိုပြီး စစ်ရှောင်စခန်းအတွင်းမှာ အသေးစိတ်လာရောက် ပို့ချမှုတွေကို မျှော်လင့်တယ်လို့ အားကိုးတကြီးနဲ့ ပြောပါတယ်။
Ann | မျိုးမြတ်မြတ်ပန်







