တနိုင်းမြို့နယ်အတွက် ၂ နှစ်အတွင်း ကျောင်းပေါင်း ၂၀ လောက်ရအောင် တင်ပြခဲ့တယ်ဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးတနိုင်းဒေသ

1639

 

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အဆိုတင်တာတွေ၊ တပ်မတော်နဲ့ ကေအိုင်အေတို့အကြားတိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများစားဝတ်နေရေး အခက်တွေ့ရတာတွေ၊ ရှေ့ဆက် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ သိရှိနိုင်ဖို့ တနိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးနဲ့ တွေ့ဆုံစဉ်မေးမြန်းဖြစ်ခဲ့ပါတယ်။ အထက်ပါမေးခွန်းတွေနဲ့ပတ်သက်လို့ ဦးလင်းလင်းဦးရဲ့ ဖြေကြားချက်တွေကို မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးအတွက် အခုလို ဖော်ပြပေးလိုက်ပါတယ်။

မေး ။   ။ လက်ရှိ တနိုင်းဘက်မှာဖြစ်နေတဲ့ အခြေအနေလေးတွေ ပြောပြပါဦး။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတာ့ရော အဆိုတင်ဖို့ရှိလား။

ဖြေ ။    ။ လောလာဆယ်မှာတော့ ပြန်ငြိမ်နေတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အသံတော့ ပြန်မကြားရသေးဘူး။ လောလောဆယ်တော့ ဒီကိစ္စကို အဆိုတင်ဖို့ မရှိသေးပါဘူး။ နှစ်ဘက်တပ်တွေ တွေ့ဆုံပြီးတဲ့အခါမှာတော့ ပြန်ငြိမ်သွားတာတွေ ရှိတယ်လေ။ တနိုင်းပြည်သူတွေကတော့ နောက်ထပ်ပြန်ဖြစ်မှာကို စိုးရိမ်နေကြတာပေါ့။ နှစ်ဖက်ခေါင်းဆောင်တွေကတော့ တစ်စုံတစ်ခုတော့ ညှိနှိုင်းဆောင်ရွက်မယ်ထင်ပါတယ်။

 

မေး ။   ။ ဆရာအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့သက်တမ်းအတွင်း တနိုင်းမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တင်ခဲ့တဲ့အဆိုတွေ၊ မေးခဲ့တဲ့ကြယ်ပွင့်ပြ မေးခွန်းတွေ၊ ကြယ်ပွင့်မပြ မေးခွန်းတွေမှာ ပြည်ထောင်စုအစိုးရဘက်ကနေ ထူးထူးခြားခြား ပြန်ပြီး လုပ်ပေးခဲ့တာတွေရှိရင် သိချင်ပါတယ်။

ဖြေ ။    ။ တောင်းထားတဲ့ အရာတွေကတော့ အများကြီးရှိပါတယ်။ မေးထားတဲ့ အရာတွေကလည်း အများကြီးပါပဲ။ ဒီနှစ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့၂၀၁၇- ၁၈ အတွက် ကျောင်းတွေ ဆောက်လုပ်ပေးဖို့ မေးလိုက်တယ်ပေါ့နော်။ ၂၀၁၈ ဇွန်လရဲ့ဘတ်ဂျတ်မှာ အတည်မပြုရသေးပေမယ့် ကျောင်းဆောက်ဖို့တွေ တော်တော်များများပါလာတယ်။ ကျောင်းတွေ ၂၀ နီးပါးလောက် ဆောက်ဖို့အတွက် လုပ်လာတယ်။ အဲဒါလေးတော့ ထူးထူးခြားခြားပေါ့နော်။

 

မေး ။   ။ လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေ မေးတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကနေ ပြန်လုပ်ပေးတဲ့အပေါ် ဆရာ့အနေနဲ့ကျေနပ်အားရမှုရှိရဲ့လား။

ဖြေ ။    ။ မြို့အနေအထားနဲ့ ပြောရရင် တနိုင်းမြို့နယ်ဟာ သေးငယ်တဲ့ မြို့လေးတစ်ခုပါ။ လက်ရှိ အနေအထားနဲ့ ဘဏ္ဍာရေးဘတ်ဂျက်နဲ့ လုပ်ပေးတဲ့ အနေအထားမှာဆိုရင် ဒီမြို့နယ်အနေနဲ့တော့ အားရမှုရှိပါတယ်။ ဓါတ်အားလိုင်း ကိစ္စတွေမှာလည်း စွမ်းစွမ်းတမံလုပ်ပေးဖို့မြင်နေရတယ်။ ဒါကတော့ စီမံကိန်း ကိစ်္စတွေပေါ့။ စိတ်မကောင်းတာက ကျွန်တော့်မဲဆန်္ဒနယ်မှာ လက်နက်ကိုင်ပဋိပက်္ခတွေ ဖြစ်နေတဲ့အခါကျတော့ ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတယ်။ ဒီတစ်ချက်ကတော့ စိတ်မကောင်းစရာပါ။

 

မေး ။   ။ ရှေ့ဆက်ပြီးတော့ တနိုင်းဒေသအတွက် ဆရာအနေနဲ့ ဘယ်လိုအဆိုမျိုးတွေကို တင်ဖို့ လျာထားလဲ။

ဖြေ ။    ။ ကျွန်တော်တို့မှာက မေးခွန်းရှိတယ်။ အဆိုရှိတယ်။ ကြယ်ပွင့်ပြမေးခွန်းဆိုတာ လွှတ်တော်မှာ ထမေးထဖြေပေါ့။ ကြယ်ပွင့်မပြဆိုတောက စာနဲ့မေးပြီး စာနဲ့ ဖြေတာပေါ့။ အဆိုကတော့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုပေါ့။ အခု လောလောဆယ်မှာတော့ အဆိုနဲ့ပတ်သက်ပြီး တင်ဖို့တော့မရှိသေးပါဘူး။ အဆိုဆိုတာကလည်းဖြစ်ပေါ်လာတဲ့ အနေအထားပေါ်မှာမူတည်ပြီး လုပ်ရတာလေးတွေ ရှိတယ်လေ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လိုအပ်တဲ့မေးခွန်းတွေကိုတော့ မေးမြန်းသွားရမှာပေါ့။ သက်တမ်း နှစ်နှစ်အတွင်းမှာတော့ ကျွန်တော်မေးထားတာ မေးခွန်းပေါင်းတစ်ရာလောက် ရှိပါပြီ။

 

မေး ။   ။ တနိုင်းမှာ ဆန်တွေ၊စက်သုံးဆီတွေ ပြတ်လတ်နေတာ ကြာပြီပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေတင်ပြလို့ ဘာတွေ ထူးခြားလာတာရှိလဲ။

ဖြေ ။    ။ ဆန်တွေ၊ ဆီတွေကို ပိတ်လိုက်တာက ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းကပါ။ စပြီး စိစစ်တာကတော့ ၂၀၁၆ ဧပြီလကနေစပြီးတော့ စိစစ်တာ။ ကျွန်တော်တို့ ကိုယ်စားလှယ်ဆိုဒ်ကနေ လုပ်ခဲ့ကြတာတွေ တင်ပြခဲ့ကြတွေလည်း အဆင့်ဆင့်ပါပဲ။ သို့သော်လည်းပဲ တပ်မတော်ဘက်ကအကြောင်းပြတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအိုင်အို/ ကေအိုင်ကေကို ရိက္ခာ ထောက်ပံ့တယ်ဆိုတဲ့ အတွက်နဲ့ ကန့်သတ်တာပေါ့လေ။ ပိတ်လိုက်တဲ့အချိန်မှာ တော်တော်လေး ခက်ခဲသွားတယ်။ အခုထက်ထိလည်း ကန့်သတ်ထားတုန်းပဲ။ ပြည်သူတွေဘက်နေ ဆန်ပြတ်တယ်၊ ဆီပြတ်တယ်ဆိုပြီးတော့ ဆက်သွယ်လာတာတော့ မရှိသေးဘူး။ လွတ်လွတ်လပ်လပ်နဲ့ သယ်ဆောင်ခွင့်တော့ မရသေးဘူး။ အရင်တုန်းကလိုပဲ အကန့်အသတ်နဲ့ပဲ သယ်ခိုင်းတယ်။

 

မေး ။   ။ တနိုင်းဒေသမှာ တိုက်ပွဲတွေဖြစ်လို့ ပြေးလာတဲ့ စစ်ရှောင်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီပေးနေတာ တွေ့ရပါတယ်။ ဆရာတို့ ကိုယ်စားလှယ်တွေဘက်ကလည်း ဘယ်လိုကူညီဆောင်ရွက်ပေးတာမျိုးရှိသလဲ သိပါရစေ။

ဖြေ ။    ။ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ တိုက်ပွဲတွေလည်း တအားပြင်းထန်နေတဲ့ အချိန်ပေါ့။ စစ်ရှောင်တွေက ထွက်ချင်တဲ့အချိန်မှာ တပ်မတော်က နေရာယူထားတာတွေ ရှိတယ်။ ကျွန်တော့်ကို ဆက်သွယ်လာတဲ့အခါကျတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို ဖုန်းနဲ့ တင်ပြလိုက်တယ်။ တပ်ပိုင်းဆိုင်ရာကိစ်္စဆိုတော့ နယ်လုံဝန်ကြီးနေတစ်ဆင့် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူးကို ညှိနှိုင်းပေးမယ်လို့ ပြောတယ်။ ၂၈ ရက်နေ့ရောက်တော့ စစ်ရေးအခြေအနေကလည်း တော်တော်လေး ပြင်းထန်နေတဲ့အချိန် ဖြစ်နေတယ်။ ၂၉ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌကြီးကို စာရေးတင်ပြတာပေါ့။ စာတင်ပြီးနောက်ပိုင်းတော့ ပိတ်မိနေတဲ့ ပြည်သူတွေ တစ်သုတ်ပြီးတစ်သုတ် ထွက်လာတာပေါ့လေ။ ကျွန်တော်တို့က နေပြည်တော် ရောက်နေတဲ့အခါကျတော့ ပြည်နယ်အစိုးရနဲ့ လှမ်းချိတ်တယ်။ မြေပြင်မှာ ထိထိရောက်ရောက်လုပ်တာကတော့ ဋ္ဌာနဆိုင်ရာကပါ။

 

မေး ။   ။ ဒီလိုပဋိပက္ခတွေဖြစ်တဲ့နေရာမှာ နှစ်ဘက်တပ်တွေကြားကနေ အလုပ်လုပ်ရတာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ ။    ။ နှစ်ဘက်တပ်ကြားမှာ ကျွန်တော်တို့ ပြည်သူတွေက ကြားမညပ်အောင်လို့ နှစ်ဦးနှစ်ဖက်ကို အဆင်ပြေစေချင်ပါတယ်။ ဒါမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ လုပ်နိုင်မှာပါ။ ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ရကိုင်ရတာ ဘေးကျပ်နံကျပ်တော့ ဖြစ်တာပေါ့။ နှစ်ဖက်တပ်နဲ့တော့ အချိတ်အဆက်မရှိပေမယ့် ပြည်သူတွေကိုတော့ ကျွန်တော်တို့က တာဝန်ခံရတယ်။ နှစ်ဘက်တပ်ဖြစ်တော့ စားဝတ်နေရေးခက်ခဲရင် ကျွန်တော်တို့ ခေါင်းပေါ်ရောက်လာတာပေါ့။ အဲဒီလိုမျိုး အခက်အခဲတွေ ဖြစ်ရပါတယ်။

 

မေး ။   ။ တနိုင်းပြည်သူတွေကိုယ်စား ပြည်နယ်အစိုးရကို ဘာတွေ လုပ်ပေးစေချင်လဲ။ တနိုင်းဒေသအတွက် ပြည်နယ်အစိုးရကို ဘာတွေတောင်းဆိုချင်သလဲ။

ဖြေ ။    ။ ကျွန်တော်တို့ တနိုင်းက နယ်မြေတည်ငြိမ်အေးချမ်းဖို့က ပထမအရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကတော့ အဓိက တောင်းဆိုချင်ပါတယ်။ အဲဒီတစ်ချက်ရမှ စားဝတ်နေရေးလုပ်ငန်းခွင်တွေ အဆင်ပြေမှာ။ တနိုင်းဒေသအတွက် အခြေခံအကျဆုံးအချက်က ဒီအချက်ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here