လွှတ်တော် ကတိက၀တ်များကို ပြည်နယ်အစိုးရ လိုက်နာမှုမရှိ

1280

ဒီဇင်ဘာ ၁၂

လွှတ်တော်က တင်ပြသည့်အရာများကို ကချင်ပြည်နယ်အစိုးရအနေဖြင့် လေးလေးစားစား လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်နယ်စပ်ရေးရာကော်မတီမှ ဥက္ကဋ္ဌ ဦးတင်ဦးယုက ပြောသည်။

လွှတ်တော်က အတည်ပြုပြီးဖြစ်သော အဆိုများအား အစိုးရအဖွဲ့သို့ တင်ပြပြီးဖြစ်သော်လည်း အစိုးရအဖွဲ့အနေဖြင့် အကြောင်းပြန်မှု နှောင့်နှေးလျက်ရှိသောကြောင့် ပြည်သူလူထု၏ ယုံကြည်မှုအားနည်းလာသည့် ပြဿနာများကို ကြုံတွေနေရကြောင်း အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီမှ ဥက္ကဋ္ဌလည်းဖြစ်သည့် ရွှေကူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ပြောသည်။

“လွှတ်တော်က တင်တာတွေကို အလေးမထားတာလား မသိဘူး။ အစိုးရက ပြည်သူကို မျက်နှာမူတဲ့ အစိုးရဆိုရင် လွှတ်တော်ကို အလေးထားပြီး လေးလေးစားစား ရှိရမယ်။ လွှတ်တော်က တင်ပို့လိုက်တဲ့အစီရင်ခံစာတွေကို အလေးထား ဆောင်ရွက်ပေးစေချင်တယ်။ အဲဒါမှလည်း ပြည်သူ အားကိုးတဲ့ အစိုးရဖြစ်မှာ”ဟု ဦးတင်ဦးယုက ပြောသည်။

လွှတ်တော်က တင်ပြသည်များကို အစိုးရအဖွဲ့အနေဖြင့် မည်သည့် တုံ့ပြန်မှုမျှမရှိသည့်အတွက် ကိုယ်စားလှယ်များအနေဖြင့်လည်း ကွင်းဆင်းမှုများ ပြုလုပ်ရာ၌ ပြည်သူများအပေါ်တုံ့ပြန်ရန် အခက်အခဲများ ရှိလာရကြောင်း၊ ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်များအပေါ် ယုံကြည်မှု အားနည်းလာရကြောင်း ၎င်းက ထပ်မံပြောသည်။

“တုံ့ပြန်နိုင်ခြင်း မရှိတဲ့အခါကျတော့ ပြည်သူတွေရဲ့ယုံကြည်မှု အားနည်းလာတယ်။ ပြည်သူ ယုံကြည်မှုအားနည်းလာတာနဲ့အမျှ အစိုးရကိုပဲသွားထိခိုက်တာ။ အခုက လွှတ်တော်နဲ့အစိုးရက သပ်သပ်စီလို ဖြစ်နေတယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ချိတ်ဆက်မှု ကောင်းကောင်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီ။ လွှတ်တော်ကတင်ပြမှုတွေကို အလေးထားဆောင်ရွက်မှ အောင်မြင်နိုင်မှာ”ဟု ဦးတင်ဦးယုက ဆိုသည်။

ထို့အပြင် လွှတ်တော်၏ကတိက၀တ်ကော်မတီက ဆောင်ရွက်ထားပြီးဖြစ်သည့် ကိစ္စရပ်များကို လည်း ပြည်နယ်အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ အကြောင်းပြန်ခြင်း မရှိသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် များစွာအခက်အခဲရှိကြောင်း၊ ထိုအကြောင်းရင်းများကြောင့် ကတိက၀တ်ကော်မတီအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်မှု နည်းပါးခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်တစ်ခု အဖြေမပေါ်သေးဘဲ နောက်တစ်ခုဆက်လုပ်မယ်ဆို ဘယ်လောက်မျက်နှာပူလဲ။ ပြည်သူကို ဘယ်လိုပြောမလဲ။ ကျွန်တော်တို့က ဆုံးဖြတ်ရတာမှ မဟုတ်ဘူး၊ ပြည်သူနဲ့အစိုးရကို ဆက်သွယ်ပေးရတာ”ဟု ဦးတင်ဦးယုက ရှင်းပြသည်။

လွှတ်တော်၌ ကိုယ်စားလှယ်များ တင်သွင်းသည့် အောင်မြင်သည့် အဆိုများကို ပြုလုပ်ဆောင်ရွက်ပေးရန် ကတိပေးထားခြင်းများ ရှိသော်လည်း လက်တွေ့တွင် ကတိက၀တ် ရရှိပြီးသည်များကို ပြတ်သားစွာ ဆောင်ရွက်ပေးနိုင်မှု မရှိသေးခြင်းမှာ အဆိုးဆုံးသောပြသနာဖြစ်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာ ကော်မတီမှဥက္ကဋ္ဌဦးတင်ဦးယုက ပြောသည်။

အဆိုပါ ပြဿနာရပ်များနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥက္ကက ကချင်ပြည်နယ် အစိုးရအဖွဲ့အား ဖိအားပေး၍ တိုက်တွန်းပြောဆိုရန် လိုအပ်သည်ဟု ဦးတင်ဦးယုက ပြောသည်။

“ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌကို တိုက်တွန်းခိုင်းပါတယ်။ သူက ထိထိရောက်ရောက် တိုက်တွန်းဆောင်ရွက်ပေးရင် အစိုးရက လုပ်ဆောင်လာမှာပါ။ လွှတ်တော်ဥက္ကဋ္ဌက ဖိအားပေးရင်တော့ ဖြစ်လာမှာပါ။ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကနေပဲ ဖြစ်သွားတာလေ။ ဖိအားမပေးဘဲ ရောလိုက်ရင်တော့ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောချင်တယ်”ဟု ဦးတင်ဦးယုက သုံးသပ်သည်။

လွှတ်တော်က ပေးထားသည့် ကတိက၀တ်များ၊ အာမခံချက်များကို ပထမအကြိမ်လွှတ်တော် အစည်းအဝေးတွင် ၅၀ ရာခိုင်နှုန်းခန့် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒုတိယသက်တမ်းမှာတော့ ၆ လ တစ်ကြိမ် စစ်ရပြီ။ လက်ရှိအနေအထားမှာတော့ စစ်ဆေးမှု မရှိသေးဘူး။ မြေယာအမှု သီးသန့်အနေနဲ့ ၅၀ ရာခိုင်နှုန်းလောက်က အောင်မြင်တဲ့အတွက် လူထုယုံကြည်မှုကို ရရှိခဲ့တယ်”ဟု ဦးတင်ဦးယုကရှင်းပြသည်။

ကတိက၀တ်ရေးရာကော်မတီက လုပ်ဆောင်ရသည့် လုပ်ငန်းများမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုမေးခွန်းများအတွက် ၀န်ကြီးများ၏ ပြန်လည်ဖြေကြားမှုအပေါ်မူတည်၍  ကတိက၀တ်မြောက်ခြင်း၊ မမြောက်ခြင်းတို့ကို ခွဲခြားဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကတိက၀တ်ရပြီးဖြစ်သော်လည်း လုပ်ဆောင်ပြီးခြင်း မရှိသေးသည်များကို ခွဲထုတ်၍၎င်းတို့ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရသည်ဟု သိရသည်။

ကတိက၀တ်ကော်မတီသည် ပြည်သူလူထု၏ နစ်နာမှုများကို လွှတ်တော်သို့ တိုင်ကြားလာသည့် အခါ စစ်ဆေးမှုလုပ်ငန်းများကို လုပ်ဆောင်ရသောအဖွဲ့ဖြစ်သည်။

ကျော်ကျော်ဦး(၈၈)၊

ဆလိုင်း

LEAVE A REPLY

Please enter your comment!
Please enter your name here