ငွေကျပ်နှစ်ထောင်နဲ့ ဘ၀ကိုအစပြုပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသူ

2686
ဦးအားဖူ

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေနေတွေ၊ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အကြောင်းတွေ၊ ငြိမ်းချမ်းရေးကြောင့် စီးပွားရေးအပါ် ထိခိုက်မှုတွေကို သိရှိနိုင်ဖို့ ပြည်နယ်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးအားဖူနဲ့ တွေ့ဆုံမေးမြန်းထားခဲ့တာတွေကို မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိတ်သတ်ကြီးအတွက် အခုလို ဖော်ပြပေးလိုက်ပါတယ်။ ဦးအားဖူဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး သူဟာ အသက် ၂၀ လောက်ကတည်းက စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်က သူ့ရဲ့လက်ထဲမှာ ပိုက်ဆံ နှစ်ထောင်ပဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ဦးအားဖူ အလုပ်လုပ်ကိုင်စက ၂၁၈ မိုင်ဝေးတဲ့ မြစ်ကြီးနား-ပူတာအိုခရီးစဉ်မှာ အထမ်းသမားအဖြစ်နဲ့ ဘ၀စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖားကန့်မြို့မှာ ရေမဆေးကျောက်ရှာတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ရေမဆေးကျောက် ရှာရာကနေ ကျောက်မရလို့ ကျောက်ပွဲစားအဖြစ် လုပ်ကိုင်ရင်း ပိုက်ဆံစုပြီး အသက် ၃၇ နှစ်လောက် အရောက်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ သူဟာ Top Star Light ရေသန့်စက်ရုံကို ထောင်ထားတဲ့အပြင် ကျောက်စိမ်း၊ ပယင်း စတဲ့အလုပ်ကို လုပ်ကိုင်ရင်း ကချင်ပြည်နယ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်စာရင်းထဲကို ပါဝင်နေပြီဖြစ်ပါတယ်။ ဒီလို အောင်မြင်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အပြင် ဦးအားဖူဟာ လီဆူရိုးရာစာပေနဲ့ ယဉ်ကျေးမှုဗဟိုကော်မတီရဲ့ ဥက်္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

မေး။    ။ပထမဦးဆုံးအနေနဲ့ ကချင်ပြည်နယ်ရဲ့ လက်ရှိစီးပွားရေး အခြေအနေကိုပြောပြပေးပါ။

ဖြေ ။    ။ အခုလက်ရှိ ကျွန်တော်တို့ ကချင်ပြည်နယ်က စီးပွားရေးအခြေအနေကို ပြောရမယ်ဆိုလို့ရှိရင် မငြိမ်းချမ်းတဲ့အတွက် ပြည်သူတွေအားလုံး ဒုက်္ခရောက်နေကြတယ်။ ကချင်ပြည်နယ်မှာတင် မဟုတ်ပါဘူး။ မြန်မာပြည် တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံး ဒုက္ခရောက်နေကြတယ်။ စစ်ဒဏ်ကိုခံရတဲ့ ဒီကချင်ပြည်နယ်မှာကတော့ စီးပွားရေးမှာ အဘက်ဘက်က ချွတ်ခြုံကျနေတာပေါ့။

 

မေး ။   ။ ဒီလိုစီးပွားရေးတွေ ချွတ်ခြုံကျလို့ ပြည်နယ်တွေမှာ ဘယ်လောက်ထိ အခက်အခဲဖြစ်နေရလဲဆိုတာ ပြောပြပေးပါ။

ဖြေ။     ။ကချင်ပြည်နယ် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ဒီမှာ စစ်ရှောင်စခန်းဆိုပြီးမှ ရှိနေကြတယ်။ ဒီစစ်ရှောင်စခန်းမှာနေတဲ့သူပဲ စစ်ပြေးဖြစ်နေကြတာ မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ရှိနေတဲ့ လူထုအားလုံးက စစ်ရှောင်ဖြစ်နေရတာပါ။ ကချင်ပြည်နယ်သူ/သားတွေက ဘာစီးပွားရေးကို အခြေခံသလဲဆိုရင် စိုက်ပျိုးရေးကို အခြေခံတယ်။ နောက်ပြီး သယံဇာတကို အခြေခံပြီး လုပ်စားကြတယ်။ ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ သစ်၊ ကြိမ် ဒီလုပ်ငန်းတွေကို ပြည်သူ ၈၀ ရာခိုင်နှုန်းက မှီခိုပြီး လုပ်ကိုင်ကြတယ်။ မငြိမ်းချမ်းတဲ့ဒေသတွေမှာ မိုင်းတွေ ထောင်ထားတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ပြည်သူလူထုက ဘယ်မှသွားလို့မရဘူး။ အဲဒီတော့ စားဝတ်နေရေးက အရမ်းခက်ခဲတယ်။ ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ ရှာဖို့လိုမယ်။

 

မေး။ ။စီးပွားရေးလုပ်ကိုင်ရတဲ့နေရာမှာ လက်ရှိ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆရာ။

ဖြေ။     ။အခက်တွေကတော့ အများကြီးပါပဲ။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ အဓိကက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး ဒါတွေဟာတကယ်ကို အရေးကြီးတယ်လို့ ကျွန်တော်မြင်တာပေါ့။ ကချင်ပြည်နယ်အစိုးရနေနဲ့တော့ လက်ရှိအနေအထားမှာ လမ်းတွေ၊ တံတားတွေကို ယခင်အစိုးရအဆက်ဆက် မလုပ်တဲ့အရာတွေကို လုပ်နေတာ တွေ့ရတယ်။ ဒါကို ကျေးဇူးတင်ပါတယ်။ မဖြစ်မနေ လိုအပ်တာကတော့ လျှပ်စစ်ကဏ္ဍပဲ။ ဥပမာ- ကျွန်တော်ဆို ရေသန့်လုပ်ငန်း လုပ်နေတယ်။ လျှပ်စစ်မီးကိုမှီပြီး လုပ်နေရတယ်။ ဒီမှာတော့ အဓိကကတော့ ဘူးဂါးကနေ တာဝန်ယူဖြန့်ဝေနေတယ်။ မီးက မှန်သလားဆိုရင် မမှန်ဘူး။ မနက်လာလိုက် ညပျက်လိုက် နေ့ပျက်လိုက်နဲ့။ မီးကိုအားကိုးပြီး လုပ်နေရတဲ့အချိန်မှာ အရမ်းကိုအခက်အခဲဖြစ်တယ်။ ဒါကြောင့် ကချင်ပြည်နယ်အစိုးရ အနေနဲ့ရော မြန်မာနိုင်ငံအစိုးရအနေနဲ့ရော ဒီလျှပ်စစ်မီးကို အဓိကဦးစားပေးပြီး ဆောင်ရွက်စေချင်တယ်။ ဘယ်လိုနည်းနဲ့ပဲရရ ကြိုးစားပြီး လုပ်ပေးစေချင်ပါတယ်။ မြို့တွင်းဧရိယာလောက်ပဲ လျှပ်စစ်မီးရနိုင်တယ်။ ကျေးလက်ဒေသတွေမှာ မရနိုင်ဘူး။ ဖယောင်းတိုင်မီး ထွန်းနေရတဲ့သူတွေ ရှိတယ်။ လျှပ်စစ်မီးရမှ ကချင်ပြည်နယ်က ဖွံဖြိုးတိုးတက်လာမယ်လို့ ကျွန်တော်မြင်တယ်။

 

မေး ။   ။ ၂၀၁၁ မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ကြတယ်။ အဲဒီနောက်ပိုင်းက စီးပွားရေးလုပ်ကိုင်ရတဲ့ အခြေအနေနဲ့ စစ်မဖြစ်ခင်က စီးပွားရေးလုပ်ကိုင်ရတဲ့ အခြေအနေကိုနှိုင်းယှဉ်ပြီး ပြောပြပေးပါဦး။

ဖြေ ။    ။အရင်တုန်းက နယ်မြေငြိမ်းချမ်းတဲ့အချိန်မှာ ကျွန်တော်တို့အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ် ရပ်တာ ၁၆ နှစ်လောက် ကြာခဲ့တာပေါ့လေ။ အဲဒီအချိန်က စီးပွားရေးလုပ်တဲ့အချိန်မှာ အဘက်ဘက်ကလွတ်လပ်တယ်။ အရင်တုန်းက ကျွန်တော်တို့လည်း သဘာဝသယံဇာတကို အားကိုခဲ့ရတယ်။ လွတ်လွတ်လပ်လပ်နဲ့ပဲ သွားလာ လုပ်ကိုင်လို့ရတယ်။ အခုနောက်ပိုင်းမှာတော့ ဘယ်သွားသွား အသက်အန္တရာယ်စိုးရိမ်ရတယ်။ မငြိမ်းချမ်းတဲ့အတွက် လူမှုရေး၊ စီးပွားရေး၊ အကုန်လုံးက တောက်လျှောက်ကျသွားတယ်။

 

မေး။    ။သဘာဝသယံဇာကို မှီခိုပြီးတော့ တိုင်းရင်းသားတွေအများဆုံး စီးပွားရှာကြတယ်လို့ ဆရာပြောတယ်ပေါ့နော်။ အဲဒီအပြင် ဒီသဘာဝသယံဇာတကိုမမှီခိုဘဲနဲ့ ကချင်ပြည်နယ် စီးပွားရေးတိုးတက်ဖို့ တခြားဘယ်လိုစီးပွားရေးတွေကိုလုပ်ရင် ရနိုင်မလဲဆိုတာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ပြောပြပေးပါဦး။

ဖြေ။     ။ကချင်ပြည်နယ်အနေနဲ့ပြောရရင် ဒီပြည်နယ်က သဘာဝသယံဇာတ အတော်ကိုပေါတဲ့နယ် ဖြစ်တယ်။ တကယ်သာ စနစ်ကောင်းခဲ့ရင် ပြည်နယ်သူ/သားတွေ ဘာမှ မလုပ်ဘဲနဲ့တောင် စားလို့ရတယ်။ ဆက်သွယ်ရေးဆိုရင်လည်း တရုတ်ပြည်၊ အိနိ္ဒယကို ဖြတ်မယ်ဆိုရင် ကချင်ပြည်ကဖြတ်ရတယ်။ ကချင်ပြည်နယ်မှာ မထွက်တာ ဘာမှမရှိဘူး။ အကုန်ထွက်တယ်။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ဒါတွေက ကုန်ဆုံးသွားမှာပါ။ ဒီထက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရတဲ့နည်းလမ်းက နိုင်ငံတော်အစိုးရအနေနဲ့ စက်မှုဇုံတွေထောင်ပေးဖို့လိုတယ်။ ဇုံကြီးတွေ ထောင်ပေးမယ်ဆိုရင် ပြည်သူလူထု ၁၅ သိန်းလောက်ကတော့ အလုပ်လက်မဲ့လည်း မဖြစ်တော့ဘူး။ တခြားနိုင်ငံတွေမှာလည်း သဘာဝသယံဇာတကို မှီခိုပြီး စားနေတဲ့သူတွေ မရှိဘူး။ လူသားအရင်းအမြစ်ကိုအခြေခံပြီးတော့ ကြီးပွားချမ်းသာကြတယ်။ ဘယ်အစိုးရပဲတက်လာလာ အစိုးရ တက်လာပြီဆိုရင် ပြည်သူလူထုကောင်းကောင်းမွန်မွန် နေနိုင်စားနိုင်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ အဓိက စဉ်းစားပေးသင့်တယ်။

 

မေး။    ။ကချင်ပြည်နယ်မှာ အခြေခံ လူတန်းစားတွေကို ကြည့်ရင် လက်ထဲပိုက်ဆံအပိုငွေဆိုတာ မရှိကြဘူး။ ဒီလိုပဲ ရုန်းကန်နေရတယ်။ ဒါတွေကို ဘယ်လို ထိန်းချုပ်မလဲ။ ဒီလိုဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲတွေက ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။     ။တစ်အချက်ကဆင်းရဲတာပေါ့။ ပြီးလို့ရှိရင် နှစ်အချက်က ၀င်ငွေထွက်ငွေ မမျှလို့။ သဘောက အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် နေ့စဉ်စားဖို့သောက်ဖို့ လိုမယ်။ ကျန်းမာရေးစရိတ်ကအစ နေ့တိုင်းလိုတယ်။ ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုရင် နေ့စဉ်ဝင်ငွေရအောင် လုပ်ပေးဖို့လိုတယ်။ တတ်နိုင်တဲ့သူကတော့ အရင်းအနှီးထောင်ပြီး ဈေးရောင်းကြတယ်။ ဘာမှမလုပ်ဘဲနဲ့ ရှိတာ ထိုင်စားနေတဲ့သူကတော့ အရမ်းသိသာတယ်။ ကျွန်တော်ဆို အရင်က ကျောက်လုပ်တာ။ ကျောက်မရရင် အဲဒီအချိန်တွေမှာ ရှိတဲ့ပိုက်ဆံကို သုံးရတယ်။ ၀င်ငွေမရှိဘူး။ အခု တစ်လကို ဘယ်လောက်ဆိုပြီး ပုံမှန်ဝင်ငွေလေးရတဲ့ အလုပ်ရှိလာတော့ မိသားစုကို လှည့်ကြည့်စရာ မလိုတော့ဘူး။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ လူတိုင်းအလုပ်လုပ်ရမှာ ဖြစ်သလို အစိုးရအနေနဲ့လည်း ပံ့ပိုးရမယ်။ ဥပမာ ငွေထုတ်ချေးပေးတာမျိုးပေါ့။ ချေးတယ်ဆိုတဲ့နေရာမှာလည်း မိသားစုအဆင်ပြေအောင် ထိထိရောက်ရောက် ချေးပေးဖို့ လိုတယ်။

 

မေး။ ။ပြည်နယ်စီးပွားရေးကဏ္ဍတွေမှာ လက်ရှိအစိုးရအနေနဲ့ ဘယ်လောက်အထိ ပါဝင်လုပ်ကိုင်ပေးနေတယ်လို့ ထင်ပါသလဲ။

ဖြေ။     ။အစိုးရအနေနဲ့လည်း လုပ်ချင်မှာပဲလေ။ မငြိမ်းချမ်းလို့ လုပ်လို့မရတဲ့ အပိုင်းတွေလည်း ရှိမှာပေါ့။ ဒီတော့ ငြိမ်းချမ်းရေးရဖို့ အားလုံးမှာတာဝန်ရှိတယ်။ ဒါမှ စီးပွားရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့ ကောင်းကောင်းစီမံပြီးမှ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုတာ ခွဲပြောလို့မရဘူး။ မငြိမ်းချမ်းသရွှေ့ကတော့ ဘာစီးပွားရေးမှ အကောင်အထည်ဖော်လို့ရမှာ မဟုတ်ပါဘူး။

 

မေး ။   ။ ကချင်ပြည်နယ်မှာ အလုပ်လက်မဲ့တွေ များနေရတာက ဘာကြောင့်လဲဆိုတာ ဆရာ့အမြင်လေး ပြောပြပေးပါဦး။

ဖြေ။     ။ဒီပြည်နယ်မှာက ပညာတတ် အရမ်းနည်းတယ်။ နည်းပညာလည်း မရှိဘူး။တိုင်းရင်းသားတွေရဲ့ ပင်ကိုယ်စိတ်ကလည်း တပည့်ခံချင်တဲ့စိတ်အရမ်းနည်းတယ်။ ဆရာလုပ်ချင်တဲ့စိတ်ပဲ ရှိတယ်။ ဘာမှ မတတ်တာတောင် ဆရာလုပ်ရင် မကြိုက်ဘူး။ ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်သွားလုပ်မယ်ထားပါတော့။ ကိုယ်တိုင်က ဘာမှမတတ်ဘူး။ တစ်လဘယ်လောက်ပေးမလဲဆိုပြီး တောင်းတယ်။ လစာ အရင်မေးတယ်။ ဒီပညာကို တတ်အောင် အရင်သင်မယ်ဆိုတဲ့စိတ် ကျွန်တော်တို့ တိုင်းရင်းသားအများစုဆီမှာ မရှိကြဘူး။

 

မေး။    ။ဆရာ့အနေနဲ့ဘာများ ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။     ။အထက်ကကျွန်တော်ပြောခဲ့သလိုပါပဲ။ လက်ရှိစီးပွားရေး ချောင်လည်ချင်တယ်ဆိုရင် မဖြစ်မနေ လျှပ်စစ်မီးကို အဓိကထားလုပ်ပါလို့ ပြောချင်ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးရဖို့ ၀ိုင်းပြီးဆုတောင်းကြပါလို့ ပြောချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here