မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသင့်ပြီဟု ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ်လ်ချားလ်စ်ဘို မိန့်ကြား

1670
Cardinal Charles Bo

ဒီဇင်ဘာ ၁၄

မြစ်ဆုံစီမံကိန်းသည် ဆက်လက်လုပ်ဆောင်ရန်မသင့်သည့် လုပ်ငန်းဖြစ်သောကြောင့် ရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကာဒီနယ်လ် ချားလ်စ်ဘိုက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောသည်။

ဆရာတော်သည် မြစ်ဆုံဒေသရှိ တန်ဖရဲကျေးရွာမှ မာရိယာကောင်းကင်ဘုံသခင်မ ဘုရားကျောင်းသို့ လာရောက်ပြီး တန်ဖရဲကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာများမှ ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြော      ကြားခဲ့ခြင်း ဖြစ်သည်။

“တကယ်တမ်း ပြန်စဉ်းစားရင် ဒီစီမံကိန်းဟာ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အရာဖြစ်တယ်။ ဒီဟာကြီးက             ကချင်ပြည်နယ် တစ်ပြည်နယ်လုံးနဲ့ အထူးပတ်သက်တဲ့အပြင် မြန်မာပြည်တစ်ပြည်လုံးနဲ့ ပတ်သက်တဲ့အရာဖြစ်တဲ့အတွကတစ်ပြည်လုံး ဆန္ဒထုတ်ဖော်ထားတဲ့အတိုင်းပဲ ရပ်ရမယ်၊ ရပ်ထိုက်ပါတယ်”ဟု ဆရာတော်က မိန့်ဆိုခဲ့သည်။

မြစ်ဆုံစီမံကိန်းကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက “ရေများပြီး ပေါက်သွားခဲ့ရင် တစ်ပြည်လုံးဒုက္ခရောက်မယ်။ ရေမရှိတော့ဘူး ဆိုပြန်ရင်လည်း အောက်ပြည်တစ်ခုလုံးလည်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေးတွေ ပျက်ပြားမယ်။ ဘယ်လောက်ပဲ အရင်းနှီးများခဲ့ပါစေ ဒါကြီးဟာ ရပ်တန့်သင့်တဲ့အရာဖြစ်တယ်”ဟု ဆရာတော်က သုံးသပ်ပြော     ကြားခဲ့သည်။

ယခု အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တစ်စုံတရာပြောဆိုလာခြင်းမရှိသည့်အတွက် စိုးရိမ်ရကြောင်း၊ လက်ရှိတွင် တရုတ်ကုမ္ပဏီက ဒေသခံများအတွက် ဆောက်လုပ်ပေးခဲ့သော နေအိမ်များသည်လည်း ပျက်စီးယိုယွင်းနေ     ကြောင်း၊ မြစ်ဆုံစီမံကိန်းကို ဗဟိုမှထိန်းချုပ်နေသည့်အတွက် ဆရာတော်အနေဖြင့် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပါက အဆိုပါကိစ္စရပ်များကို ပြောပေးစေလိုကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် မြစ်ဆုံရေကာတာစီမံ    ကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ပြည်သူများကိုယ်စား Mungchyin Rawt Jat (MRJ) အဖွဲ့မှ ဒေသခံဒေါ်ဂျာခေါန်က တင်ပြခဲ့သည်။

တွေ့ဆုံပွဲတွင် ဆရာတော် ကာဒီနယ်လ် ချားလ်စ်ဘိုက အဆိုပါကိစ္စနှင့်ပတ်သက်၍ မြစ်ဆုံဒေသရှိ ဘာသာဝင်ယုံကြည်သူများအနေဖြင့် ဘုရားရှင်ထံဆုတောင်း ပဌာနပြုခြင်းကို ကြိုးစားပြုလုပ်ရမည်ဖြစ်ပြီး ထိုဆုတောင်းသံများကိုလည်း ဘုရားသခင်ကနားထောင်မည်ဖြစ်သောကြောင့် အားယူ၍ ဆုတောင်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါမြစ်ဆုံရေကာတာစီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရပ်ဆိုင်းထားခဲ့သည်မှာ ယနေ့အချိန်အထိဖြစ်သော်လည်း တရုတ်ကုမ္ပဏီများ၏ ဖိအားပေးမှုကြောင့် လက်ရှိအစိုးရအနေဖြင့် ထိုစီမံကိန်းကို ပြန်လည်စတင် လုပ်ကိုင်လာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here