ဇူလိုင် ၁၉ နှင့်သေကံမရောက် သက်မပျောက်

1758
အာဇာနည်နေ့

ဝန်ကြီးများအစည်းအဝေးကို တစ်ပတ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိသည်။ များသောအားဖြင့် ဗုဒ္ဓဟူးနေ့ ၁၀ နာရီတွင်ဖြစ်လေ့ရှိသည်။ ဇူလိုင် ၁၆ ရက်နေ့သည် ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးများအစည်းအဝေးနှင့် လွှတ်တော်ကော်မတီအစည်းအဝေးမှာ တိုက်ဆိုင်နေသည်။ “ဟေ…ဟုတ်လား။ ဒါဖြင့် လွှတ်တော်ကော်မတီကိုပဲ တက်မယ်။ အီးစီကို စနေနေ့မနက် ပြောင်းလိုက်ကွာ”ဟု ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ထွန်းလှကိုပြောလိုက်သည်။ ဇူလိုင်လ ၁၉ ရက်နေ့၊ ဝန်ကြီးများရုံးတွင် အစည်းအဝေးရှိမည်။ ထိုအစည်းအဝေးဖြစ်၊မဖြစ် သေချာစေရန် လုပ်ကြံမှုကြီးတွင်ပါဝင်မည့် ခင်မောင်ရင်နှင့်ဘညွန့်တို့က လာရောက်စုံစမ်းခဲ့ကြသည်။ လုပ်ကြံမှုအောင်မြင်ခြင်းရှိ၊ မရှိသည်ကို စောင့်ကြည့်နေကြသည့် အင်္ဂလိပ်စစ်ဗိုလ်နှစ်ဦးလည်း အနီးအနားတွင် ရှိနေသည်ဟုလည်းဆိုသည်။

ထို့ကြောင့် ဇူလိုင် ၁၉ လုပ်ကြံမှုကြီးတွင် ဦးစောအပြင် ဗြိတိသျှ ကိုလိုနီအစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောလူပုဂ္ဂိုလ်အဖွဲ့စည်းတစ်ခုခု၊ မြန်မာနိုင်ငံရှိ ဦးစောနှင့်ပတ်သက်သောလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများ ဥပမာ-ဘုရင်ခံဟောင်းဒေါ်မန်စမစ် တို့သည် စဉ်းစားစရာများဖြစ်သည်ဟု ယူဆကြသည်။ လက်နက်များမှာလည်း အင်္ဂလိပ်စစ်တပ်မှ ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အပြင် အခြား ဝန်ကြီးများကိုပါ သတ်ခြင်းမှာ အင်္ဂလန်မှလာသော ဗမာပညာတတ်ခေါင်းဆောင်တွေကိုပါသတ် (Kill the Elites) ဟူ၍ပါသော ကြေးနန်းကြောင့်ဖြစ်သည်ဟုလည်း သိရသည်။

ဆရာ မြေနီသစ္စာ၏ဆောင်းပါးတစ်ပုဒ်တွင် ဗိုလ်ချုပ်လုံခြုံရေးအတွက် ဗိုလ်ချုပ်နေဝင်းနှင့် ဦးကျော်ငြိမ်းတို့ထားပေးထားသော လက်ဖြောင့်သေနတ်သမားနှစ်ဦးမှာ ဇူလိုင် ၁၈ အထိရှိကြောင်း၊ ဇူလိုင် ၁၉ တွင်မှ ပျောက်သွားကြကြောင်း၊ နောင်ဖျာပုံဘက်တွင် အလံနီများ၏လုပ်ကြံခြင်းကို ခံရကြောင်း ဖော်ပြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်အိမ်တွင် လုံခြုံရေးယူရသူ ဗိုလ်မှူးထွန်းရွှေက ဇူလိုင် ၁၉ တွင် အင်္ဂလန်တွင်ရောက်နေသော ဦးကျော်ငြိမ်း၏ ခြေရာလက်ရာဖြစ်နိုင်ကြောင်း ပြောပြန်သည်။ ဤသည်မှာ ခေါင်းဆောင်ကြီးများကို ဘယ်သူတွေသတ်သလဲဟူသည့် အပိုင်းဖြစ်သည်။ ခေါင်းဆောင်ကြီးများ ကံဆိုးခဲ့ကြသည်။ သို့သော် ထိုနေ့က ကံကောင်းသော ခေါင်းဆောင်ကြီးများလည်း ရှိခဲ့သည်။ သေကံမရောက် သက်မပျေက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုအထဲတွင် ကချင်ခေါင်းဆောင်ဆမားကြီးလည်း အပါအဝင်ဖြစ်သည်။ ဆမားကြီးမှာ ခါတိုင်းအစည်းအဝေးများတွင် တောင်တန်းဒေသဆိုင်ရာ ဒုဝန်ကြီးအဖြစ် တက်ရောက်လေ့ရှိသည်။ ဇူလိုင် ၁၉ တွင် မြစ်ကြီးနားမှရောက်နေသော ဖဆပလခေါင်းဆောင်များနှင့် အနာဂတ်ကချင်ပြည်နယ်တွင် ကချင်၊ ရှမ်း၊ ဗမာ လူမျိုးများ မည်သို့မည်ပုံ ပူးပေါင်းနေထိုင်သင့်သည် ဟူသော ကိစ္စကိုဆွေးနွေးနေသဖြင့် အစည်းအဝေးသို့နောက်ကျမှရောက်လာခဲ့သည်။ ထို့နေ့လုပ်ကြံမှုကြီးတွင် ကွယ်လွန်ခဲ့သူများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးရာဇာတ်၊ ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ ဖြစ်ကြသည်။

ထိုပုဂ္ဂိုလ်များထဲမှ ဒုတိယအတွင်းဝန်ဦးအုန်းမောင်မှာ ကံမကောင်းလွန်းလှဟု ဆိုရမည်ဖြစ်သည်။ ထိုနေ့တွင် ဦးအုန်းမောင်၏ အထက်လူကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးစောစံဖိုးသင်းမှာ ခရီးလွန်နေ၍ အစည်းအဝေးသု့ိ မတက်နိုင်ပေ။ ထို့ကြောင့် ပထမအတွင်းဝန်ဦးစိုးတင့် အစည်းအဝေးသို့ တက်ရမည်ဖြစ်သည်။ သိ့ုသော် ဒုတိယအတွင်းဝန် ဦးအုန်းမောင်က အစည်းအဝေးတွင် တင်ပြရမည့် စီမံကိန်းကို စိတ်ဝင်စားသည်ဟုဆိုကာ အစည်းအဝေးတက်ခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးကိုလည်း မနက် ၁၀ နာရီမှစတက်သည်မဟုတ်ဘဲ လုပ်ကြံသူများမဝင်လာမီ ၂ မိနစ်အလိုခန့်မှ အစည်းအဝေးခန်းအတွင်းသိ့ု ဝင်လာပြီး လုပ်ကြံခံရမှုတွင် ပါဝင်သွားခဲ့ရခြင်း ဖြစ်သည်။ နောက်ကံဆိုးသူတစ်ဦးမှာ ရဲဘော်ကိုထွေး ဖြစ်သည်။ လုပ်ကြံသူများ ပြန်အထွက်တွင် ပစ်ခတ်ခံရ၍ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။
ကံကောင်းသော ပုဂ္ဂိုလ်ကြီးများမှာ ထိုအစည်းအဝေးခန်းထဲတွင်ပင် ရှိနေကြသော ဦးအောင်ဇံဝေ၊ ဦးရွှေဘော်၊ ဦးဘဂျမ်း၊ ပျော်ဘွယ်ဦးမြတို့ဖြစ်သည်။ လုပ်ကြံသူများက ပစ်ခတ်လိုက်ချိန်တွင် ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေမှာကြမ်းပြင်ပေါ်သို့ မှောက်ချလိုက်သဖြင့် အသက်မသေခဲ့ခြင်းဖြစ်သည်။ ခေတ္တပြည်ထဲရေး ဝန်ကြီး ပျော်ဘွယ်ဦးမြနှင့်အတွင်းဝန် ဦးရွှေဘော်တို့မှာလည်း အပြင်သို့ထွက်ပြေးနိုင်လိုက်သည်။ ဦးဝမ်ကိုဟောမှာ အစည်းအဝေးခန်းတွင်းသို့ ဝင်ခါနီး ချင်းတောင်ပလက်ဝနှင့် နာဂတောင်တန်းမှ ကိုယ်စားလှယ်များ ရောက်ရောက်လာသဖြင့် ဗိုလ်ချုပ်ထံခွင့်ပန်ပြီး အခန်းပြင်ထွက်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။ ဗိုလ်သန်းဝင်းဆိုသူမှာလည်း လုပ်ကြံသူများနှင့် ပက်ပင်းတိုးသော်လည်း “ဟေ့ မဆိုင်သူမကပ်နဲ့ကွ”ဟုဆိုပြီး ပစ်မသွားသဖြင့် အသက်မသေခဲ့ပေ။ မြန်မာ့အလင်းသတင်းထောက် ဦးသန်းညွန့်မှာလည်း ရဲဘော်ကိုထွေးနှင့်အတူ ရှိနေသူဖြစ်သည်။ လုပ်ကြံသူများက ရဲဘော်ကိုထွေးကို ပစ်သော်လည်း ဦးသန်းညွန့်ကို “ဟေ့လူ ခင်ဗျားသေချင်လို့လား”ဟုသာ ပြောပြီး ခေါင်းပေါ်ကျော်ပစ်လိုက်၍ သာ အသက်မသေခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ လာသော အိုင်စီအက်စ်ဦးချမ်းသာမှာလည်း တစ်မိနစ်ခန့်နောက်ကျ၍သာ ရဲဘော်မောင်ထွေးနှင့်အတူ အပစ်မခံခဲ့ရခြင်းဖြစ်သည်။ အစည်းအဝေးသု့ိ တက်ရောက်ရမည့် ဦးကျော်ငြိမ်းမှာ အင်္ဂလန်သို့ရောက်နေခဲ့သည်။ စောစံဖိုးသင်းမှာ ဧရာဝတီတိုင်းမှ အချိန်မီပြန်မရောက်ခဲ့ပေ။ ဆမားကြီးမှာလည်း အစည်းအဝေးသို့ နောက်ကျနေခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းမှာ အင်္ဂလန်မှပြန်ရောက်သောအခါ “သူငယ်ချင်း ငါမရှိလို့ မင်းခံရတယ်ကွာ”ဟုဆိုကာ ငိုခဲ့သည်။ စောစံဖိုးသင်းမှာလည်း ရန်ကုန်သို့ရောက်သောအခါ ဗိုလ်ချုပ်တို့၏ သွေးကွက်များကိုကြည့်ကာ ချုံးပွဲချငိုခဲ့သည်။ ဆမားကြီးမှာလည်း ဖခင်ကွယ်လွန်စဉ်ကပင် မငိုခဲ့သော်လည်း ဗိုလ်ချုပ်တို့ ကျဆုံးသည့်အခါချုံးပွဲချ ငိုကြွေးခဲ့လေသည်။ အိုင်စီအက်စ် ဦးချမ်းသာမှာလည်း ပျော်ဘွယ်ဦးမြကို တွေ့သည်နှင့် စိတ်မထိန်းနိုင်ဘဲ ငိုပွဲဆင်ခဲ့လေတော့သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်များသည် သေကံမရောက် သက်မပျောက် ကံကောင်းသူများဟုပင် ဆိုရမည်ဖြစ်ပေသည်။

ရည်ညွှန်း – စာရေးသူ၏ ဇူလိုင် ၁၉ မှတ်စုများ

LEAVE A REPLY

Please enter your comment!
Please enter your name here