ဟူးကောင်းဒေသကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ရန် ပြည်နယ်လွှတ်တော် သဘောမတူ

1205
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဝင်း အဆိုတင်သွင်းနေပုံ

ဒီဇင်ဘာ ၁၂

ဟူးကောင်းချိုင့်ဝှမ်းနယ်မြေအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိကြောင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ပြောသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဝင်း၏ တနိုင်းမြို့နယ်၊ ဟူးကောင်းချိုင့်ဝှမ်း နယ်မြေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနကိုယ်စား အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒါကို ပြည်ထောင်စုအဆင့်စီမံချက်အရသာ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီဧရိယာတွေကို ကန့်သတ်နယ်မြေအဖြစ် ကန့်သတ်ပေးနိုင်ခြင်း မရှိသေးပါဘူး”ဟု ၀န်ကြီးဦးဝင်းညွန့်က ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသကို ကန့်သတ်နယ်မြေအဖြစ် ယခင် ပြည်နယ်အစိုးရက သတ်မှတ်ပေးခဲ့ သကဲ့သို့ ယခုပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ထိုသို့သတ်မှတ်ပေးရန် အစီအစဉ် ရှိမရှိကို ဒီဇင်ဘာလ ၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နမ၀ပုံမှန်အစည်းအဝေး၌ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဝင်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဟူးကောင်းဒေသမှာ တောရိုင်းတိရစ္ဆာန်တွေကို တရားမ၀င် ပစ်ခတ်ဖမ်းဆီးတာ၊ သစ်၊ ၀ါး၊ ကြိမ်နဲ့ တောထွက်ပစ္စည်းတွေ တရားမ၀င် ထုတ်လုပ်တာ၊ ကန့်သတ်ဧရိယာအတွင်းဝင်ပြီး ရွှေနဲ့ ပယင်းကို တရားမ၀င်တူးဖော်နေတာတွေ ရှိနေပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ်ရှိ မရှိမေးလိုပါတယ်”ဟု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ဆန်းဝင်း က ပြောသည်။

ထို့အပြင် အဆိုပါဒေသအတွင်း တရားမ၀င် ရွေနှင့်ပယင်းတူးဖော်နေသူများ ရှိသည့်အတွက် အကြမ်းဖက် သောင်းကျန်းသူများက ဆက်ကြေးကောက်ခြင်း၊ တပ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း၊ တရားမ၀င်ရွှေနှင့် ပယင်းလုပ်ကွက်များအနီး ကေအိုင်အေတပ်ဖွဲ့က မိုင်းထောင်ထားခြင်းများကြောင့် ပြည်သူများ မကြာခဏမိုင်းထိမှန်ကာ အသက်အန္တရာယ်ထိခိုက်မှုများ ရှိနေသည်ဟု ဗိုလ်မှူးအောင်ဆန်းဝင်းက ပြောသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနအောက်မှာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေကလည်း လုံခြုံရေးကိုအကြောင်းပြပြီး ပတ်ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘူး”ဟု ဗိုလ်မှူးအောင်ဆန်းဝင်းက လွှတ်တော်တွင် ပြောခဲ့သည်။

ယခင်အစိုးရလက်ထက်က  တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ဧရိယာအတွင်း ကျရောက်နေသော ဧက ၁၀ သိန်းကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်နှင့် ခန္တီးမြို့နယ်တွင် ကျရောက်နေသည့် ဧက ၁၆ သိန်းကို  သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးနွယ်များ  ထိန်းသိမ်းကာကွယ်ရန် ဟူးကောင်းချိုင့်ဝှမ်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော တိုးချဲ့အဖြစ် သတ်မှတ်ပေးထားခဲ့ဖူးသည်။

ယခုနှစ် သြဂုတ်လက ကျင်းပပြုလုပ်ခဲ့သည့်  လွှတ်တော်အစည်းအဝေးတွင်လည်း တနိုင်းမြို့နယ်ဟူးကောင်းချိုင့်ဝှမ်းဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေအတွင်း တရားမ၀င်ရွှေနှင့်ပယင်း တူးဖော်နေမှုကို ရပ်စဲနိုင်ရန် ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ပေးရေး အဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here