သားသမီးများ၏ အနာဂတ်ကို ရွေးချယ်ခြင်း

1484

ပထမတန်းမှ နဝမတန်းအထိ ကျောင်းသားများ၏ နှစ်ဆုံး အတန်းတင်စာမေးပွဲ ဖြေဆိုမှုများ ပြီးဆုံးခဲ့ပါပြီ။ မြစ်ကြီးနားမြို့ပေါ်မှ လူသွားလူလာများသော လမ်းဆုံလမ်းခွများတွင်လည်း ပုဂ္ဂလိက ပညာသင်ကြားရေးဌာနများ၏ သစ်လွင်သော ကြောငြာဆိုင်းဘုတ်များကို အပြိုင်အဆိုင်တွေ့လာရသည်။

လမ်းဆုံတစ်ခုလျင် အနည်းဆုံး ဆယ်ခုမှ အခုနှစ်ဆယ်အထိရှိပြီး တစ်မြို့လုံးအတိုင်းအတာဆိုလျင် ပုဂ္ဂလိကသင်ကြားရေးဌာနပေါင်း တစ်ရာကျော်ရှိသည်။

အစိုးရစာသင်ကျောင်းများတွင် ဆရာနှင့် ကျောင်းသားအချိုးမမျှတမှု၊ စာသင်ကျောင်းများမှ သင်ကြားသည့် စာအပြင် ကျူရှင်ထပ်ဆောင်း သင်ယူရမှကျေနပ်သည့် ကျောင်းသားနှင့်မိဘများ၏ စိုးရိမ်မှု၊ အတန်းတစ်တန်းတွင် နှစ်နှစ်ဆက်တိုက်ကျရှုံးလျင် ကျောင်းဆက်တက်ခွင့် မရသည့် အစိုးရကျောင်းများ၏ ကန့်သတ်မှုတို့က ကချင်ပြည်နယ်နှင့် ဒေသအတော်များများမှ ပုဂ်္ဂလိက သင်ကြားရေးဌာနများကို အလုပ်ဖြစ်နေစေခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်တွင် ရာနှင့်ချီ၍ရှိသော ထိုသင်ကြားရေးဌာနများအနက်မှ တစ်နေရာရာတွင် မိမိတို့ သားသမီးများကို အပ်နှံတော့မည်ဆိုလျင် အချိန်ယူလေ့လာပြီးမှ အပ်နှံကြရန် ကျောင်းသားမိဘ ပြည်သူများအား မြစ်ကြီးနားသတင်းဂျာနယ်က အကြံပြုလိုသည်။ မိမိတို့အရွေးမှား၍ မျှော်လင့်သလိုဖြစ်မလာခဲ့လျင် သားသမီးတို့၏ အချိန်ကို ဖြုန်းတီးရာကျသည့်အပြင် မိမိတို့၏ ချွေးနည်းစာများကို ဖြုန်းတီးရာလည်းကျနိုင်ပါသည်။

မိဘများအနေဖြင့် ကျောင်းရွေးချယ်ခြင်းသည် သားသမီးများ၏ အနာဂတ်ကို ရွေးချယ်ပေးခြင်းဖြစ်သဖြင့် ထိုကျောင်းများအနက်မှ တစ်နေရာရာတွင် တစ်နှစ်ပတ်လုံးအတွက် အပ်နှံရတော့မည်ဆိုလျင် ကျောင်း၏ အကြောင်းကို ခရေစေ့တွင်းကျ သိအောင်စူးစမ်းဖို့လိုအပ်ပါမည်။ ကျောင်းမှဆရာ၊ ဆရာမတို့၏ စိတ်နေသဘောထား၊ ပြင်ပမှလာရောက် သင်ပြသူများ၏ အခြေအနေ၊ ညအချိန်အနီးကပ် စောင့်ကြပ်ပေးသည့်  များအခြေအနေတို့ကို လေ့လာရန်လိုအပ်သလို ကျောင်း၏ သန့်ရှင်းသပ်ရပ်မှု၊ နေ့စဉ်ကျွေးမွေးမှု ကောင်းမကောင်း၊ ရေချိုးခန်း၊ အိမ်သာအလုံအလောက်ရှိမရှိ စသည်တို့ကိုလည်း သိရှိထားဖို့ လိုအပ်ပါမည်။

ကျောင်းတက်ရင်း သမီးရည်းစားဖြစ်ပြီး ခိုးရာလိုက်ပြေးသွားသည့် ကျောင်းသူလေးတို့၏ ဇာတ်လမ်း၊ ကျောင်းသားနှင့်ညဂိုက်ဆရာမလေးတို့၏ ဇာတ်လမ်းများ၊ စာသင်ခန်းတွင် ဆရာနှင့် ကလူ၏သို့ မြူ၏သို့ လုပ်ရင်း စာမေးပွဲကျခဲ့ရသည့် ကျောင်းသူလေးတို့၏ ဇာတ်လမ်းများရှိခဲ့၍ ကျောင်းများ၏ အစဉ်အလာကို သေချာလေ့လာစေလိုခြင်း ဖြစ်ပါသည်။

ထို့အပြင် ကြော်ငြာများတွင် မိမိတို့ကျောင်းမှ ဘာသာစုံဂုဏ်ထူးရှင် ဘယ်နှယောက်မွေးထုတ်ခဲ့ကြောင်း တွေ့လျင်လည်း မျက်စိမှိတ်မယုံကြည်စေလိုပါ။ တချို့ဘာသာစုံဂုဏ်ထူးရှင်များသည် ထိုကျောင်းတွင် ဘာသာစုံ သင်ယူခဲ့သူများမဟုတ်ဘဲ ကျောင်းပိုင်၏ အကူအညီတောင်းခံမှုကြောင့် တစ်ဘာသာခန့် အခမဲ့သွားအတက်ပြရာမှ ဘာသာစုံကြော်ငြာမင်းသမီး ဖြစ်နေသူများ ပါဝင်နေ၍ဖြစ်သည်။

အပြောကောင်းသော ကြော်ငြာများထက် ထိုကျောင်းများကို အကောင်းပြောသော ကျောင်းသားဟောင်းများက မိဘများ၏ရွေးချယ်မှုကို ညွှန်ပြမည့် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။

မစူးစမ်းဘဲ အပ်နှံလိုက်ပြီး နှစ်ဝက်ခန့်ရောက်မှ မိမိတို့သားသမီးများ စိတ်မပျော်လျင် မိဘများလည်း စိတ်ပျော်မည်မဟုတ်ပါ။ ကျောင်းသားများအနေဖြင့်လည်း ကုန်ဆုံးသွားသည့် မိမိတို့အချိန်နှင့် မိဘတို့ငွေများကို ငဲ့ကွက်ရင်း မပျော်ပိုက်သည့်နေရာတွင် ကြိတ်မှိတ်နေရသည့်အဖြစ်မျိုးလည်း မကြုံစေလိုပါ။ မြစ်ကြီးနားဂျာနယ်က ဘယ်ကျောင်းကကောင်း၍ ဘယ်ကျောင်းမကောင်းပါဟု ပြောလိုရင်းမဟုတ်ပါ။ သတင်းကျင့်ဝတ်အရ ပြောခွင့်လည်း မရှိပါ။ သတင်းနှင့်အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်၍ မိမိတို့ရရှိသည့် သတင်းအချက်အလက်များကို အခြေခံကာ ပြည်သူတို့၏ အချိန်နှင့်ငွေများ အလေအလွင့်မဖြစ်အောင် မေတ်္တာဖြင့်ဝေမျှခြင်းသာဖြစ်ကြောင်း ဂရုပြုစေလိုပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here