“အစိုးရပြောင်းမှပဲ ကျောင်းပြန်တက်ခိုင်းဖို့ စဉ်းစားမယ်။ စာမေးပွဲတွေ ပြန်ဖြေခိုင်းမယ်” ဆိုတဲ့ မြစ်ကြီးနားမြို့နေ ကျောင်းသားမိဘအချို့ရဲ့ ရင်တွင်းစကားသံများ

921

“အစိုးရပြောင်းမှပဲ ကျောင်းပြန်တက်ခိုင်းဖို့ စဉ်းစားမယ်။ စာမေးပွဲတွေ ပြန်ဖြေခိုင်းမယ်” ဆိုတဲ့ မြစ်ကြီးနားမြို့နေ ကျောင်းသားမိဘအချို့ရဲ့ ရင်တွင်းစကားသံများ

(ပြည်သူ့အသံ)

အာဏာသိမ်း စစ်ကောင်စီကနေ လာမယ့်မတ်လအတွင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လက်ရှိအချိန် မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပြီး ကိုဗစ်ကကူးစက်မှုကလည်း တိုးလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျောင်းသားမိဘတွေအနေနဲ့ မိမိသားသမီး ပညာရေးအတွက် ဘယ်လို စိတ်ကူးတွေ ရှိနေလဲဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

 

ဒေါ်ရွယ်ဂျီး

စာမေးပွဲက ဖြေတော့အရမ်းဖြေခိုင်းချင်တာပေါ့။ ဒါပေမယ့် ကိုယ်သားသမီးကပဲ ဖြေလို့ရပြီး တိုင်းပြည်ငြိမ်သက်ဖို့ ကြိုးစားနေတဲ့ သူတို့ရဲ့အခက်အခဲကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်သားသမီးက (၁၀) တန်းအောင်သွားခဲ့ပေမယ့် တကယ့်တကယ် ဒီတော်လှန်ရေးအတွက် ကြိုးစားနေတဲ့ ကလေးတွေရဲ့ မျက်နှာကို ငဲ့ညာပြီး၊ ဖြေခိုင်းချင်ပေမယ့် မဖြေခိုင်းဘူး။ ဒါပေမယ့် ကိုယ့်ကလေးတွေရဲ့လုံခြုံရေးကို သူတို့အနေနဲ့ ဘာမှမပေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကျောင်းသွားခိုင်းမယ်ဆိုလည်းခက်၊ မသွားခိုင်းပြန်လည်းခက် ဆိုတော့ ခက်တော့ခက်တာပေါ့။ ပိုက်ဆံမရှိတဲ့သူတွေက သူများထားတဲ့နေရာမှာ သွားမထားနိုင်တော့ ပိုက်ဆံမရှိတဲ့ကလေးတွေက ပိုပြီးတော့ ခက်ခဲတာပေါ့လေ။ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘယ်သူ့ကိုသွားပြောရမလဲ။ ဘယ်သူကကယ်နိုင်မလဲဆိုတာကို အမှန်အကန် ပြည်သူတွေကို၊ ပြည်သူတွေလို့ပြောတဲ့အထဲမှာ ဒီကလေးတွေရဲ့အရေးကို ပိုပြီးတော့ စွမ်းစွမ်းတမံလုပ်ဆောင်ပေးတဲ့ ဘယ်အဖွဲ့အစည်းမဆို ပေါ်ပေါက်လာရင်တော့  ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်။

 

ဒေါ်စန်းစန်း  

ကွန်မသားကိုတော့ ကျောင်းတောင်မတက်ခိုင်းဘူး။ အစတုန်းကတော့ ကိုယ်ပိုင်းကျောင်းမှာ သွားထည့်ထားတာ တစ်လလောက်နဲ့ ကျောင်းပိတ်သွားတယ်။ အဲဒီနောက်ပိုင်း အွန်လိုင်းနဲ့သင်ပေးတယ်။ တစ်လ၊ နှစ်လ သင်ပေးပြီး အဆင်မပြေတာနဲ့ ပြန်မသင်တော့ဘူး။ အဲဒီကတည်းက အိမ်မှာပဲ ဒီအတိုင်းနေနေတယ်။အဲဒါကြောင့် (၁၀)တန်း မဖြေဘူး။ သူကစာလည်း မသင်ထားဘူးဆိုတော့ မဖြေခိုင်းတော့ဘူး။ သွားဖြေလည်း ဘာမှသိမှာမဟုတ်ဘူးလေ။ သူကစာဆက်လုပ်ထားရင်တော့ ဖြေခိုင်းဦးမှာ အခုက ဘာမှမသင်ထားတော့ မဖြေခိုင်းတော့ဘူး။ အင်္ဂလိပ်စာသင်တန်း သွားခိုင်းရမယ်ထင်တယ်။ နိုင်ငံရေးပြောင်းလဲလာပြီး သူများတွေ စာပြန်သင်လာရင်တော့ ကျောင်းဆက်ထားပြီး ကျောင်းပြီးအောင် ထားမယ်လို့တော့ ရည်ရွယ်ထားတယ်။

 

ဒေါ်ကော့ဘူ

(၁၀) တန်းကို တော့ဖြေခိုင်းချင်တယ်၊ ကျောင်းကမတက်တော့ဘူး။ သူတို့ရဲ့ဘဝရှေ့ရေးအတွက် ဖြေခိုင်းစေချင် တာပါ။ ဗုံးကွဲလာရင် ရင်တုန်ရတယ်။ ကျွန်မကလေးတွေ စာသင်နေတဲ့အချိန် ဘာလိုများနေမလဲ ဆိုပြီးတော့ စိုးရိမ်ရပါတယ်။ မိဘတစ်ဦးနဲ့ ဖြစ်စေချင်တာက သူဖြစ်ချင်တာနဲ့မတူဘူးဖြစ်နေတယ်။ သူဖြစ်ချင်တာက (၁၀) တန်းအောင် ဘွဲ့ရပြီးရင် ကျမ်းစာကျောင်းတက်ပြီးတော့ တေးရေးပိုင်းကို လုပ်ချင်နေတယ်။ ကိုဗစ်ဖြစ်ကတည်းက ကျောင်းမတက်တော့ဘူး။ ဒီစစ်အစိုးရလက်ထက်မှာက ဘာလို့ကျောင်းမတက်လည်းဆိုရင် သူတို့က ကလေးတွေ စာသင်နေချိန်မှာ တစ်ခုခုလာလုပ်မှာကိုစိုးလို့ မတက်ခိုင်းတာဟုတ်တယ်။ အစိုးရပြောင်းသွားရင်တော့ ပြန်တက်ခိုင်းမယ်။

 

CDM ကျောင်းဆရာမတစ်ဦး(မြစ်ကြီးနား)

စစ်ကောင်စီက သူတို့ကိုအစိုးရအဖြစ် လက်ခံလာအောင်လို့ ရောဂါတွေ ကြားကနေ ကျောင်းတွေကို အတင်းဖွင့်တယ်။ မိဘတွေကလည်း ကိုယ်သားသမီးတွေကို သူများတွေထက် နောက်ကျမှာစိုးလို့ ကျောင်းကိုအတင်းပို့တယ်။ ပြီးတော့ ဒီရောဂါတွေကိုလည်း မမြင်တော့ဘူးပေါ့နော်။ အခုနောက်ပိုင်းတွေ့ရသလောက် Positive တွေ့ပြီဆိုရင် ဘယ်ကနေအရင် တွေ့သလဲဆိုရင် ကျောင်းတွေကနေ အရင်စတွေ့တယ်။ ကျောင်းတွေကို ယာယီပိတ်လိုက်ရမှာ။ ဒါပေမယ့်လည်း သူတို့က မပိတ်ဘူး။ ဖွင့်နေဆဲပဲ။ စစချင်း စစ်ကောင်စီက ကျောင်းတွေဖွင့်တော့ ကျောင်းအပ်တဲ့မိဘတွေ သိပ်မရှိကြဘူးပေါ့နော်။ ကျောင်းတက်တဲ့ ကလေးကလည်း နည်းတယ်။ တချို့ကျောင်းကဆရာ၊ ဆရာမတွေက ကျောင်းသားမိဘတွေကို ခြိမ်းခြောက်တာရှိတယ်။ အခုကျောင်းလာမအပ်ရင် မင်းတို့သားသမီးတွေကို ကျောင်းထုတ်မယ်၊ နောက်လည်းတက်လို့မရဘူး။ ဒါကြောင့် အချို့မိဘတွေက ကိုယ့်သားသမီး ကျောင်းမတက်ရမှာစိုးလို့ အပြေးအလွှားကျောင်းသွားအပ်ကြတယ်။ အဲဒါကြောင့် ကျောင်းသားဦးရး များလာတယ်လို့ ထင်ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့က တစ်နိုင်ငံလုံးမှာ မျှမျှတတနဲ့ ဖြေဆိုရတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါဆုံးသော အရာဖြစ်တယ်။ တနိုင်ငံလုံးတောင် ကျောင်းတွေ အကုန်လုံးမဖွင့်နိုင်ဘဲနဲ့ သူတို့ရဲ့အာဏာတည်မြဲဖို့ကိုပဲ ကြည့်နေတယ်။ ကလေးတွေရဲ့အနာဂတ်ကိုမကြည့်ဘူး။ အာဏာရှင်ဆန်ဆန်နဲ့ အတင်းလုပ်ယူတဲ့ လုပ်ငန်းဖြစ်နေတယ်။ ဒါကြောင့်မို့လို့ လုံးဝမဖြေသင့်ဘူး။  တကယ်လို့ဒီစာမေးပွဲကို ဖြေခဲ့မယ်ဆိုရင်လည်း ဒီစာမေးပွဲက တရားမဝင်ဘူး။ ဘာလို့လဲဆိုရင် NUG အစိုးရကနေတရားဝင် ကြေညာထားပြီးပြီ။ စာမေးပွဲရလဒ်က လုံးဝကို ဘောင်မဝင်ဘူးဆိုတာ သိစေချင်တယ်။ အရင်ကပညာရေးစနစ်ကို ကျွန်မတို့လည်း လုံးဝမကြိုက်ဘူး။ အခုအစိုးရလက်ထက်(NLD) မှာဆိုရင် ပညာရေးစနစ်ဟာ အရမ်းကို ပြောင်းလဲလာပြီဖြစ်တယ်။ အရင်က တက္ကသိုလ် စာမေးပွဲတွေဆိုရင် အမှတ်မီမှ ဆေးကျောင်းတက်ရမယ်။ အမှတ်မီမှ ဘယ်လိုင်းတက်ရမယ်လို့ အမှတ်နဲ့ လိုင်းခွဲ ကြတယ်။ (၁၀) တန်းဆိုတာ နတ်စောင့်တယ် စာတော်တိုင်းလည်း ဂုဏ်ထူးမထွက်ဘူး၊ တချို့ကလေးတွေက စာတော်ကြပေမယ့် အမှတ်မမီလို့ ကိုယ်ဝါသနာပါတာကို မတက်ကြရဘူး။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီဖြစ်နေတယ်။ အခုဖက်ဒရယ်ပညာရေးကတော့ အဲဒီလိုမဟုတ်ဘူး။ ဆယ်တန်းအောင်တာနဲ့ အမှတ်တွေနဲ့မခွဲဘဲ ကိုယ်ဝါသနာပါရာလမ်းကို လျှောက်လို့ရတယ်။ဒါကြောင့် မို့လို့ ကျွန်မတို့က ဖက်ဒရယ်ပညာရေးကိုပဲအားပေးတယ်။ ဒီဖက်ဒရယ်ပညာရေးစနစ်ကြီးကလည်း အောင်မြင်မယ်လို့လည်း ထင်ပါတယ်။ ယုံကြည်ပါတယ်။ အခုဆိုရင်ဝန်ကြီးတွေကလည်း ပြည်သူတွေဘက်မှာအားလုံးရှိတယ်။ ဒီတိုက်ပွဲကလည်း မကြာခင်မှာ အဆုံးသတ်တော့မှာ။ ဒါကြောင့်မို့လို့ စစ်ကောင်စီပြောသမျှလုပ်သမျှကို နားမယောင်ဘဲနဲ့ မိမိရဲ့အစိုးရကို ယုံယုံကြည်ကြည်နဲ့ စောင့်နေပေးပါလို့ ပြောချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here