ဒီ တစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ The X Factor Myanmar Season 1 အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ချစ်စရာ ကောင်မလေး ခရစ္စတီးနား မေရီအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
သူမရဲ့ မွေးရပ်မြေကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ကဖြစ်ပြီး မိသားစုဝင် ခုနှစ်ယောက် ရှိပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်၊ ဒဂုံတက္ကသိုလ်ကျောင်းမှာ အဝေးသင် ပထဝီမေဂျာနောက်ဆုံးနှစ်ကို ဆည်းပူးနေရင်း အနုပညာအလုပ်ကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် သူမကတော့ လက်ရှိအချိန်မှာ ပရိသတ်ရဲ့ နှစ်သက်မှုကို ရရှိထားသူပါ။
လတ်တလောမှာလည်း သူမရဲ့ ပထမဦးဆုံး “သူ့အတွက်”ဆိုတဲ့ တေးစီးရီးအယ်လ်ဘမ်ကို ထွက်ရှိထားပြီပဲ ဖြစ်ပါတယ်။ ဆိုတော့ သီချင်းခွေနဲ့ ပတ်သက်ပြီး သူမိ ကြိုးစားခဲ့ရတာတွေ၊ ပြိုင်ပွဲ အတွေ့အကြုံတွေကို သူမအနေနဲ့ ဘယ်လို လက်တွေ့ အသုံးချ လုပ်ဆောင်နေတယ်ဆိုတာတွေ အပြင် သူမရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား သတင်းဂျာနယ်က မေးမြန်းထားပါတယ်။
ပထမဦးဆုံး ညီမရဲ့နာမည်အပြည့်အစုံလေး မိတ်ဆက်ပေးပါဦး။
ညီမနာမည်အရင်းက မေရီအောင် ဖြစ်ပါတယ်။ အနုပညာနာမည်ကတော့ ခရစ္စတီးနား မေရီအောင်ပါ။
အနုပညာလောကထဲကို ဘယ်လို စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။
ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် ပထမနှစ်လောက်မှာ Myanmar Idol ၊ အိပ်မက်ဆုံရာတို့၊ The X Factor တို့ သီချင်းပြိုင်ပွဲတွေ ခေတ်စားလာတယ်။ တစ်ခေါက်လောက်တော့ သီချင်းဆိုပြိုင်ပွဲ ပြိုင်ဖူးသည်ရှိအောင် ပြိုင်ကြည့်တာပေါ့နော်။ အဲ့ဒီလိုနဲ့ ၂၀၁၆ လောက်မှာ The X Factor Myanmar Season 1 ဝင်ရောက်ယှဉ်ပြိုင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး အဆိုဘက်ကို ရွေးဖြစ်ပုံလေးပြောပြပေးပါဦး။
ခရစ္စတီးနားက ငယ်ငယ်ကတည်းကနေ သီချင်းဆိုတယ်။ ၁၀ နှစ်လောက် ကတည်းကနေ ဘုရားကျောင်းမှာ ရှိတဲ့ ကလေးတွေအတွက် ထုတ်တဲ့သီချင်းခွေတွေ ရှိတယ်လေနော်။ အဲ့ဒီမှာ ခရစ္စတီးနား အမြဲဆိုတယ်။ ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ဒါပေမဲ့ ကိုးတန်း၊ ဆယ်တန်းရောက်တော့ စာပဲလုပ်ရတဲ့အခါ သီချင်းလည်း မဆိုရဘူး။ အဲ့ဒီတုန်းက သီချင်းမဆိုဖြစ်တော့ဘူးပေါ့။ အဲ့ဒီမှာပဲ ရပ်လိုက်တော့မယ်လို့ ထင်ထားခဲ့တယ်။ ကိုယ်ကလည်း သီချင်းဆိုဝါသနာပါတော့ ဝင်ပြိုင်ဖြစ်သွားတယ်။ ဆိုရင်း၊ ဆိုရင်းနဲ့ ပရိသတ်တွေလည်း ကြိုက်တယ်။ အားပေးမှုလည်း ရလာတဲ့အခါမှာ အော်… ငါ သီချင်းဆိုတဲ့ ဘက်သွားတော့မယ်ဆိုပြီး သီချင်းဆိုတာကို ရွေးချယ်လိုက်တာပေါ့။
ကိုယ့်အနေနဲ့ အနုပညာအလုပ်ကို စလုပ်တော့ ဘယ်လို အခက်အခဲ စိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
အခက်အခဲ စိန်ခေါ်မှုဆိုရင်တော့ အနုပညာလမ်းကြောင်း စဝင်တယ်ဆိုရင် ပြိုင်ပွဲကနေ စရမှာပေါ့။ လူတွေ အများကြီးရဲ့ ရှေ့မှာ သီချင်းဆိုရတဲ့အရာပေါ့နော်။ နည်းနည်းတော့ ခက်ခဲတယ်။ အနုပညာရှင်ဆိုတာ လူတွေအားလုံးရဲ့ Attention ကို ရနေရတယ်။ အဲ့ဒီလို ရဖို့အတွက် ခရစ္စတီးနားတို့က လှနေအောင် အလှတွေလည်း ပြင်ရတယ်။ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ခံရတော့ အသွားအလာ၊ စကားတစ်လုံးပြောဖို့အတွက် အရမ်းဆင်ခြင်ရတယ်။ အဲ့ဒါတွေ နည်းနည်းတော့ ခက်ခဲတယ်။ ပြီးတော့ အနုပညာလမ်းကြောင်းဆိုတာ လူတိုင်းရချင်တဲ့ လမ်းကြောင်းဖြစ်တယ်။ လူတိုင်းက တိုးချင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် အရမ်းကြိုးစားရတယ်။ သူများနဲ့မတူတဲ့ဟာကို အမြဲတမ်းစဉ်းစားပြီးတော့ လုပ်ယူရတယ်။ အမြဲကြိုးစားနေရတယ်။ ဒါပေမဲ့ ကျေးဇူးတော်ကြောင့် အခက်အခဲတော့ သိပ်မရှိပါဘူး။ အနုပညာဘက်ထိုးဖောက်ရတဲ့ အခါတော့ သူများနဲ့မတူတဲ့အရာကို စဉ်းစားရတာတွေတော့ ခက်ခဲတယ်။ ကိုယ်က အတွေ့အကြုံ အရမ်းရှိတာလည်း မဟုတ်တော့လေ။
ပြိုင်ပွဲတုန်းက အတွေ့အကြုံက လက်တွေ့မှာ ခရစ္စတီးနားအတွက် ဘယ်လောက်ထိ အကျုံးဝင်လဲ။
ပြိုင်ပွဲတုန်းက ကိုယ့်ရဲ့ နည်းပြက ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ဖို့ထက် အနုပညာရှင်တစ်ယောက် ဘယ်လို ဖြစ်ရမလဲဆိုတာ လေ့ကျင့်သင်ကြားပေးတယ်။ ပြိုင်ပွဲမှာ အဆိုအတွက်ရော၊ အသွားအလာ၊ အနေအထိုင်ကအစ။ သီချင်းဆိုလို့ရှိရင် သူများသီချင်းဆိုပေမယ့် ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်သီချင်းဖြစ်အောင် ဆိုခိုင်းတယ်။ အဲ့ဒါတွေကို အစကတည်းက ကျင့်ထားတယ်ဆိုတော့ ခရစ္စတီးနားရဲ့ အယ်လ်ဘမ်ထဲမှာလည်း တေးရေးတွေရဲ့ သီချင်းကို ကိုယ့်အပိုင်လို ဆိုလိုက်တယ်။ အဲ့အခါကျတော့ အသစ်တွေ ဖြစ်လာတာပေါ့။ ပြိုင်ပွဲဝင်လိုက်ခြင်းဖြင့် အခု အယ်လ်ဘမ်အတွက်လည်း အကျုံးဝင်တယ်။ အများကြီးလည်း အထောက်အကူဖြစ်တယ်။
အခုဆိုရင် ခရစ္စတီးနားရဲ့ ပထမဦးဆုံး ထွက်ရှိထားတဲ့ သီချင်းအယ်လ်ဘမ်နဲ့ မိတ်ဆက်ပေးပါဦး။
ခရစ္စတီးနားက အခု “သူ့အတွက်”ဆိုတဲ့ အယ်လ်ဘမ်လေး ထွက်ထားပြီ။ အဲ့ဒီ ခွေထဲမှာ သီချင်းလေးတွေက တစ်ဖက်သတ်အချစ်တွေ ပါမယ်။ ချစ်သူနှစ်ယောက် အရမ်းချစ်တဲ့ သီချင်းတွေ ပါတယ်။ ကိုယ်ချစ်ရတဲ့သူကို အရမ်းချစ်ပြီးတော့ အရူးအမူးဖြစ်တဲ့ ပုံစံတွေပါတယ်။ အသည်းကွဲ သီချင်းတော့ မပါဘူးလို့ ပြောရမှာပေါ့နော်။ သီချင်းတွေက အရမ်းဆွေးတာလည်း မပါဘူး။ ကြားထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ဆိုတဲ့ သံစဉ်လေးတွေနဲ့ ဆိုထားတာတွေ ပါမယ်။ သီချင်းပုဒ်ရေက(၁၁)ပုဒ် ပါတယ်။
သီချင်းခွေ စလုပ်တော့ ဘယ်လောက်ထိ အချိန်ပေးပြီး ကြိုးစားခဲ့ရလဲ။
အချိန်ကတော့ နှစ်နှစ်လောက် ပေးလိုက်ရတယ်။ သီချင်းဆိုရင်လည်း ကိုယ်ရတဲ့ဟာကိုပဲ ဆိုမယ်မဟုတ်ဘူး။ တစ်ပုဒ်နားထောင်တယ်။ မကြိုက်ရင် ပြန်ရွေးတယ်။ သီချင်းတစ်ပုဒ်ရဖို့အတွက် ဆယ်ပုဒ်ကျော်ကျော်လောက် ရွေးလိုက်ရတယ်။ မကြိုက်ရင် မရွေးဘူး။ အရမ်းကို စိစစ်ပြီးတော့မှ လုပ်တယ်။ တီးဝိုင်းဆိုရင်လည်း သေချာရှာပြီး လုပ်တယ်။ အနုပညာရှင် အသစ်ဖြစ်တော့ အဆက်အသွယ်က အဲ့လောက်မရှိဘူး။ အခက်အခဲကတော့ ရှိခဲ့တယ်။ ဒါပေမဲ့ သူ့အလိုလို ဖြတ်ကျော်ခဲ့တယ်။ ခက်ခဲရင်း၊ ဖြတ်ကျော်ရင်း လုပ်ခဲ့ရတော့ အချိန်ကတော့ ၂ နှစ်လောက် ကြာသွားတယ်။
ခရစ္စတီးနားအနေနဲ့ အခက်အခဲတွေကိုရော ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ။
အခက်အခဲကို ဘယ်လိုကျော်လဲဆိုတော့။ တစ်ခါတလေကျရင် သူများတွေ မေးလို့ပဲ ကိုယ့်ကိုကိုယ် အခက်အခဲလို့ ထင်မိတာပေါ့။ ဘာလို့လဲဆို “အော်…ငါ ဘာလို့ ငါ ဒီအရာကို မရ ရတာလဲ။ သီချင်းတွေကို မရသေးတာလဲ” စဉ်းစားမိတယ်။ ဒါပေမဲ့ သီချင်းရသွားလိမ့်မယ် ဆိုတဲ့ စိတ်နဲ့ပဲ။ Music Band မရဘူးဆိုရင်လည်း အော်…ငါ ရသွားလိမ့်မယ်။ အချိန်တစ်ခု ရောက်ရင် ရသွားမယ်ပေါ့။ ကျမ်းစာဖတ်တယ်။ ဘုရားထံ ဆုတောင်းတယ်။ ပြီးတော့ ဘယ်အချိန်မှ သမီးရဲ့ ခွေပြီးမှာလဲလို့ ဆုတောင်းတယ်။ အော်…ဘုရားသခင် ပေးချင်တဲ့ အချိန် ရသွားလိမ့်မယ်လို့ ခွန်အားယူတယ်။ တစ်ခါတလေကျရင် မဖြစ်နိုင်တော့ဘူး။ ခွေက ရပ်ပစ်လိုက်ရမလို ဖြစ်တယ်။ တချို့ အနုပညာရှင်တွေ ဆိုရင်လည်း အရမ်း သနားစရာကောင်းတယ်။ အရမ်းကြိုးစားပြီးတော့ ရပ်လိုက်ရတဲ့ အခြေအနေတွေ ရှိတယ်။ ခရစ္စတီးနားလည်း အဲ့လို ရပ်လိုက်ရမယ့် အခြေအနေတွေ အများကြီးရှိခဲ့တယ်။ ဘာလို့ အဲ့ဒီလောက် ခက်ခဲနေတာလဲပေါ့။ ဘုရားက ပေးချင်တဲ့အချိန် ပေးလိမ့်မယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီးတော့ အခုဆိုရင် ဘုရားပေးတဲ့ ခွေ ပြီးသွားပြီပေါ့။ ခက်လားဆိုတော့ အခက်အခဲကတော့ ရှိတယ်။ ဒါပေမဲ့ ဘုရားရဲ့ အလိုတော်ကို စောင့်ရင်းနဲ့ပဲ ကျော်လိုက်တာပေါ့။ ဆိုတော့ ဒီသီချင်းခွေလေးရဲ့ ထူးခြားချက်က ဘာဖြစ်မလဲပေါ့။ တစ်ခွေလုံးကို နားထောင်ပြီးရင်တော့ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်တဲ့ စိတ်တွေ ပေါက်လာမယ်ပေါ့နော်။ တစ်ဖက်သတ် သီချင်းတွေ များတယ်ဆိုတော့လေ။ အရမ်းချစ်တယ်။ နင့်ကြောင့် ငါအရမ်းရူးသွပ်နေတယ် ဆိုတဲ့ ပုံစံမျိုးတွေပါတော့လေ။ သူငယ်ချင်းတွေတောင် ကိုယ့်ကို စကြတယ်။ “နင့် ခွေကို ငါ့ရဲ့ တစ်ဖက်သတ် ချစ်နေတဲ့သူကို ပေးလိုက်တော့မယ်နော်”တဲ့။ ငါ့အချစ်ကို နင်သိပါဆိုတဲ့ ရင်ဖွင့်တဲ့ သီချင်းတွေဆိုတော့ နားထောင်ကြည့်ရင် ရင်ဖွင့်ချင်တဲ့ စိတ်တွေ ပေါက်သွားပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
နောက်တစ်ခုက ခရစ္စတီးနားအနေနဲ့ နိုင်ငံခြားက အဆိုရှင်တွေရဲ့ Cover Song တွေကို ဆိုဖြစ်ပုံကို ပြောပြပေးပါဦး။
မြန်မာသီချင်းတွေဆိုရင် Cover ဆိုဖို့ သိပ်မရတော့ဘူး။ တရားစွဲတာတွေ ရှိလာတယ်။ ခရစ္စတီးနားက Cover Song လည်း ဆိုချင်တယ်။ ကိုယ်သီချင်းကို နားထောင်တာထက် တခြား သီချင်းတွေကိုလည်း နားထောင်စေချင်တယ်။ အင်္ဂလိပ်သီချင်းဆိုရင်လည်း ဆိုလိုက်တယ်။ အသစ်အဆန်းတွေကို လုပ်ချင်တယ်။ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ကိုယ်က ရနေရမှာဖြစ်တဲ့အတွက် ဘာသာစကားတွေကို ပြောလို့ရှိရင် ပီတယ်လို့ ပြောရမှာပေါ့။ ဘယ်ဘာသာစကားမဆို အသံထွက်တွေ လိုက်နိုင်တယ်ပေါ့(ရယ်လျက်)။ ကြိုးစားပြီးတော့ ဆိုကြည့်တယ်။ ပထမက တရုတ်သီချင်း ဆိုဖြစ်တယ်။ ပြီးမှ ပရိသတ်တွေကို Page ကနေ မေးတယ်။ ဘယ်သီချင်းဆိုရင် ကောင်းမလဲလို့။ ပရိသတ်တွေရော တောင်းဆိုကြတယ်။ ဂျပန်တို့ စုံနေတာပဲ။ ထိုင်းသီချင်းရော ခရစ္စတီနား ဆိုဖြစ်တယ်။ သူများတွေက မေးကြတယ် တရုတ်စကားရော၊ ထိုင်းစကားရော တတ်တာလားပေါ့။ ခရစ္စတီးနားက ထိုင်းစကားလည်း မတတ်ပါဘူး။ ပရိသတ်တွေကို အသစ်အဆန်း ပေးချင်လို့ ကြိုးစားလိုက်တဲ့အခါ သူတို့အတွက် အသစ်အဆန်း ဖြစ်သွားတာပေါ့။ အခုလည်း ဆက်ပြီးတော့ Cover Song တွေ ဆက်လုပ်ဖို့ရှိတယ်။ ဆိုတော့ ဂျပန်လည်း ရှာနေတယ်။ အိန္ဒိယလည်းရှာနေပါတယ်။ ကြိုးစားနေပါတယ်။
သီချင်းအမျိုးအစားတွေထဲမှာ ဘယ်လိုမျိုးကို ပိုပြီးကြိုက်နှစ်သက်လဲ။
ခရစ္စတီးနားကတော့ Pop, R&B တို့ကို ကြိုက်ပါတယ်။
ညီမအနေနဲ့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုရော ဆက်လုပ်ဖို့ ရှိလား။
သရုပ်ဆောင်ပိုင်းကတော့ သူငယ်ချင်းတွေ MTV ခေါ်ရိုက်ရင် ရိုက်ဖြစ်တယ်။ ဒါပေမဲ့ တကယ့် Professional ဆိုရင်တော့ အဆိုပဲသွားမှာပေါ့။ သရုပ်ဆောင်ပိုင်းဆိုရင် ခရစ္စတီးနား နည်းနည်းရွေးမယ် ထင်တယ်။ ဒီလိုမျိုးနေရာမှာ သရုပ်မဆောင်ချင်ဘူးတို့ပေါ့။ ဘာလို့ဆို သရုပ်ဆောင်ပိုင်းက ကိုယ့်ရဲ့မျက်နှာ၊ ကိုယ်ရဲ့ အမူအရာတွေကို ပရိသတ်တွေရှေ့မှာ ပြရတာဖြစ်တဲ့အတွက် ကိုယ်မလုပ်ချင်တဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ အဲ့ဒါလေးတွေ ဆိုရင်တော့ လုပ်ဖြစ်မယ်မထင်ဘူး။ အဲ့ဒါကတော့ Professional လုပ်ဖြစ်မယ် မထင်ဘူး။
ညီမရဲ့ လတ်တလော အချစ်ရေးကရော ဘယ်လိုရှိလဲ သိချင်ပါတယ်။
အချစ်ရေးကတော့ လတ်တလော အရမ်းအဆင်ပြေတယ်။ ရည်းစားလည်း မရှိပါဘူး။ အလုပ် ကြိုးစားနေတဲ့ အချိန်ဆိုတော့ တစ်ယောက်တည်းနေတာ ကောင်းပါတယ်။
လတ်တလော အနုပညာလှုပ်ရှားမှုကိုလည်း ပြောပြပေးပါဦး။
အခုလောလောဆယ်တော့ ခရစ္စတီးနား ကော်ဖီကြော်ငြာတစ်ခုကို သီချင်းဆိုပြီးတော့ ရိုက်ပေးရမှာ ရှိတယ်။ ခရစ္စတီးနားရဲ့ သီချင်းခွေကို MTV ရိုက်ဖို့ရှိတယ်။ Cover Song တွေကိုလည်း တစ်လခြား၊ နှစ်လခြား တစ်ကြိမ်ဆိုဖြစ်ဖို့ ရှိမယ်။ တခြားဘာသာစကားနဲ့ ဖြစ်ဖို့များပါတယ်။ အဲ့ဒါတွေကို ဆက်လုပ်ဖို့ ရှိပါတယ်။
ခရစ္စတီးနားရဲ့ We Love Fan တွေကိုရော စကားလက်ဆောင် ပြောပေးပါဦး။
သူတို့လေးတွေက အရမ်းချစ်စရာကောင်းတယ်။ တစ်ခါတလေကျရင် သူတို့တွေကို Fan လို့ မသုံးချင်ဘူး။ သူငယ်ချင်းလို့ သုံးချင်တယ်။ We Love Fan သူများတွေလို သောင်းနဲ့သိန်းနဲ့ အများကြီးလည်း ခရစ္စတီးနားမှာ မရှိပါဘူး။ ဒါပေမဲ့ ရှိတဲ့သူတွေ အားလုံးက ခရစ္စတီးနားကို အရမ်းချစ်ကြတယ်။ ဘာပဲလုပ်လုပ် အရမ်းသဘောကျကြတယ်။ ဘာပဲ ဖြစ်ဖြစ် အရမ်းကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ ဆက်ပြီးတော့ ချစ်ပေး၊ အားပေးကြပါလို့ပြောချင်တယ်။ ခရစ္စတီးနားကို ချစ်တဲ့သူတွေ မျက်နှာမငယ်အောင် အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။
တက်သစ်စ အဆိုဝါသနာရှင် လူငယ်တွေကို ဘာများပြောချင်လဲ။
ကြိုးစားကြည့်လို့ ပြောချင်တယ်။ တစ်ခါတလေကျရင် တချို့လူငယ်တွေက အရမ်းကြီး မျက်စိစုံမိတ်လုပ်ကြတယ်။ တချို့ကတော့ အောင်မြင်သွားတာရှိတယ်။ တချို့ကတော့ ပျက်စီးသွားတာ တွေလည်း ရှိတယ်။ ဆိုတော့ ခရစ္စတီးနား အဓိက ပြောချင်တာတော့ ကြိုးစားကြည့်ပါ။ ဒီနေရာက ကိုယ့်နေရာဟုတ်လား။ လူတိုင်းသီချင်းကို ကြိုက်ကြတယ်။ ကိုယ်က အဆိုတော် လုပ်ဖို့ ဟုတ်လား။ ဟုတ်တယ်ဆိုရင် ကြိုးစားပါ။ အဲ့ဒီ ထဲကနေ ဒီ Music ဆိုတဲ့ ပိုးက မသေသေးဘူးဆိုရင် အချိန်တစ်ခု ရောက်တဲ့အထိ ကြိုးစားပါ။ နောက်တစ်ခု ဘာပြောချင်လဲဆိုရင် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုချင်းစီကို အကောင်းဆုံးလုပ်ပါ။ အကောင်းဆုံးလုပ်ခဲ့လို့ရှိရင် အဲ့ဒီလမ်းကို နောက်ဆုတ်သွားပေမယ့် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ အကောင်းဆုံးလုပ်ခဲ့ပါလို့ ပြောချင်ပါတယ်။
နောက်ထပ်ဖြည့်စွက်ပြီး ဘာများပြောချင်သေးလဲ။
အင်တာဗျူးပေးတဲ့ မြစ်ကြီးနားသတင်း ဂျာနယ်ကို အရမ်းကျေးဇူးတင်တယ်။ ပြီတော့ ခရစ္စတီးနားရဲ့ပရိသတ်တွေ၊ သူငယ်ချင်းတွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ပေးတဲ့ မိသားစုဝင်တွေကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ခရစ္စတီးနားအနေနဲ့ ထပ်ပြီးတော့မှ ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့ ခရစ္စတီးနားကို မြစ်ကြီးနားသတင်းဂျာနယ်ကလည်း ကျေးဇူးတင်ပါတယ်။
Benadeth