ဗန်းမော်မြို့အဝင်အထွက်က စစ်ကောင်စီဂိတ်များတွင် ဆန်နှင့်ကုန်ပစ္စည်းသယ်ယူခွင့် တင်းကြပ်ထားခြင်းကြောင့် အနီးအနားရှိ ကျေးရွာဒေသခံများ အခက်ကြုံ

166
စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်အထွက်က စစ်ကောင်စီဂိတ်တွေမှာ ဆန်နဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တင်းကြပ်ထားတာကြောင့် ဗန်းမော်မြို့ကဆန်ကို အဓိကအားထားပြီး ဝယ်ယူစားသုံးနေကြရတဲ့ ကျေးရွာဒေသခံတွေ အခက်ကြုံနေကြရပါတယ်။
အဲဒီ စစ်ကောင်စီဂိတ်တွေကနေ စစ်ဆေးမှုတင်းကြပ်ပြီး ဆန်သယ်ယူခွင့်မပြုတာကြောင့် အရင်ချိန်တွေက ဝယ်ယူထားတဲ့ ဆန်တွေကိုသာ စားသုံးနေရပြီးတော့ အခုအချိန်ထိလည်း သယ်ယူခွင့်မပြုသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆန်သယ်ခွင့်မပြုတာ တစ်လကျော်ရှိလာပြီဖြစ်ပြီး လက်ကျန်ဆန်တွေလည်း ကုန်တော့မယ့် အနေအထားဖြစ်နေတယ်လို့ ဆန်အရောင်းဝယ်ပြုလုပ်တဲ့ စင်းခန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

“ဆန်တွေလည်း ကုန်သလောက်ဖြစ်နေပြီ။ အခုကလောလောဆယ် ဟန်ထက်မှာ ဝယ်ရောင်း နေလိုက်တာ။ ဗန်းမော်က ဝယ်လို့ရတယ်၊ သယ်လို့မရဘူး ဒီဆန်လေးစားပါဦးဆိုပြီးမှ ဟန်ထက်ကထွက်တဲ့ဆန်လေးကို စားခိုင်းရတယ်။ ဒီရွာကထွက်တဲ့စပါးတွေက သိပ်စားမကောင်းဘူး။ ဒီစပါးတွေကို ရောင်းပြီးမှ ဗန်းမော်က ဆန်ကိုဝယ်စားကြတာလေ။ ”လို့ ဒေသခံက ဆိုပါတယ်။

အခုလို စစ်ကောင်စီဂိတ်တွေကနေ သယ်ယူခွင့်မပြုတဲ့အတွက် ဆန်ဈေးတွေတက်သလို ရရာဆန်အမျိုးအစားကိုသာ ဝယ်စားနေရတယ်လို့လည်း နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့က အဲဒီဗန်းမော်ကပဲ ဝယ်စားတာ။ သူတို့သယ်လို့မရတော့ ဘယ်လိုလုပ်မလဲမသိဘူး။ ဈေးတော့ နည်းနည်းတက်နေတာပေါ့လေ။ရွာတွေကတော့ အများကြီးရှိတယ် ဒီလိုပဲ ဝယ်စားနေကြတာ။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အဲဒီ မြို့အဝင်အထွက်ဂိတ်တွေမှာ အရင်ချိန်တွေက အခက်အခဲမရှိဘဲ ဖြတ်သန်းခွင့်ရနေတာ ဖြစ်ပြီးတော့ အခုနောက်ပိုင်းမှသာ ကန့်သတ်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဗန်းမော်- မံစီလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ဆန်အိတ်တွေတင်ဆောင်လာတဲ့ ကားနှစ်စီးကို ဖြတ်သန်းခွင့်မပေးဘဲ ပြန်လှည့်ခိုင်းခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

စစ်ဆေးမှုတင်းကြပ်ပြီး ဖြတ်သန်းဖို့ခက်ခဲတဲ့ အဓိကဂိတ်တွေကတော့ ဗန်းမော် – မံစီလမ်းက ဖန်းခါးကုန်းဂိတ်နဲ့ ဗန်းမော် – မိုးမောက်လမ်းက ၅ မိုင် စီအင်ဂိတ်တွေဖြစ်ပြီး ဘယ်အကြောင်းကြောင့် ကန့်သတ်ပိတ်ပင်ထားတာလဲဆိုတာတော့ မသိရှိရသေးပါဘူး။

အလားတူ ကချင်ပြည်နယ်အတွင်းက ဒေသအချို့မှာလည်း ဆန်သယ်ယူတာကို ကန့်သတ်ထိန်းချုပ်မှုတွေရှိနေပြီး ဆော့လော်မြို့နယ်အတွင်း ဆန်တင်ပို့မှုကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ထိန်းချုပ်ထားပြီးတော့ ခွင့်ပြုချက်ရယူပြီးမှ သယ်ဆောင်ခွင့်ပြုတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here