နွယ်ဂျယ်ဘွမ်ပယင်းမှော်စောင့် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

15

ဧပြီ၊၁၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နွယ်ဂျယ်ဘွမ်ပယင်းမှော်စောင့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေကနေ ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIA သတင်းရင်းမြစ် တစ်ဦးဆီကနေ သိရပါတယ်။

အင်အား ၄၀ လောက်ရှိတဲ့ အထက်ပါ နွယ်ဂျယ်ဘွမ်ပရင်းမှော်စောင့် ခလရ-၂၉၇ တပ်စခန်းကို KIA ပူးပေါင်းတပ်တွေကနေ ဒရုန်းတွေနဲ့ မနေ့မနက်ကနေ စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ခလရ ၂၉၇တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီလို့ အထက်ပါ KIA သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

မနေ့ကတော့ ဒရုန်းနဲ့ သွားပစ်တာ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာ။ ဒီမနက်တော့ သိမ်းနိုင်သွားပြီ။ အဲဒီမှာက ခလရ ၂၉၇နဲ့ ပူးပေါင်းတပ်တွေ ထိုင်တာ။တနိုင်းတပ်တွေလည်း ထိုင်တယ်”လို့ ဆိုပါတယ်။

နွယ်ဂျယ်ဘွမ်ပရင်းမှော်ဟာ တနိုင်းမြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီလောက်သွားရတဲ့ နေရာဖြစ်ပြီး လပူခရွှေမှော်အနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့ မတ်လ ၇ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ၆၀ ထက်မနည်းကို သိမ်းပိုက်ထားပြီးပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here