မတ် ၁၇
ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌများနှင့် အတွင်းရေးမှူးများအား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မေးမြန်းလိုသည်များကိုမေးမြန်းပြီးနောက် ယနေ့မနက်တွင် ပြန်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့အား စစ်ကောင်စီအဖွဲ့မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ညတွင် ခေါ်ဆောင်ခဲ့ပြီး ယနေ့ မတ်လ (၁၇) ရက်တွင် ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲအရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။
“သူတို့ကငါတို့ကို ခေါ်ထားပြီးတော့ နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့ ရိပ်သာတွေမှာ ထားထားတာလေ။ ငါတို့ကို ဖမ်းထားတာမဟုတ်ဘူး။ ချုပ်ထားတာမဟုတ်ဘူး။ သူတို့ကပြန်လို့ရပြီဆိုလို့ပြန်လာတာပါ။ သူတို့ကလွှတ်ပေးတာမဟုတ်ဘူး။ လွှတ်ပေးတယ်ဆိုတာက ဖမ်းထားမှလေ။ အခုက ပြန်ခိုင်းလို့ပြန်လာတာ။” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ဥက္ကဌနှင့် အတွင်းရေးမှူးများကို ကောင်းမွန်စွာနေထိုင်စေပြီး ကောင်းမွန်စွာ စားသောက်စေကာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က သိလိုသည်များကို ကောင်းမွန်စွာမေးမြန်းပြီးနောက် ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ကချင်ပြည်နယ်ကရွေးကောင်ပွဲကောင်မရှင်ဥက္ကဌနှင့်အတွင်းရေးမှူး၊ ခရိုင် (၄) ခရိုင်က ဥက္ကဌ (၄) ဦးနှင့် အတွင်းရေးမှူး (၄) ဦး၊ မြို့နယ် (၁၈) မြို့နယ်က ဥက္ကဌ (၁၈) ဦးနှင့် အတွင်းရေးမှူး (၁၈) ဦးတို့ဖြစ်ကြောင်းသိရသည်။







