ဘူတန်နိုင်ငံ၌ ကျင်းပမည့် Mrs Elite Global2020 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲသို့ ကချင်ပြည်နယ်သူ ဖိတ်ခေါ်ခြင်းခံရ

1536

မြစ်ကြီးနား၊ နိုဝင်ဘာ၂၆

လာမည့် ၂၀၂၀ ခုနှစ်တွင် ဘူတန်နိုင်ငံ၌ ကျင်းပမည့် Mrs Elite Global2020 အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သူ အသက်(၅၅)နှစ်အရွယ် ဒေါ်နီနီအောင်မှ သွားရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရကြောင်း သိရသည်။

စက်တင်ဘာလ (၂၅)ရက်နေ့က စင်္ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် Mrs Singapolitan Worldwide 2019/2020 ပြိုင်ပွဲကြီးတွင် ဆုကြီးတစ်ခုဖြစ်သည့် Mrs Elite Singapolitan Nations Winner ဆုကြီးကို ရရှိခဲ့ပြီး ဘူတန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် ထပ်မံဖိတ်ကြားခံရခြင်းဖြစ်ကြောင်း အိမ်ထောင်ရှင် အလှမယ် ဒေါ်နီနီအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“စင်္ကာပူမှာ ပြိုင်တုန်းက ဘူတန်နိုင်ငံက Nation Director တစ်ဦးက အန်တီရဲ့ အရည်အချင်းကို တွေ့ပြီး သဘောကျလို့ သူတို့နိုင်ငံပြိုင်ပွဲမှာ လာပြိုင်ဖို့ ဖိတ်တာပေါ့။ အဲ့ဒီနိုင်ငံက လူတိုင်းဝင်ဖို့ မလွယ်တဲ့အခါကျတော့ အရမ်းစိတ် လှုပ်ရှားတယ်”ဟု ၎င်းက ဆိုသည်။

သူမ သွားရောက်လိုသည့် နိုင်ငံတစ်ခုက ဖိတ်ခေါ်ခံရခြင်းကြောင့် အခွင့်ကောင်းတစ်ခုအတွက် ဝမ်းသာမိကြောင်းနှင့် ကိုယ်တိုင်သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများအတွက် လိုအပ်သည်များကို Grandness Universe Myanmar Beauty Pageant co, L.td နှင့် ပူးပေါင်းကာ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိပါတယ်။ အင်္ဂလိပ်စာ အားနည်းတဲ့ အပိုင်းတော့ရှိတယ်။ ဒါပေမဲ့ Grandness Universe Myanmar Beauty Pageant co, L.td နဲ့လည်း ပူးပေါင်းပြီး အကောင်းဆုံး လုပ်သွားဖို့တော့ စဉ်းစားထားပါတယ်”ဟု ဒေါ်နီနီအောင်က ဆိုသည်။

ဘူတန်နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရာတွင် အဓိကအားဖြင့် မြန်မာ့ယဉ်ကျေးမှုဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အရာများ၊ ပင်ကိုယ်စွမ်းရည် ပြသရာတွင်လီဆူရိုးရာအကကို ကပြီး အကောင်းဆုံး ကြိုးစားပြသရန်စီစဉ်ထားကြောင်းလည်း သိရသည်။

Grandness Universe Myanmar Beauty Pageant co, L.td တည်ထောင်သူ ကိုသက်ပိုင်ထူးကလည်း “နိုင်ငံခြားသွားမှာကအစ၊ စကားပြန်၊ Nation Costume ၊ ညနေခင်းဝတ်စုံတွေ အကုန်လိုက်လုပ်ပေးရတယ်။ Talent ပိုင်းရော သူဘာတွေပြင်ဆင်မလဲ၊ လိုအပ်တဲ့ဘက်ကနေ ကူညီပေးသွားမယ်။ အောက်ခြေသိမ်းကအစ အကုန်လုပ်ပေးမယ်။ မျက်နှာမငယ်အောင် လိုလေသေး မရှိအောင် အကုန်လုပ်ပေးမယ်”ဟု ဆိုသည်။

အိမ်ထောင်ရှင် အလှမယ် ဒေါ်နီနီအောင်သည် Mrs Elite Singapolitan Nations Winner, Mrs. Queen of the World Myanmar, Classic Kachin State 2018, Mrs. Elite Queen of the World Myanmar2018, Mrs. Internations South East Asia2018/2019 Title ဆု၊ အိုလံပစ်မယ် ၂၀၁၈ နှင့် အခြား Title ဆုများကိုပါ ရရှိထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here