KIO ဌာနချုပ် လိုင်ဇာမြို့အနီးက Je Yang စစ်ရှောင်စခန်းမီးလောင်၊ အိမ်ခြေ ၃၀ ထက်မနည်းဆုံးရှုံး

300
မတ်၊၁၉

ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ဂျယ်ယာန်(Je Yang)စစ်ရှောင်စခန်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်(၃၀)ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း(၃)နာရီခွဲလောက်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား(၂)စီးအပြင် အနီးအနားက ပြည်သူတွေစုပေါင်းပြီး နာရီဝက်လောက်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြတယ်လို့ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အကုန် ဝိုင်းငြှိမ်းကြတယ်။ မီးသတ်ကားရော လာခဲ့တယ်။ အခုက အကုန်ငြိမ်းပြီ။ ပစ္စည်းတွေဆို ဘာမှမရလိုက်ကြဘူး။ ပါသွားတာကတော့ (၃၀)ကျော်လောက် (၅၀)အောက်တော့ ဖြစ်မယ်” လို့ သူက ပြောပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ မီးစလောင်လာတာဟာ လူငယ်တစ်ဦး ဟင်းချက်ရင်းကနေ မတော်တဆ လောင်ကျွမ်းတာလို့ သိရပြီး တစ်အိမ်နဲ့တစ်အိမ် နီးကပ်တာကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မီးလောင်မှု ဖြစ်ခဲ့တဲ့ အပိုင်းဟာ စခန်းရဲ့ အပိုင်း(B)တောင်ခြေရင်းဘက်မှာ ဖြစ်ပြီး အဲဒီဘက်အပိုင်းမှာ အိမ်ခြေ(၁၀၀)ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဂျယ်ယာန် စစ်ရှောင်စခန်းဟာ အပိုင်း (၁၁) ခုအထိရှိပြီး အိမ်ခြေထောင်ကျော်လောက်ရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပါတယ်။

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေကို စာသင်ကျောင်းဆောင်တွေမှာ နေရာချပေးသွားမယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here