KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ

23

 

ဧပြီ၊၁၇

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီကနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးအသီးက အကျဉ်းသူ/သား ၃,၀၀၀ ကျော်ကိုလွှတ်ပေးတဲ့အထဲ မြစ်ကြီးနားအကျဉ်းထောင်မှာ ကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်လာပြီဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့က သွားကြိုနေတယ်လို့ သိရတဲ့အပြင် ဆရာကြီးရဲ့ မိသားစုဝင်တစ်ဦးကလည်း လွတ်မြောက်လာပြီလို့ အတည်ပြုပါတယ်။

လွတ်လာပြီ။ ခုသွားကြိုဖို့ လုပ်နေတယ်။ PCGအဖွဲ့ကတော့ သွားကြိုနေပြီလို့ အထက်ပါမိသားစုဝင်က ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးကနေ အယူခံပယ်ချခံရပြီးတဲ့နောက် ပြည်နယ်မှာပါ အယူခံပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-က၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)နဲ့ တရားစွဲဆို ခဲ့တာပါ။

အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ချလိုက်တာပါ။

ဒေါက်တာ ခလမ်ဆမ်ဆွန်အနေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here