ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇော်ဝင်းနဲ့ ဦးနေဝင်းတို့ ပြန်လည်လွတ်မြောက်

17

 

ဧပြီ၊၁၇

မြစ်ကြီးနားအကျဉ်းထောင်တွင်း ဖမ်းဆီးထောင်ချခံထားရတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးဟောင်း ၂ ဦးကို စစ်ကောင်စီက နှစ်သစ်လွှတ်ငြိမ်းနဲ့ လွှတ်ပေးလိုက်ပြီလို့ နီးစပ်ရာ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

ဝန်ကြီးနှစ်ဦးကို အဂတိလိုက်စားမှုတွေ ပြုလုပ်ထားတယ်လို့ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅)နဲ့ တရားစွဲဆိုပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးဟောင်း ဦးဇော်ဝင်းကို လဝက ဦးစီးအရာရှိ ဦးထွန်းထွန်းအောင်တို့အဖွဲ့က သစ်သီးဖာအပြင် ငွေကျပ် ၁၅ သိန်းနဲ့ ဂါဝရပြုတာကို လက်ခံတဲ့အပြင် ၂၀၁၉ -၂၀ ခုနှစ်မှာလည်း လဝက ဦးစီးအရာရှိ ဦးထွန်းထွန်းအောင်တို့အဖွဲ့ကပဲ သစ်သီးဖာနဲ့အတူ ငွေကျပ် ၆ သိန်း ဂါဝရပြုတာကို လက်ခံတဲ့အတွက် အဲဒီအမှုနှစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပြီး‌တော့ ထောင်ဒဏ် ၆ နှစ်ကို တစ်ပေါင်းတည်း ကျခံစေလို့ အမိန့်ချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်နယ်လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်းကိုလည်း ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်ကို ထုတ်ယူသုံးစွဲခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ ငွေကျပ် ၁၁၁ ဒဿမ ၅၃၅ သန်းကို ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ဆိုပြီး တရားစွဲဆိုကာ လက်အောက်ဝန်ထမ်းတွေကို စစ်ဆေးမေးမြန်းမှု ပျက်ကွက်တယ်လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဟောင်း ဦးနေဝင်းဟာ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးနော်လီနဲ့ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့နဲ့အတူ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီး အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူ သုံးစွဲခဲ့ပြီး နိုင်ငံတော်ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးတယ်လို့ဆိုပြီးတော့ ဝန်ကြီးတွေကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။

ပြည်နယ် ဝန်ကြီးဟောင်း ဦးဇော်ဝင်းနဲ့ ဦးနေဝင်းတို့ကို အမှု ၂ မှုစီ၊ တစ်မှုလျှင် ၃ နှစ်၊ ထောင်ဒဏ် ၆ နှစ်ဖြစ်ပေမဲ့ နှစ်မှုအတွက် တစ်ပေါင်းတည်းကျခံစေခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးဟောင်းတွေကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ရွေးကောက်ပွဲမဲ မသမာမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် အဂတိလိုက်စားမှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်ထဲမှာ ထောင်ဒဏ်ကျခံစေခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်စည်ပင်ဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကတော့ ဧပြီ ၁ ရက်နေ့မနက်ပိုင်းမှာ လွတ်ရက်စေ့လို့ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို အဂတိ၊ အမှုပေါင်း ၄ မှု၊ တစ်မှုလျှင် ၃ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းကို အမှုပေါင်း ၆ မှု၊ တစ်မှုလျှင် ၃ နှစ်စီဖြစ် (၃ မှုအား တစ်ပေါင်းထဲကျခံစေ) စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတာကြောင့် မြစ်ကြီးနားထောင်အတွင်း ဆက်လက်ကျခံနေရဆဲ ဖြစ်ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here