ကာမိုင်းမြို့၊ လွယ်ဆိုင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားတွေ စခန်းစွန့်ခွာ

14

 

ဧပြီ၊၁၇

ကာမိုင်းမြို့၊ လွယ်ဆိုင်ရွာက စစ်ကောင်စီတပ်စခန်းမှာရှိတဲ့ တပ်သားတွေဟာ မနေ့(ဧပြီလ ၁၆ ရက်နေ့) ညနေပိုင်း ၃ နာရီလောက်မှာ ထွက်ခွာသွားကြပြီလို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တစ်ခုတည်းရှိတဲ့ လွယ်ဆိုင်တာဝါကုန်းစခန်းက အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ မနေ့က ညနေပိုင်းလောက်မှာ စခန်းကနေထွက်ခွာပြီး ကာမိုင်းမြို့ ဗျူဟာကုန်းဘက် ရောက်ရှိနေကြပြီလို့ ကာမိုင်းဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

မနေ့ညက ထွက်ပြေးသွားကြပြီ။ ဒီမနက်တော့ ကာမိုင်းဘက် ရောက်ပြီလို့ ပြောတယ်။ ကာမိုင်းဗျူဟာဘက် ရောက်သွားပြီ။ သူတို့က လွယ်ဆိုင် တောင်ကုန်းမှာ စခန်းချထားတာ“လို့ ဒေသခံက ပြောပါတယ်။

လွယ်ဆိုင်ရွာ တောင်ကုန်းပေါ်မှာ စခန်းချထားတဲ့ အဲဒီစခန်းမှာ စစ်ကောင်စီတပ်သား အင်အား ၂၀လောက်ရှိပြီး လက်ရှိအချိန်မှာတော့ လုံခြုံရေးအရ ကာမိုင်းဗျူဟာကုန်းဘက် ပြောင်းရွှေ့သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ လွယ်ဆိုင်ဘက်က စစ်ကောင်စီတပ်စခန်းတစ်ခုလုံး စခန်းစွန့်ခွာသွားတယ်လို့ ကြားသိရတဲ့အပြင် မနေ့က(ဧပြီလ ၁၆ ရက်နေ့) တစ်ရက်တည်းမှာပဲ ကာမိုင်းရဲစခန်းက တပ်သားအချို့လည်း စခန်းကနေ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကာမိုင်းမြို့ဒေသခံပြည်သူအများစုဟာ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

လွယ်ဆိုင်ကျေးရွာဟာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ကထန်ယန်ကျေးရွာအုပ်စုမှာ ပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကထန်ယန်ကျေးရွာအုပ်စုအတွင်း လူဦးရေစုစုပေါင်း သုံးထောင်နီးပါး နေထိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူအားလုံး တပ်စခန်းစွန့်ခွာ ထွက်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here